ထောက်ကြံ့မြို့နယ်က ရဲအကြပ်အတက်သင်တန်းကျောင်း (လှော်ကား) ကို ဗုံးပစ်လောင်ချာနဲ့ ပစ်ခတ်တိုက်ခိုက်…

by

in

ထောက်ကြံ့မြို့နယ်က ရဲအကြပ်အတက်သင်တန်းကျောင်း (လှော်ကား) ကို ဗုံးပစ်လောင်ချာနဲ့ ပစ်ခတ်တိုက်ခိုက်…
ဖေဖော်ဝါရီ ၈၊ ၂၀၂၅
ရန်ကုန်တိုင်း၊ ထောက်ကြံ့မြို့နယ်က ရဲအကြပ် အတက်သင်တန်းကျောင်း ( လှော်ကား) ကို လောင်ချာနဲ့ပစ်ခတ်တိုက်ခိုက်မှုမှာ ရဲတွေ ထိခိုက်မှုရှိတယ်လို့ Rangoon Urban Column ( RUC) ရဲ့ တာဝန်ရှိသူ ကိုရဲခေါင်က မောင်းသတင်းဌာနကို ပြောပါတယ်။
ဖေဖော်ဝါရီလ ၇ရက် မနေ့ကညပိုင်းမှာ ထောက်ကြံ့မြို့နယ်၊ ရဲအကြပ်အတက်သင်တန်းကျောင်း (လှော်ကား) ရဲ့ ဝန်ထမ်းတန်းလျားကို Rangoon Urban Column ( RUC) က (79) ဗုံးပစ်လောင်ချာနဲ့ သွားရောက်ပစ်ခတ်တိုက်ခိုက်ပြီး အောင်အောင်မြင်မြင်နဲ့ ဆုတ်ခွာနိုင်ခဲ့တယ်လို့ သိရပါတယ်။
လောင်ချာနဲ့ ပစ်ခတ်တိုက်ခိုက်မှုဟာ ဝန်ထမ်းတန်းလျားပေါ် ကျရောက်ပေါက်ကွဲမှုတွေ ရှိခဲ့တဲ့အတွက် ထိခိုက်မှုတွေရှိတယ်လို့လည်း သိရပါတယ်။
” ကျနော်ပြန်ကြားရတာအရဆို ထိခိုက်မှုတွေက ရှိတယ်။ အတိအကျတော့ မသိရဘူးဗျ၊ ထိခိုက်မှုက ရှိတယ်။ အတိကျဖြစ်အောင် သေချာစုံစမ်းတုန်းပါ။ အဲ့ကျောင်းက ရဲဖြစ်ပြီးသားတွေပါ တက်တာ” လို့ Rangoon Urban Column ( RUC) ရဲ့ တာဝန်ရှိသူ ကိုရဲခေါင်က မောင်းသတင်းဌာနကို ပြောပါတယ်။
အလားတူ ပြီးခဲ့တဲ့ နှစ် ၂၀၂၄ ဒီဇင်ဘာလတုန်းကလည်း ထောက်ကြံ့-လှော်ကားတာဆုံအနီးမှာရှိတဲ့ အမှတ် ၁၀၆ ခြေမြန်တပ်ရင်းချုပ်အဝင်ဂိတ်ကို R.U.C ​​စစ်ကြောင်းရဲဘော်တွေ (79) ဗုံးပစ်လောင်ချာနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့ပါသေးတယ်။
R.U.C စစ်ကြောင်းအနေနဲ့ မြို့ပြအတွင်း ခက်ခက်ခဲခဲရှင်သန်ပြီး စစ်ရေးဖော်ဆောင်မှုတွေ ထိထိရောက်ရောက်လုပ်ဆောင်နိုင်ဖို့ ဝပ်ကျင်း၊ ရိက္ခာ၊ စစ်အသုံးစရိတ်စတဲ့ လိုအပ်ချက်တွေ ဖြည့်တင်းဖို့ လိုအပ်နေတယ်လို့ သိရပါတယ်။
ရန်ကုန်တိုင်းမှာ ပြီးခဲ့တဲ့ ဇန်နဝါရီလအတွင်း မြို့ပြတော်လှန်ရေးအဖွဲ့တွေရဲ့ စစ်ရေးဖော်ဆောင်မှု ၆ ကြိမ်ရှိခဲ့တယ်လို့လည်း Rangoon Scout Network က ထုတ်ပြန်ထားပါတယ်။
ပုံစာ – ရန်ကုန်၊ ​ထောက်ကြံ့မြို့နယ်က ရဲအကြပ်သင်တန်းကျောင်း( လှော်ကား) ရှေ့ဝင်ပေါက်မြင်ကွင်း…