ဒေါ်အောင်ဆန်းစုကြည်၊သမ္မတဟောင်း ဦးထင်ကျော်တို့ အကြမ်းဖက်စစ်ခေါင်းဆောင် မင်းအောင်လှိုင်နှင့်အတူ ဖမ်း၀ရမ်းထုတ်ခံရ

by

in

နိရဉ္စရာ၊ ဖေဖော်ဝါရီ ၁၄/ ၂၀၂၅

နိုင်ငံတော်အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည်၊နိုင်ငံတော်သမ္မတဟောင်း ဦးထင်ကျော်တို့ကို အကြမ်းဖက်စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်၊ ဒုတိယဗိုလ်ချုပ်ကြီး စိုးဝင်းတို့နှင့် အတူ အာဂျင်တီးနားတရားရုံးက ဖမ်း၀ရမ်းထုတ်ခံရကြောင်းVOA သတင်း အရသိရသည်။

မြန်မာနိုင်ငံမှာ ၂၀၁၇ ခုနှစ်က ရိုဟင်ဂျာများအပေါ်ကျူးလွန်ခဲ့သည့် ပြစ်မှုများအရ စစ်တပ်အကြီးအကဲ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်အပါအဝင်စစ်ခေါင်းဆောင် ၂၂ ဦးနှင့် အတူသမ္မတတာဝန်ယူထားခဲ့သည့် ဦးထင်ကျော်၊ နိုင်ငံတော်အတိုင်ပင်ခံဒေါ်အောင်ဆန်းစုကြည်တို့ကိုလည်းအာဂျင်တီးနားတရားရုံးက ရာဇသတ်ကြီးဥပဒေအရ ကျူးလွန်ခဲ့တဲ့ပြစ်မှုများနှင့်အတူဖေဖော်ဝါရီ ၁၃ ရက်က ဖမ်းဝရမ်း ထုတ်ခဲ့သည်ဟု BROUK ကိုကိုးကားပြီး သတင်းတွင် ဖော်ပြထားသည်။

“ အခုလို စစ်ခေါင်းဆောင်တွေကို ဖမ်းဝရမ်းထုတ်လိုက်တာဟာ ရိုဟင်ဂျာတွေအပါအဝင် စစ်တပ် လက်အောက်ခံစားနေရသူတွေအတွက် တရားမျှတမှုရဖို့ သမိုင်းဝင်ခြေလှမ်းတခု ဖြစ်တဲ့အကြောင်း” UK အခြေစိုက် မြန်မာရိုဟင်ဂျာအဖွဲ့ BROUK ဥက္ကဋ္ဌ ဦးထွန်းခင်က ပြောဆိုသည်ဟုလည်း သတင်းတွင် ဆက်လက် ဖော်ပြထားသည်။

အခုအာဂျင်တီးနားမှာ တရားစွဲဆိုတဲ့ ကိစ္စ ကို UK အခြေစိုက် ရိုဟင်ဂျာအဖွဲ့ Burmese Rohingya Organisation UK (BROUK) ကနေ ဦးဆောင်ပြီး တရားစွဲဆို ခဲ့ခြင်းဖြစ်ကြောင်းNUGလူ့အခွင့်အရေး ဝန်ကြီး ဦးအောင်မျိုးမင်း၏ လူမှုကွန်ယက်စာမျက်နှာတွင် ရေးသားဖော်ပြထားသည်။

၎င်းပြင် “ Universal Jurisdiction တရားစီရင်မှုစနစ်နဲ့ပတ်သက်ပြီးသတင်းကောင်းတခု ထွက်ပေါ်လာပါပြီ။ အဲ့တာကတော့ အကြမ်းဖက်စစ်အုပ်စုခေါင်းဆောင် မင်းအောင်လှိုင်၊ စိုးဝင်းအပါအဝင် တာဝန်ရှိသူတချို့ကို အာဂျင်တီးနားနိုင်ငံ တရားရုံးက ရိုဟင်ဂျာတွေပေါ်မှာ လူမျိုးသုဉ်းသတ်ဖြတ်မှုနဲ့ ပတ်သတ်ပြီး ဖမ်းဖို့အတွက် ဖမ်းဝရမ်းထုတ်ပြန်လိုက်တဲ့ သတင်းဖြစ်ပါတယ်” ဟု ဆက်လက်ဖော်ပြထားသည်။

နိုင်ငံတော်အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည်၊သမ္မတဟောင်း ဦးထင်ကျော်တို့ အား အကြမ်းဖက် စစ်ခေါင်းဆောင် မင်းအောင်လှိုင်နှင့်အတူ အာဂျင်တီးနားတရားရုံး ဖမ်းဝရမ်းထုတ်ရခြင်းမှာ ရခိုင် ပြည်နယ်တွင် ၂၀၁၇ ခုနှစ်ကဖြစ်ပွားခဲ့သောစစ်တပ်၏ အာဆာအဖွဲ့အပေါ် နှိမ်နှင်းမှု ဖြစ်စဉ် အတွင်း မွတ်ဆလင်ရိုဟင်ဂျာများအပေါ်လူမျိုးသုဉ်းသတ်ဖြတ်သည်ဟုဆိုကာဖမ်း၀ရမ်း ထုတ်လိုက်ခြင်းဖြစ်သည်ဟု သိရှိရသည်။ Source: VOA Burmese and Photo: Irrawaddy