စီးပွားရေးလုပ်ငန်းတွေမှာ ဆိုလာအသုံးပြုတဲ့ အလေ့အကျင့်ရှိဖို့ လိုပြီလို့ မီးမှန်မှန် မပေးနိုင်တဲ့ စစ်ကောင်စီရဲ့ ဒုစစ်ခေါင်းဆောင် စိုးဝင်း ပြော
ဖေဖော်ဝါရီ ၆၊ ၂၀၂၅
စီးပွားရေးလုပ်ငန်းတွေမှာ ဆိုလာစနစ် အသုံးပြုတဲ့ အလေ့အကျင့်ကို လုပ်ကြဖို့ စစ်အာဏာသိမ်း ဒုခေါင်းဆောင် စိုးဝင်းက ပြောကြားလိုက်ပါတယ်။
နေပြည်တော် ကာကွယ်ရေးဦးစီးချုပ်ရုံးမှာ၂၀ မဂ္ဂါဝပ်ရှိ ဆိုလာဓာတ်အားပေးစနစ် တပ်ဆင်အသုံးပြုမှုကို နမူနာယူပြီး လုပ်ငန်းရှင်တွေလည်း ဆိုလာတပ်ဆင်သင့်ကြောင်း စိုးဝင်းက ဆိုပါတယ်။
အာဏာသိမ်း ဒုစစ်ခေါင်းဆောင် စိုးဝင်းက မနေ့က ဖေဖော်ဝါရီ ၅ ရက်၊ နေပြည်တော်မှာ ကျင်းပတဲ့ ပြည်ထောင်စုအဆင့် MSME ထုတ်ကုန်ပြပွဲနှင့် ပြိုင်ပွဲ ကျင်းပနိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးမှာ အခုလို ပြောကြားခဲ့တာပါ။
အာဏာသိမ်းစစ်တပ်ရဲ့ ထိပ်ပိုင်းခေါင်းဆောင်တွေဟာ တိုင်းပြည်အတွက် လိုအပ်တဲ့ လျှပ်စစ်မီးကို လုံလောက်စွာ မဖြန့်ဝေပေးနိုင်ခြင်းကို ဝန်မခံဘဲ လျှပ်စစ်မီးရရှိရေး နည်းလမ်းအမျိုးမျိုးကို အသုံးပြုဖို့သာ မကြာခဏ ပြောဆိုလေ့ရှိပါတယ်။
အသေးစားနှင့် အလတ်စားစီးပွားရေးလုပ်ငန်းအတွက် အဓိက လျှပ်စစ်မီးရရှိရေး တင်ပြချက်အပေါ် တစ်နိုင်ငံလုံးအနေနဲ့ လျှပ်စစ်ဓာတ်အားထုတ်လုပ်မှု မဂ္ဂါဝပ် ၆၃၀၀ ကျော် ရှိပေမယ့် အကြောင်းအမျိုးမျိုးကြောင့် ရပ်တန့်နေမှုတွေ၊ အကြမ်းဖက် လုပ်ရပ်တွေကြောင့် လျှပ်စစ် ထုတ်လုပ်နိုင်မှု ရပ်ဆိုင်းနေရတဲ့ စက်ရုံတွေ ရှိနေတယ်လို့ ဒုစစ်ခေါင်းဆောင်က အကြောင်းပြ ပြောဆိုပါတယ်။
ဒါ့ကြောင့် လုပ်ငန်းရှင်တွေအနေနဲ့ လျှပ်စစ်မီး ရရှိရေး ဆိုလာစနစ် တပ်ဆင်ကြဖို့ အရေးကြီးတယ်လို့ စိုးဝင်းက ဆိုပါတယ်။
အာဏာသိမ်းစစ်ခေါင်းဆောင် မင်းအောင်လှိုင်ရဲ့ သားသမီးတွေနဲ့ စစ်အရာရှိတချို့ဟာ နိုင်ငံအတွင်း ဆိုးဆိုးရွားရွား လျှပ်စစ်မီး ပြတ်တောက်နေမှုကို အခွင့်ကောင်းယူကာ ပြည်ပကနေ ဆိုလာနဲ့ ဆက်စပ်ပစ္စည်းတွေကို တရားဝင် တင်သွင်းမှုတွေ အမြောက်အမြား ပြုလုပ်လျက်ရှိပါတယ်။
စစ်ကောင်စီ ထိန်းချုပ်ထားတဲ့ လျှပ်စစ်ဝန်ကြီးဌာနကတော့ နောက်ပိုင်းတည်ဆောက်မယ့် အဆောက်အအုံတွေမှာ ဆိုလာစနစ် မဖြစ်မနေတပ်ဆင်ပြီး နိုင်ငံတော်ဓာတ်အားစနစ်ကို အချိုးကျ ပြန်လည်ပေးပို့ရမယ်လို့ ကနဦး ညွှန်ကြားချက်တချို့ ထုတ်ပြန်ထားပါသေးတယ်။
ဒါ့အပြင် လတ်တလော လျှပ်စစ်ပေးဝေနိုင်ရေးထက် ဧရာ၀တီနဲ့ ချင်းတွင်းမြစ်တွေမှာ နှစ်ရှည် ရေကာတာ စီမံကိန်းတချို့ကို လုပ်ဆောင်မယ်လို့လည်း စစ်ကောင်စီဘက်က ရည်ရွယ်ကြောင်း ပြောထားပါတယ်။
လျှပ်စစ်ရထားနဲ့ လျှပ်စစ်ကားတွေကို အသုံးပြုရမယ်လို့ မကြာခဏ ပြောလေ့ရှိတဲ့ အာဏာသိမ်း စစ်ခေါင်းဆောင် မင်းအောင်လှိုင်ကတော့ လတ်တလော နိုင်ငံကို လျှပ်စစ်မီးအပြည့်အ၀ မပေးနိုင်ခဲ့ရခြင်းဟာ တချိန်က စီမံကိန်းတွေ လုပ်ဆောင်ဖို့ ပြင်ဆင်ခဲ့စဉ် ဒေသခံတွေနဲ့ အရပ်ဖက်အဖွဲ့အစည်းတွေရဲ့ ကန့်ကွက်မှုကြောင့်လို့ ပြစ်တင်ဝေဖန်ပြောဆိုခဲ့ပါသေးတယ်။
