ပြည်သူတွေရဲ့ အမှန်တကယ်လိုအပ်ချက်ကို ဖြည့်ဆည်းပေးဖို့ အများကြီးလိုအပ်နေသေးတယ်လို့ NUG ဝန်ကြီးချုပ် ပြော
ဖေဖော်ဝါရီ ၁၂၊ ၂၀၂၅
တော်လှန်ရေးကာလမှာ ပြည်သူတွေရဲ့ အမှန်တကယ်လိုအပ်ချက်ကို ဖြည့်ဆည်းပေးဖို့ အများကြီး လိုအပ်နေသေးတယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ရဲ့ ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းက ပြောပါတယ်။
နိုင်ငံအတွင်း ဒုက္ခသည်တွေ နေ့စဉ်တိုးပွားနေပြီး ပြည်သူတွေရဲ့ လိုအပ်ချက်ကို အထိရောက်ဆုံး ကူညီပေးနိုင်ဖို့ ကြိုးစားရမယ်လို့ မန်းဝင်းခိုင်သန်းက ဖေဖော်ဝါရီလ ၁၁ ရက်နေ့က ကျင်းပပြုလုပ်တဲ့ ၅/၂၀၂၅ NUG အစိုးရအဖွဲ့ အစည်းအဝေးမှာ ပြောကြားလိုက်တာပါ။
“ကျနော်တို့ အစီရင်ခံစာကို လေ့လာကြည့်ရင် တော်လှန်ရေးဆင်နွှဲနေရတဲ့ အစိုးရတစ်ရပ်အနေနဲ့ အတော်လေး ကြိုးပမ်းအားထုတ်ခဲ့ကြတာကို မြင်တွေ့ကြရမှာ ဖြစ်ပါတယ်။ ဒါပေမယ့်လည်း ပြည်သူတွေရဲ့ အမှန်တကယ်လိုအပ်ချက်တွေနဲ့ စာရင်တော့ အတော်လေး လိုအပ်ချက်တွေ ရှိနေတာကို တွေ့ရပါလိမ့်မယ်။ အရင်က ၃ သိန်း ၇ သောင်းပဲ ရှိခဲ့တဲ့ နေရပ်စွန့်ခွာ စစ်ရှောင်အရေအတွက်ဟာ အခုဆိုရင် ၃.၅ မီလီယံထိ ရောက်ရှိလာပြီ ဖြစ်တာမို့ ပြည်သူတွေ ဒုက္ခအတော်များကြတာကို တွေ့ရပါတယ်” လို့ မန်းဝင်းခိုင်သန်းက ဆိုပါတယ်။
တော်လှန်ရေးအင်အားစုတွေအနေနဲ့ တဖက်မှာ အကြမ်းဖက်စစ်ကောင်စီကို တိုက်ခိုက်ချေမှုန်းဖို့ ကြိုးစားကြရသလို တဖက်ကလည်း အကြမ်းဖက် စစ်ကောင်စီဒုက္ခပေးလို့ ဒုက္ခအတိရောက်နေကြရတဲ့ ပြည်သူတွေကို တတ်နိုင်သမျှ ဝိုင်းဝန်ကူညီဖို့ ကြိုးစားကြရတဲ့ အခြေအနေဖြစ်တယ်လို့လည်း ဝန်ကြီးချုပ်က ဆိုပါတယ်။
အဖွဲ့အစည်းတွေအားလုံး စုစည်းညီညွတ်ဖို့ လိုအပ်လာတဲ့အချိန်မှာလည်း အင်အားစုတွေ အသီးသီးဟာ ပြည်သူကို ရှေးရှုတဲ့၊ တော်လှန်ရေးကို မျက်နှာမူတဲ့ လုပ်ဆောင်ချက်တွေ၊ မူဝါဒတွေကို ခိုင်ခိုင်မာမာဆွဲကိုင်ပြီး သဘောထားမတိုက်ဆိုင်မှုတွေကို ကြိုးစားကျော်လွှားကြဖို့ လိုတယ်လို့ ဆိုပါတယ်။
ပြီးခဲ့တဲ့ ရက်ပိုင်းအတွင်းမှာလည်း NUG အနေနဲ့ CDM ဝန်ထမ်းတွေအပေါ် ထောက်ပံ့ပေးနိုင်မှု အလွန်နည်းပါးခဲ့တယ်လို့ ဝန်ခံ ပြောကြားခဲ့ပါသေးတယ်။
၂၀၂၅ ဟာ အခက်အခဲတွေအများကြီးကို ကျော်လွှားကြရမယ့် နှစ်ဖြစ်ပြီး ဒီလိုအခက်အခဲတွေကို အမျိုးသားညီညွတ်ရေးအစိုးရအနေနဲ့ ကောင်းစွာလျှောက်လှမ်းနိုင်မယ်လို့လည်း ယုံကြည်ကြောင်း ထည့်သွင်းပြောကြားခဲ့ပါတယ်။
