ဒေါပုံရဲစခန်းမှာ အချုပ်ခန်းဖောက်ပြီး အချုပ်သားလေးယောက် ထွက်ပြေးလွတ်မြောက်

by

in

ဒေါပုံရဲစခန်းမှာ အချုပ်ခန်းဖောက်ပြီး အချုပ်သားလေးယောက် ထွက်ပြေးလွတ်မြောက်
ဖေဖော်ဝါရီ ၁၀- ၂၀၂၅
GG (VOM)

ရန်ကုန်တိုင်း ၊ဒေါပုံမြို့နယ်ရဲစခန်းမှာ အချုပ်ခန်းဖောက်ဖျက်ပြီး အချုပ်သားလေးယောက်ထွက်ပြေးမှု ဖေဖော်ဝါရီ ၉ ရက်နေ့မနက်အစောပိုင်းကဖြစ်ပွားခဲ့တယ်လို့သိရပါတယ်။
” မနက် ၂ နာရီကျော်လောက်မှာ တာဝန်ကျရဲအရာရှိက အချုပ်ခန်းကိုလာစစ်ဆေးတော့မှ အချုပ်ခန်းဖျက်ပြီး ထွက်ပြေးသွားတာကိုသိကြတာ။ထွက်ပြေးတာလေးယောက်လို့သိရတယ်။ယောကျ်ားလေးတွေချည်းပါပဲ။ ထွက်ပြေးတဲ့အထဲမှာ ဒေါပုံမှာနေတဲ့သူကသုံးယောက်ပါတယ်။ကျန်တယောက်ကလှိုင်သာယာကပါ။ ” လို့ရဲစခန်းနဲ့နီးစပ်သူဒေသခံကပြောပါတယ်။
အချုပ်ခန်းဖောက်ပြီးထွက်ပြေးသွားသူတွေမှာ မူးယစ်ဆေးးဆိုင်ရာဥပဒေပုဒ်မ ၁၉(က)/၂၁ အမှုမှ ရမန်နဲ့ ချုပ်နှောင်ထားသူကနှစ်ယောက်ပါဝင်ပြီး ရာဇသတ်ကြီးပုဒ်မ ၃၈၀ နဲ့အမှုဖွင့် ခံထားရသူနှစ်ယောက်ဖြစ်တယ်လို့သိရပါတယ်။
အဆိုပါ ထွက်ပြေးအချုပ်သားတွေကို ဖမ်းဆီးရမိရေး စစ်ဆေးရှာဖွေမှုတွေလုပ်နေပေမယ့် ခုချိန်ထိတော့ ပြန်လည်ဖမ်းဆီးရမိခြင်းမရှိသေးဘူးလို့သိရပါတယ်။
အချုပ်ခန်းဖောက်ပြီး ထွက်ပြေးသွားတဲ့အချုပ်သားတွေက အသက် ၁၇ နှစ်အရွယ် ခန့်ထည်ဝါထွန်း၊ ညီညီခန့်၊ ဝေယံအောင် (ခ) သင်္ဘောသီး၊ သူရဇော်(ခ)အောင်ရဲလင်းဆိုသူတို့ဖြစ်တယ်လို့ ရဲစခန်းနဲ့နီးစပ်သူ ဆီကသိရပါတယ်။
ဖေဖော်ဝါရီ ၁ ရက်နေ့ကလည်း မွန်ပြည်နယ် ရေးမြို့နယ်ရဲစခန်းမှာ အချုပ်သားတွေနဲ့တာဝန်ကျရဲအရာရှိတွေအကြား ပစ်ခတ်မှုဖြစ်ပွားပြီး အချုပ်သား လေးယောက်ထွက်ပြေးလွတ်မြောက်သွားပြီး ဒုရဲအုပ်အပါသုံးယောက် သေဆုံးခဲ့တယ်လို့သိရပါတယ်။
Photo – CJ