လူကုန်ကူးမှုအတွက် ဖမ်းဝရမ်းထုတ်ခံရတော့မည့် BGF ခေါင်းဆောင် စောချစ်သူနှင့် အပေါင်းအပါတစ်သိုက်…
ဖေဖော်ဝါရီ ၁၁ ၊ ၂၀၂၅
ကရင်ပြည်နယ်၊ မြ၀တီမြို့နယ်၊ ရွှေကုက္ကိုလ်မြို့ကို ထိန်းချုပ်ထားတဲ့ စစ်ကောင်စီလက်အောက်ခံ ကရင်နယ်ခြားစောင့်တပ် BGF ခေါင်းဆောင်စောချစ်သူနဲ့ အပေါင်းအပါတွေကို လူကုန်ကူးမှုတွေအတွက် ဖမ်းဝရမ်းထုတ်ဖို့ လုပ်ဆောင်နေတယ်လို့ ထိုင်းသတင်းဌာနတွေက သတင်းဖော်ပြထားပါတယ်။
လူကုန်ကူးမှုဆိုင်ရာ သက်သေအထောက်အထားတွေအရ စောချစ်သူ၊ ဗိုလ်မုတ်သုန်နဲ့ ဗိုလ်တင်ဝင်းတို့ကို ဖမ်း၀ရမ်းထုတ်ဖို့ ထိုင်းအစိုးရရှေ့နေတွေက တရားရေးဝန်ကြီးဌာနဆီ တင်ပြသွားမယ်လို့ ဆိုပါတယ်။
ကျားဖြန့် ဂိုဏ်းတစ်ခုမှာ အတင်းအကျပ်စေခိုင်းခံရတဲ့ အိန္ဒိယနိုင်ငံသားတစ်ယောက် ပြန်လည် လွတ်မြောက်လာပြီးနောက် ရရှိလာတဲ့ သက်သေ အထောက်အထားတွေအရ အခုလို ဖမ်း၀ရမ်းထုတ်မှာ ဖြစ်တယ်လို့လည်း သိရပါတယ်။
ပုံစာ – စောချစ်သူနဲ့ စောမုတ်သုန်
#စောချစ်သူတို့ကိုရှင်းဖို့_တရုတ်ရဲ့တောင်းဆိုမှုများ
#တစ်
တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ရိ ဟာ အာဆီယံ ၁၀ နိုင်ငံမှ သံတမန်များနှင့်တွေ့ဆုံပြီး အွန်လိုင်းလောင်းကစားနှင့် လိမ်လည်မှုများကိုနှိမ်နင်းရန် သက်ဆိုင်ရာနိုင်ငံများတွင် တာဝန်ရှိကြောင်း ဇန္နဝါရီလ ၁၆ ရက်၊ ၂၀၂၅ မှာပြောကြားခဲ့ပါတယ်။
နောက် ၁၀ ရက်အကြာမှာတော့ တရုတ်အစိုးရဟာ ပြည်သူ့လုံခြုံရေးဝန်ကြီးဌာနရဲ့ ဒုတိယဝန်ကြီး Liu Zhongyi နှင့်အဖွဲ့ကို ထိုင်း-မြန်မာနယ်စပ် တာချီလိတ်ဖက်အပါအဝင် မြဝတီဘက်က စောချစ်သူတို့ရဲ့ရွှေကုက္ကိုလ်နှင့် ကေကေပါ့ခ် တို့မှာအခြေစိုက်နေကြတဲ့ ကောလ်စင်တာတွေကို ကိုင်တွယ်ဖို့ ထိုင်းကိုစေလွှတ်ခဲ့ပါတယ်။ အသက် ၆၀ အရွယ် Liu Zhongyi ဟာ တရုတ်နိုင်ငံမှုခင်းစုံစမ်းစစ်ဆေးရေးဗျူရိုရဲ့တပ်မှူးဖြစ်ပြီး အလွန်ကျွမ်းကျင်တဲ့ စုံထောက်တစ်ဦးဖြစ်သလို၊ တရုတ်နိုင်ငံရဲ့ လုံခြုံရေးပိုင်းဆိုင်ရာကဏ္ဍတွေမှာ လုပ်ပိုင်ခွင့်အာဏာ အပြည့်အဝရှိသူဖြစ်ပါတယ်။
မြဝတီ၊ တာချီလိတ်နှင့် ဘုရားသုံးဆူဖက် ထိုင်းကပေးနေတဲ့ လျှပ်စက်မီး၊ လောင်စာဆီနှင့် အင်တာနက်အဆက်အသွယ်တွေဖြတ်တောက်ပစ်ဖို့အရေး ထိုင်းမှာရှိတဲ့ အကျင့်ပျက်ချစားအရာရှိကြီးတွေပါဝင်ပတ်နေကြတာကြောင့်…
တဦးနဲ့တဦး ဝန်ကြီးဌာန တခုနဲ့တခု ဘော်လိဘောပုတ်နေကြရာကနေ တရုတ်ရဲ့ဖိအားကြောင့် (ထိုင်းနိုင်ငံရေးသမားတွေ သတင်းဌာနတွေအပါအဝင်) မလွှဲမရှောင်သာတော့ဘဲ ဖေဖော်ဝါရီလ ၅ ရက်၊ ဗုဒ္ဓဟူးနေ့၊ မနက် ၉ နာရီမှစပြီး နယ်စပ် ၅ နေရာကို ဖြတ်တောက်လိုက်ရပါတယ်။
ပြီးခဲ့တဲ့အပတ်ကတည်းကရေးထားတဲ့ ဆက်စပ်သတင်း…
#နှစ်
တရုတ်ပြည်သူ့လုံခြုံရေး ဒုတိယဝန်ကြီး Liu Zhongyi ဟာ…
မြဝတီမှာ အကြီးစား တရုတ်မာဖီးယားဂိုဏ်း/ကောလ်စင်တာ ၃၆ ဖွဲ့နှင့်၊ အဲဒီလုပ်ငန်းလုပ်နေသူပေါင်း ၁ သိန်းကျော်ရှိကြောင်းအပါအဝင်၊ စောချစ်သူတို့နဲ့ ထိုင်းအရာရှိတွေရဲ့ (အကောက်ခွန်နဲ့ လဝက၊ နိုင်ငံရေးသမားတွေ၊ ရဲနှင့် စစ်ဗိုလ်ချုပ်တွေ) ပါဝင်ပတ်သက်နေတဲ့ အချက်အလက်အသေးစိပ်အပြင်၊ သူတို့ရဲ့ အမည်၊ နေရပ်လိပ်စာ၊ ကိုယ်ခန္ဓာပုံပန်းသဏ္ဍန်၊ အရပ်အနိမ့်အမြင့် ကိုယ်အလေးချိန်ကအစ ထိုင်းအစိုးရကိုပေးခဲ့ပြီး…၊
အောက်ပါအချက် ၆ ချက်ကိုတောင်းဆိုခဲ့ပါတယ်။
၁။ ကောလ်စင်တာနဲ့ပတ်သက်တဲ့ သတင်းအချက်အလက်အားလုံးကို ထိုင်းကို ပေးမယ်။ ထိုင်းအနေနဲ့ အဲဒီကောလ်စင်တာတွေကို အမြစ်ဖြတ်ချေမှုန်းရမယ်။ အားလုံးကို ဖမ်းဆီးပေးရမယ်။
၂။ “တရုတ်သရုပ်ဆောင်စင်စင်” ကို လိမ်ညာဖျားယောင်းခဲ့သူ “ယင်စီလျူး” ကို ထိုင်းမှာဖမ်းပြီး ယ္ခုတရုတ်နိုင်ငံကို ပို့လိုက်ပြီဖြစ်ပေမယ့် သူ့ရဲ့လုပ်ဖေါ်ကိုင်ဖက် အယောက် ၂၀ ကျော် ကျန်နေသေးတယ်။ ထိုင်းရဲတွေအနေနဲ့ သူတို့ကိုရအောင်ဖမ်းပြီး တရုတ်ကို အမြန်ဆုံးပို့ပေးရမယ်။
၃။ အတင်းအကျပ် အခိုင်းခံနေရတဲ့/အလိမ်အညာခံနေရတဲ့ တရုတ်တွေလွှတ်မြောက်ရေး ထိုင်းရဲတွေ ကယ်ထုတ်ပေးရမယ်။ သက်ဆိုင်ရာ ဒေသခံအာဏာပိုင်တွေကို ဖိအားပေးပြီး မရ ရအောင် ကယ်ထုတ်ရမယ် (ဖိအားပေးပြီး လွတ်အောင်ကိုလုပ်ရမယ်)။
၄။ ထိုင်းအနေနဲ့ လျှပ်စက်မီး၊ လောင်စာဆီ၊ အင်တာနက်ဆက်သွယ်ရေး၊ ဆောက်လုပ်ရေးပစ္စည်းတွေကို (မဲဆောက်ကပို့နေတဲ့ အစားအသောက်နှင့် လူသုံးကုန်ပစ္စည်းတွေကို) ပိတ်ပင်ပြီး တင်းကျပ်တဲ့ စစ်ဆေးမှုတွေလုပ်ရမယ်။ နယ်စပ်ဖြတ်ကျော်သူတွေနဲ့ ပစ္စည်းတွေကို စစ်ဆေးရမယ်။
၅။ ထိုင်းနှင့် တရုတ်ပူးပေါင်းပြီး စုံစမ်းစစ်ဆေးရေးအဖွဲ့ ဖွဲ့မယ်။ တရုတ်တာဝန်ရှိသူတွေကို ထိုင်းကိုပို့ပြီး အမြဲတမ်းအခြေစိုက်နေမယ်။ (ယာယီမဟုတ်၊ အမြဲတမ်း အခြေစိုက် ရုံးထိုင်မယ်)။
၆။ ထိုင်းနိုင်ငံအတွင်းက ဆိုင်ဘာလိမ်လည်မှုတွေကို ထိုင်းအနေနဲ့ ထိရောက်စွာကိုင်တွယ်အရေးယူပေးရမယ်။ အကျင့်ပျက်လာဘ်စားနေသူတွေကို စုံစမ်းစစ်ဆေးပြီး အရေးယူခြင်းဖြင့် ကမ္ဘာ့နိုင်ငံတွေရဲ့ယုံကြည်မှုကို ထိုင်းအနေနဲ့ရယူရမယ်။ [ဒီ နံပါတ် ၆ အချက်ဟာ ထိုင်းနိုင်ငံရဲ့ ပြည်တွင်းရေးဖြစ်လို့ တရုတ်နဲ့မဆိုင်ပေမယ့် တရုတ်ကတောင်းဆိုခဲ့ပါတယ်]။
အထက်ကပြောခဲ့တာတွေကို လိုရင်း တိုရှင်းနဲ့ တိတိကျကျကို တောင်းဆိုတာဖြစ်ပါတယ်။ ဒါ့အပြင်…
ဒုတိယဝန်ကြီး Liu Zhongyi ဟာ ထိုင်းအာဏာပိုင်တွေနဲ့ ရာဇ၀တ်ဂိုဏ်းတွေ ပူးပေါင်းပြီး ကိုယ်ကျိုးရှာနေမှုကို အစည်းအဝေးမှာပေးအပ် (ဖွင့်ချ) ခဲ့သလို…
“မင်းတို့တိုင်းပြည်ကို မင်းတို့ဘာကြောင့် ဂရုမစိုက်ကြတာလဲ” “ทำไมพวกท่านไม่ดูแลบ้านเมืองของท่านเลย” ဆိုပြီးပြောတော့ ထိုင်းအစိုးရအတော့်ကို အရှက်ကွဲခဲ့ရပါတယ်။
ဒါ့အပြင် လူပျောက်တွေ၊ အတင်းအကျပ်ခိုင်းစေခံနေရသူတွေ၊ လိမ်လည်ခံနေရတဲ့ တရုတ်တွေအနေနဲ့ တရုတ်မှာဘဲ/တရုတ်အစိုးရကိုဘဲ တိုင်ကြားရမယ်။ အချက်အလက်တွေကို တရုတ်ကနေ ထိုင်းကိုပို့ပေးမယ်။ အဲဒီလူတွေကို ထိုင်းမှဖမ်းဆီးပြီး တရုတ်ကိုပို့ပေးရမယ်။
ဒါကြောင့် ဒီလိုနောက်ဆက်တွဲတွေ ဖြစ်လာပါလိမ့်မယ်…
#သုံး
ထိုင်းကလည်း တရုတ်ဆီ အောက်ပါတောင်းဆိုချက် ၄ ချက်ကို ပြန်လည်တောင်းဆိုခဲ့ပါတယ်။
၁။ ထိုင်းနှင့် တရုတ်ပူးပေါင်းဆောင်ရွက်ဖို့၊ စစ်ဆင်ရေးလုပ်ဖို့ လက်ခံကြောင်း။ တရုတ်ဖက်က ငွေကြေးထောက်ပံ့ပေးနေသူတွေကို တရုတ်အစိုးရအနေနဲ့ နှိမ်နင်းပေးရန်။
၂။ ထိုင်း အကျင့်ပျက်ချစားနေသူတွေနှင့် တရုတ်အကျင့်ပျက်တွေ ပူးပေါင်းနေကြတဲ့စာရင်းကို ထိုင်းသို့ပေးရန်။
၃။ ထိုင်းနှင့် တရုတ်ပူးပေါင်းပြီး ငွေကြေးခဝါချမှုနှင့် ဥပဒေမဲ့ ဒီဂျီတယ်ငွေကြေး အရောင်းအဝယ်လုပ်နေမှုတွေကို လိုက်လံရှာဖွေ ဖမ်းဆီးနှိမ်နင်းရန်။
၄။ ကောလ်စင်တာကိစ္စနဲ့ပတ်သက်ပြီး မြန်မာ၊ ကမ္ဘောဒီးယားတို့နဲ့ အစည်းအဝေးလုပ်ရာမှာ တရုတ်မှ ဦးဆောင်ရန်။
[တောင်းဆိုချက်လို့သာပြောတာ ဘာမှမယ်မယ်ရရမရှိဘူး။ ၁ ကနေ ၃ အထိက တရုတ်တွေလုပ်မယ်လို့ပြောထားပြီးပြီ။ ၄ တချက်ဘဲ သက်ဆိုင်ရာနိုင်ငံတွေကို အမုန်းမခံချင်လို့ တရုတ်ကို ဦးဆောင်ခိုင်းတာဖြစ်တယ်]။
#လေး
လက်ရှိအစိုးရရဲ့အကျင့်ပျက်ချစားမှု၊ ညံ့ဖျင်းတဲ့ကိုင်တွယ်မှုတွေကြောင့်… တရုတ်ဒု-ဝန်ကြီးရဲ့ပြောကြားချက်ဟာ သူတို့အနေနဲ့ ပါးအရိုက်ခံရတာထက်တောင် နာစရာကောင်းကြောင်း ရိုးသားတဲ့နိုင်ငံရေးသမားတွေ ဗိုလ်ချုပ်ကြီးတွေက ခံပြင်းနေကြပါတယ်။ (တရုတ်က ဒီလိုပြောခဲ့တာမဟုတ်ကြောင်း ထိုင်းအစိုးရနှင့် ရဲတွေက အရှက်ပြေ လိုက်ဖုံးနေကြပါတယ်)။
ဒီသတင်းအကြောင်းအရာတွေကို ထိုင်းမီဒီယာကြီးတွေအပါအဝင် ဘယ်သတင်းဌာနကမှ တရားဝင်ဖေါ်ပြတာ မရှိသေးပါ (ထိုင်းတာဝန်ရှိသူတွေကလည်း အတတ်နိုင်ဆုံးလှို့ဝှက်ထားပါတယ်)။
Steven Sanyu
#stevensanyu
ဖေဖေါ်ဝါရီလ ၁၀ ရက်၊ ၂၀၂၅