ကိုရီးယား လွှတ်တော်အမတ် အီယုန်ဆွန်းနှင့် NUG ကိုယ်စားလှယ် မြန်မာ့နိုင်ငံရေးအကြောင်း ဆွေးနွေး…
ဖေဖော်ဝါရီ ၁၅၊ ၂၀၂၅
အမျိုးသားညီညွတ်ရေးအစိုးရ၊ တောင်ကိုရီးယားနိုင်ငံဆိုင်ရာ မြန်မာကိုယ်စားလှယ် ဦးရန်နိုင်ထွန်းနဲ့ အဖွဲ့ဝင်တွေဟာ တောင်ကိုရီးယားလွှတ်တော် နိုင်ငံခြားရေးရာကော်မတီဥက္ကဋ္ဌ အီယုန်ဆွန်းနဲ့ ဒီနေ့မှာ တွေ့ဆုံပြီး မြန်မာ့နိုင်ငံရေးနဲ့ ပတ်သက်လို့ ကျယ်ကျယ်ပြန့်ပြန့် ဆွေးနွေးခဲ့တယ်လို့ သိရပါတယ်။
လွှတ်တော်အမတ် အီယုန်ဆွန်းက တောင်ကိုရီးယားနိုင်ငံမှာ မကြာခင်ကာလအတွင်း နိုင်ငံရေးအပြောင်းအလဲတွေ ပေါ်လာမှာဖြစ်ပြီး မြန်မာနိုင်ငံမှာလည်း အခုနှစ်အတွင်း နိုင်ငံရေး အပြောင်းအလဲတွေ ပေါ်လာမယ်လို့ ယုံကြည်ကြောင်း ပြောဆိုခဲ့ပါတယ်။
ဒါ့အပြင် ကိုရီးယားလွှတ်တော်အမတ်က ကိုရီးယား – မြန်မာ ဒီမိုကရေစီတည်ဆောက်ရေးတွေမှာ လက်တွဲဆောင်ရွက်သွားမယ့်အကြောင်း ပြောကြားခဲ့တယ်လို့ သိရပါတယ်။
NUG ကိုယ်စားလှယ် ဦးရန်နိုင်ထွန်းကလည်း မြန်မာပြည် လက်ရှိအခြေအနေကို အကျဉ်းချုပ် ရှင်းပြပြီး တောင်ကိုရီးယားနေ မြန်မာနိုင်ငံသားတွေ ကြုံတွေ့နေရတဲ့ အခက်အခဲတွေကို ပြည့်ပြည့်စုံစုံ ရှင်းလင်းတင်ပြခဲ့တယ်လို့ ဆိုပါတယ်။
လွှတ်တော်အမတ် အီယုန်ဆွန်းဟာ နွေဦးတော်လှန်ရေး စကတည်းက မြန်မာ့တော်လှန်ရေးကို အားပေးထောက်ခံခဲ့သူ ဒီမိုကရက်တစ်ပါတီက ဝါရင့်နိုင်ငံရေးသမားတစ်ယောက် ဖြစ်တယ်လို့ သိရပါတယ်။
အဲ့ဒီဆွေးနွေးပွဲကို လွှတ်တော်အမတ်ရဲ့ အတွင်းရေးမှူး မွန်းယိုဆေ့ဗ်၊ ကိုယ်စားလှယ်ရုံးက ဦးစိုးမိုးသူနဲ့ ဦးဝင်းပေါ်မောင်၊ စစ်အာဏာသိမ်းမှုဆန့်ကျင်ရေးကော်မတီ ပူးတွဲဥက္ကဋ္ဌ ဒေါ်ကေသွယ်အောင်တို့လည်း ပါဝင်ဆွေးနွေးခဲ့တယ်လို့ သိရပါတယ်။