ပုသိမ်မြို့နယ်တွင် လူငယ်အချို့ကို ကြိုတင်အကြောင်းကြားခြင်းမရှိပဲ စစ်မှုထမ်းရန် အဓမ္မခေါ်ဆောင်
ဧရာဝတီတိုင်းမ်
ဖေဖော်ဝါရီ ၁၂ ရက်
ဧရာ၀တီတိုင်း၊ ပုသိမ်မြို့နယ်ရှိ ရပ်ကွက်နှင့်ကျေးရွာအချို့တွင် လူငယ်အချို့ကို ကြိုတင်အသိပေးခြင်းမရှိပဲ စစ်မှုထမ်းရန် အဓမ္မဖမ်းဆီးခေါ်ဆောင်ခြင်းခံခဲ့ရကြောင်း သတင်းရရှိသည်။
ပုသိမ်မြို့နယ် ရေမနေပင်ကိုင်းကျေးရွာ၊ သံပါတ်ကုန်းကျေးရွာ၊ အမှတ်(၁၀)ရပ်ကွက် မရမ်းချောင်းတို့တွင် လူငယ်လေးဦးကို တပ်နှင့်အုပ်ချုပ်ရေးအဖွဲ့များမှ ကြိုတင်အကြောင်းကြားခြင်းမရှိပဲ စစ်မှုထမ်းရန်ဖမ်းဆီးခေါ်ဆောင်သွားကြောင်း ဒေသခံများက ပြောသည်။
“ညဘက်တွေဧည့်စာရင်းစစ်တဲ့ပုံစံမျိုးတွေနဲ့၀င်ဆွဲတာ အုပ်ကြီးတွေကိုယ်တိုင်ပါတယ် “ဟု ပုသိမ်မြို့ခံတစ်ဦးမှ ဧရာ၀တီတိုင်းမ်ကိုပြောသည်။
လက်ရှိတွင်ခေါ်ဆောင်ခံရသူ လူငယ်တစ်ဦးကိုမိဘများမှငွေပေးသောကြောင့် ဖေဖော်ဝါရီလ ၉ ရက်နေ့က ပြန်လည်လွှတ်ပေးခဲ့ကြောင်းသိရပြီး ပုသိမ်မြို့နယ်တွင် အုပ်ချုပ်ရေးမှူးများမှ
ဥပဒေမဲ့ဖမ်းဆီးကာ စစ်မှုထမ်းခေါ်ဆောင်ခံရမည်ကို ပြည်သူများက စိုးရိမ်နေရကြောင်း သိရှိရသည်။
စစ်ကောင်စီမှ ရှေ့တန်းစစ်မျက်နှာပြင်သို့ ပို့ဆောင်ရန် တပ်ဖွဲ့ဝင်အင်အားလုံလောက်မှုမရှိတော့သည့်အတွက် ဧရာ၀တီတိုင်းအပါအ၀င် အခြားတိုင်းနှင့်ပြည်နယ် အချို့တွင် လူငယ်များကို အဓမ္မဝင်ရောက်ဖမ်းဆီးမှုများပိုမိုလုပ်ဆောင်လာကြောင်း သိရသည်။
ယင်းကဲ့သို့ အဓမ္မဖမ်းဆီးမှုများရှိနေချိန်တွင် ဥပဒေအတိုင်းသာ လုပ်ဆောင်ရန် ဒုစစ်ခေါင်းဆောင်က ပြောဆိုလာသည်။
#ပုသိမ်မြို့နယ် #လူငယ်အချို့ #ကြိုတင်အကြောင်းကြားခြင်းမရှိပဲ #စစ်မှုထမ်းရန် #အဓမ္မခေါ်ဆောင် #Ayeyarwaddy_Times
ပုသိမ်မြို့နယ်ထဲတွင် စစ်ရေးရောက်ရှိလာမည်ကို စိုးရိမ်၍ စစ်ကြောင်းထိုးကာ ရဟတ်ယာဉ်များဖြင့် ကင်းလှည့်
ဧရာဝတီတိုင်းမ်
ဖေဖော်ဝါရီ ၁၂ ရက်
ဧရာဝတီတိုင်း၊ ပုသိမ်မြို့နယ်အတွင်းရှိ ကျေးရွာ ငါး ရွာ ထက်မနည်းကို စစ်ကောင်စီက စစ်ကြောင်းထိုးပြီး နယ်မြေရှင်း လင်းရေး လုပ်ဆောင်နေကြောင်း သိရသည်။
ဧရာဝတီတိုင်း၊ သာပေါင်းမြို့နယ်အတွင်း အာရက္ခတပ်တော် (AA) ပူးပေါင်းတပ်နှင့် စစ်ကောင်စီတို့ တိုက်ပွဲပြင်းထန်နေပြီး သာပေါင်းတိုက်ပွဲအတွင်းမှ သေဆုံးသည့်စစ်ကောင်စီ အလောင်းများကို ပုသိမ်သို့နေ့စဉ်သယ်ဆောင်နေရသည့်အတွက် ပုသိမ်မြို့နယ်အတွင်းတွင်ပင် စစ်ရေးအတွက် လှုပ်ခတ်မှုများရှိနေကြောင်း သိရသည်။
“ပုသိမ်မြို့ထဲမှာပါ ဖောကားတွေနဲ့ရော ရဟတ်ယာဉ် တွေနဲ့ပါ ကင်းလှည့်နေတာ။ ညဘက်တွေဆိုလည်း တအားစစ်တယ်။ တိုက်ပွဲနေရာကနေ စစ်ရှောင်လာတဲ့ လူတွေနဲ့ရောဆိုတော့ အတော်ကို လှုပ်လှုပ်ခတ်ခတ်ဖြစ်နေတာ”ဟု ပုသိမ်မြို့ခံ အမျိုးသားတစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။
စစ်ကောင်စီသည် ပုသိမ်မြို့နယ် ဝါးယားချောင်းကျေးရွာအစပ်နှင့်ကန်ကြီးထောင့်နယ်မြေများဖြစ်သည့် ဒါးကဝ၊ အိုးဘို၊ ညောင်ချောင်း၊ ကျွန်းလျားရှည်၊ ညောင်ချောင်းကျေးရွာ စံပြများဘက်သို့ စစ်ကြောင်း ထိုးနေကြောင်း သိရသည်။
စစ်ကောင်စီ၏ ခလရ ၁၁၊ ခလရ ၄၂၄ တပ်များမှ နယ်မြေရှင်းလင်းရေးခေါင်းစဉ်ဖြင့် စစ်ကြောင်းထိုးမှု များ ပြုလုပ်လျက်ရှိပြီး ပြီးခဲ့သည့် ဖေဖော်ဝါရီ ၁၀ ရက်နေ့ကလည်း ညောင်ချောင်းကျေးရွာအတွင်းသို့ စစ်ကောင်စီအင်အား ၂၀၊ ရဲအင်အား ၁၀ ဦးခန့် စုစုပေါင်း ၃၀ ကျော်ဖြင့် နယ်မြေ ရှင်းလင်းရေးလုပ်ဆောင်ခဲ့ကြောင်း သိရသည်။
စစ်ကောင်စီသည် ပုသိမ်မြို့တွင် စစ်သုံးဖောကားတစ်စီးဖြင့် လက်နက်အပြည့်အစုံ တပ်ဆင်ကာ ကင်းလှည့်မှုများရှိနေပြီး စစ်သုံးရဟတ်ယာဉ်တစ်စီးဖြင့်လည်း ကျေးရွားဘက်တွင် ကင်းလှည့်ပျံသန်းမှုများရှိကြောင်း ဒေသခံများထံက သိရသည်။
တိုက်ပွဲများမှာ ဧရာဝတီတိုင်းအတွင်းထိ ရောက်ရှိလာပြီး စစ်ကောင်စီဘက်က ထိခိုက်သေဆုံးမှုများသည့်အတွက် စစ်ကောင်စီသည် ပုသိမ်မြို့နယ်အတွင်း၌ပါ ယခုကဲ့သို့ စစ်ရေးပြင်ဆင်မှုများ လုပ်ဆောင်လာခြင်းဖြစ်ကြောင်းသိရသည်။
#ဧရာဝတီတိုင်း #ပုသိမ် #စစ်ကောင်စီ #စစ်ကြောင်း ထိုး #ကင်းလှည့် #လှုပ်ခတ် #Ayeyarwaddy_Times