လူငယ်တွေရဲ့ စဉ်းစားတွေးခေါ်မှုတွေ မှားယွင်းအောင် လူမှုကွန်ယက်နဲ့ မီဒီယာတွေက လုပ်ဆောင်နေတယ်လို့ မင်းအောင်လှိုင် စွပ်စွဲ
ဖေဖော်ဝါရီ ၁၀၊ ၂၀၂၅
လူငယ်တွေရဲ့ စဉ်းစားတွေးခေါ်မှုတွေကို မှားယွင်းအောင် လူမှုကွန်ယက်နဲ့ မီဒီယာတွေက ဖန်တီးလုပ်ဆောင်နေတယ်လို့ အာဏာသိမ်းစစ်ခေါင်းဆောင် မင်းအောင်လှိုင်က ပြောကြားလိုက်ပါတယ်။
မနေ့က ဖေဖော်ဝါရီ ၉ ရက်၊ နေပြည်တော်မှာ ကျင်းပတဲ့ အကယ်ဒမီဆုပေးပွဲမှာ အာဏာသိမ်းစစ်ခေါင်းဆောင် မင်းအောင်လှိုင်က ထည့်သွင်း ပြောကြားလိုက်တာပါ။
ဘာသာရေး၊ အမျိုးသားယဉ်ကျေးမှုနဲ့ စည်းလုံးညီညွတ်မှု ပျက်ပြားစေပြီး လူငယ်လူရွယ်တွေကို အတွေးအခေါ်အယူအဆ မှားယွင်းအောင်၊ စိတ်ဓာတ်တွေ ဆုတ်ယုတ်ပျက်ပြားအောင် လူမှု ကွန်ရက်တွေနဲ့ မီဒီယာတွေကတဆင့် လုပ်ဆောင်နေပြီး “ဒါတွေဟာ နိုင်ငံအကျိုးပျက်စီးစေမယ့် ကြံဆောင်မှုတွေ” လို့ မင်းအောင်လှိုင်က ဆိုပါတယ်။
ဒီမိုကရေစီနဲ့ ဖက်ဒရယ်စနစ်ကို အခြေခံတဲ့ ပြည်ထောင်စုနဲ့ လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်မှုကို ကြိုးပမ်းတည်ဆောက်ပေးနေပြီး ဒို့တာဝန်အရေးသုံးပါးဟာ အလိုအပ်ဆုံးနဲ့ အဖြစ်သင့်ဆုံး အမျိုးသားရေးတာဝန်လို့လည်း မင်းအောင်လှိုင်က ဝါဒဖြန့်ပြောဆိုခဲ့ပါတယ်။
အနုပညာရှင်တွေအနေနဲ့လည်း နိုင်ငံတည်ဆောက်ရေးမှာ ပြည်သူတွေရဲ့ အတွေးအခေါ်၊ အယူအဆတွေ မှန်ကန်လာစေဖို့၊ နိုင်ငံအကျိုးအတွက် ပြည်သူတရပ်လုံး ပါဝင်လာအောင် ထိရောက်တဲ့ အနုပညာ စွမ်းပကားနဲ့ ဆောင်ရွက်ပေးဖို့ မင်းအောင်လှိုင်က ပြောပါတယ်။
အကြမ်းဖက်စစ်ခေါင်းဆောင်ဟာ စစ်အာဏာသိမ်းစဉ်က သူ့ကို ဆန့်ကျင်တဲ့ အနုပညာရှင်တွေကို ပုဒ်မအမျိုးမျိုးတပ်ပြီး ဖမ်းဆီးထောင်ချမှုတွေ ပြုလုပ်ခဲ့လို့ ပြည်ပကို ထွက်ပြေးတိမ်းရှောင်သွားရတဲ့ အနုပညာရှင်များစွာလည်း ရှိခဲ့ပါတယ်။
လွတ်လပ်စွာ အနုပညာ ဖန်တီးရိုက်ကူးခွင့်တွေဟာ စစ်ကောင်စီလက်ထက်မှာ အဆိုးရွားဆုံးအခြေအနေကို ရောက်ရှိခဲ့ပြီး ရုပ်ရှင်ထုတ်လုပ်ရေးလုပ်ငန်းအများစုမှာလည်း အာဏာသိမ်းစစ်ခေါင်းဆောင် မင်းအောင်လှိုင်ရဲ့ သားသမီးနဲ့ အပေါင်းအပါတွေက နေရာယူလုပ်ကိုင်မှုတွေ ရှိနေတာဖြစ်ပါတယ်။