တရုတ်လက်ထောက် လုံခြုံရေးဝန်ကြီး နေပြည်တော်တွင် စစ်ကောင်စီနှင့်တွေ့ဆုံပြီး အွန်လိုင်းငွေလိမ်လည်မှုများကို နှိမ်နင်းရေး ဆွေးနွေး၊ ရွှေက္ကိုလ်မှ BGF က ခေါ်ဆောင်လာသော လူကုန်ကူးခံရသည့် တရုတ် ၂၀၀ ဦးကို စစ်ကောင်စီက စိစစ် 🟥 ရွှေက္ကိုလ်တွင် ဒုတိယနေ့အဖြစ် BGF က လူကုန်ကူးခံရသူများကို ဆက်လက်ရှာဖွေနေ

by

in

တရုတ်လက်ထောက် လုံခြုံရေးဝန်ကြီး နေပြည်တော်တွင် စစ်ကောင်စီနှင့်တွေ့ဆုံပြီး အွန်လိုင်းငွေလိမ်လည်မှုများကို နှိမ်နင်းရေး ဆွေးနွေး၊ ရွှေက္ကိုလ်မှ BGF က ခေါ်ဆောင်လာသော လူကုန်ကူးခံရသည့် တရုတ် ၂၀၀ ဦးကို စစ်ကောင်စီက စိစစ်
🟥 ရွှေက္ကိုလ်တွင် ဒုတိယနေ့အဖြစ် BGF က လူကုန်ကူးခံရသူများကို ဆက်လက်ရှာဖွေနေ
ရန်ကုန်၊ ဖေဖော်ဝါရီ ၁၅

တရုတ်လက်ထောက်ပြည်သူ့လုံခြုံရေးဝန်ကြီး မစ္စတာလျှိုကျုံးရီမှာ နေပြည်တော်သို့ ရောက်ရှိပြီး စစ်ကောင်စီနှင့်တွေ့ဆုံကာ အွန်လိုင်းငွေလိမ်လည်မှုများကို နှိမ်နင်းရေး ယမန်နေ့ ဆွေးနွေးကြောင်း စစ်ကောင်စီက သတင်းထုတ်ပြန်သည်။
တရုတ်နိုင်ငံက အွန်လိုင်းအသုံးပြု လောင်းကစားမှုများနှင့်ဆက်သွယ်ရေး လိမ်လည်မှုများအပါအဝင် နယ်စပ်ဖြတ်ကျော် မှုခင်းများကို နှစ်နိုင်ငံ တားဆီးရေး အဓိက​ ဆွေးနွေးကြောင်း၊ နှစ်နိုင်ငံအကြား ကရင်ပြည်နယ်၊ မြ၀တီမြို့နယ်တွင် အွန်လိုင်းလိမ်လည်မှုများ၊ အွန်လိုင်းလောင်းကစားမှု တိုက်ဖျက်ရေး ၊ မြ၀တီနယ်မြေအတွင်း တရားမဝင်ရောက်ရှိနေသော နိုင်ငံခြားသများကို ပြည်နှင်နိုင်ရေး ဆောင်ရွက်ရေး၊ တရုတ်နိုင်ငံမှ အလိုရှိသော တရားခံပြေးများနှင့်ပတ်သက်၍ ဖမ်းဆီးရရှိမှုနှင့် ပြန်လည် လွှဲပြောင်းမှုများ ဆွေးနွေးကြောင်း စစ်တပ်၏ သတင်းထုတ်ပြန်ချက်အရ သိရှိရသည်။
ထို့ပြင် တရုတ်-မြန်မာ-ထိုင်း သုံးနိုင်ငံအကြား အဆင့်မြင့်အရာရှိကြီးများ အစည်းအဝေး ကျင်းပပြုလုပ်နိုင်ရေးအတွက်လည်း ဆွေးနွေးခဲ့ကြကြောင်း သိရှိရသည်။
ယနေ့ ကရင်ပြည်နယ်၊ မြ၀တီမြို့နယ်၊ ရွှေက္ကိုလ်မြို့တွင် စစ်ကောင်စီလက်အောက်ခံ BGF များက ဒုတိယနေ့အဖြစ် လူကုန်ကူးခံရသူများကို ဆက်လက် ရှာဖွေနေပြီး ဟိုတယ်၊ တည်းခိုခန်း၊ KTV နှင့်စားသောက်ဆိုင်များကိုလည်း BGF က ပိုက်စိတ်တိုက် စစ်ဆေးလျက်ရှိကြောင်း ရွှေက္ကိုလ်မြို့မှ မြန်မာအလုပ်သမားတချို့က ရှင်းလင်းပြောဆိုသည်။
” ဒီနေ့လည်း BGF တွေ ဝင်ပြီး ဆက်စစ်နေတယ်။ ကားတွေနဲ့ တရုတ်တွေ တော်တော်များများ အကုန်ဆွဲတင်နေတာ။ ဒီနေ့တော့ စစ်ကားကြီးတွေ အများကြီးပါလာတယ်” ဟု ရွှေက္ကိုလ်မှ မြန်မာအလုပ်သမားတစ်ဦးက ဆိုသည်။
ယမန်နေ့ ရွှေက္ကိုလ်မှ BGF က ဖမ်းဆီးခဲ့သော နိုင်ငံခြားသားများအနက်မှ တရုတ်နိုင်ငံသား ၂၀၀ ကို စစ်ကောင်စီက စိစစ်လျက် ရှိပြီး တရုတ်နိုင်ငံသို့ ပြန်လည် လွှဲပြောင်းနိုင်ရေး စစ်ကောင်စီက စီစဉ်လျက်ရှိကြောင်း စစ်တပ်က သတင်းထုတ်ပြန်သည်။
စစ်တပ်အနေဖြင့် မြ၀တီမြို့နယ်၊ ရွှေက္ကိုလ်နယ်မြေအတွင်း ဒုစရိုက်မှုများ ကျူးလွန်ခဲ့ကြသော ပြည်ပနိုင်ငံသားများကို အမြန်ဆုံး စစ်ဆေးဖော်ထုတ်သွားမည်ဟု ကြေညာထားသည်။