မြောက်ဥက္ကလာ၊ မြတ်မောင်ရွှေဆိုင် ဓားပြတိုက်ခံရပြီး ငွေကျပ် သိန်း ၁၆၀၀၀ ကျော် ရတနာပစ္စည်းများ ပါသွား၊ ဆိုင်အနီးတွင် စစ်တပ်လုံခြုံရေးများ ရှိနေ သော်လည်း ရွှေဆိုင်တွင် ပစ်ခတ်မှု ဖြစ်ချိန် လာရောက်ခြင်းမရှိ

မြောက်ဥက္ကလာ၊ မြတ်မောင်ရွှေဆိုင် ဓားပြတိုက်ခံရပြီး ငွေကျပ် သိန်း ၁၆၀၀၀ ကျော် ရတနာပစ္စည်းများ ပါသွား၊ ဆိုင်အနီးတွင် စစ်တပ်လုံခြုံရေးများ ရှိနေ သော်လည်း ရွှေဆိုင်တွင် ပစ်ခတ်မှု ဖြစ်ချိန် လာရောက်ခြင်းမရှိ

ရန်ကုန်၊ ဇွန် ၁၉
ရန်ကုန်တိုင်း၊ မြောက်ဥက္ကလာပမြို့နယ်၊ ဈ ရပ်ကွက်စျေးရှေ့ရှိ မြတ်မောင် ရွှေ ဆိုင်တွင် ယမန်နေ့ ညနေပိုင်း ဓားပြတိုက်မှုဖြစ်ပွားပြီ ငွေကျပ် သိန်း ၁၆၀၀၀ ကျော် ရတနာ ပစ္စည်း များပါသွားကြောင်း စစ်တပ်ဘက်က သတင်း ထုတ်ပြန် သည်။
ဇွန်လ ၁၈ ရက်နေ့ ည ၄ နာရီ ၁၅ မိနစ်အချိန် မြောက်ဥက္ကလာပမြိုနယ်၊ (ဈ) ရပ်ကွက်၊ မေဒါဝီလမ်း၊ (ဈ) ရပ်ကွက်စျေးရှေ့ရှိ မြတ်မောင်ရွှေဆိုင်ကို လူ ၃ ဦးက သေနတ်ပစ်ခတ်၍ ဝင်ရောက်ပြီး ရွှေထည်များလုယူကြောင်း၊ ရွှေပိဿာ ၄ ပိဿာကျော် တန်ဖိုးအားဖြင့် ငွေကျပ်သိန်း ၁၁၆၀၀ ၊ ငွေကျပ် သိန်း ၅၀၀၀ တန်ဖိုးရှိ စိန်ထည်များ စုစုပေါင်း ငွေကျပ်သိန်း ၁၆၆၀၀ တန်ဖိုးရှိ လက်ဝတ် ရတနာများ ပါသွားကြောင်း၊ သေနတ်ဖြင့် ပစ်ခတ်မှုကြောင့် ဆိုင်ဝန်ထမ်း ၂ ဦး ဒဏ် ရာရရှိကြောင်း သိရှိရသည်။
ယမန်နေ့ ညနေပိုင်း မြတ်မောင် ရွှေဆိုင်တွင် ဓားပြတိုက်မှုဖြစ်ပွားချိန် မြောက် ဥက္ကလာ ဈ ရပ်ကွက် အနီး တွင် စစ်တပ်က ကင်းလှည့်နေသော Double Cab ကား ၂ စီးရှိနေပြီး လမ်းဆုံတွင် ယာဉ်ထိန်းရဲများနှင့် စစ်သားတချို့ရှိနေကြောင်း၊ သို့ရာတွင် ရွှေဆိုင် ပစ်ခတ်မှုဖြစ်ပွားနေသည်ကို လာရောက် တားဆီး ဖမ်းဆီး ခြင်းမရှိကြောင်း ဒေသ ပြည်သူတချို့က ပြောဆိုသည်။
“ဈ ရပ်ကွက်စျေးဆိုတာ လူအမြဲစည်တဲ့နေရာ။ ၂၄ နာရီ လူမပြတ်ဘူး။ အဲဒီ နား တွေမှာ သပိတ် လုပ်မှာစိုးလို့ အမြဲတမ်း စစ်ခွေးနဲ့ ဘဲဥ (ယာဉ်ထိန်းရဲ) တွေ ချ ထား တဲ့နေရာတွေပါ။ အဲဒါ ပစ်ခတ်မှုဖြစ်တဲ့အချိန်မှာလည်း အနီးအနားမှာ ခွေးတွေရှိနေတယ်။ လာလည်းမလာဘူး။ နောက်ဓားပြတိုက်မှုဖြစ်ပြီး နာရီ ဝက်လောက်ကြာမှ ခွေးတွေရောက်လာတာ။ ဒီကောင်တွေ နဲ့တောင် ပတ် သက် နေသလားပဲ ဓားပြတိုက်မှုက ” ဟု မြောက်ဥက္ကလာပ၊ ဈ ရပ်ကွက်တွင် နေထိုင် သူ တစ်ဦးက ဆိုသည်။
လက်ရှိတွင် စစ်တပ်က ရွှေဆိုင်ရှိ CCTV ၊ လမ်းမတန်းနှင့် လမ်းဆုံဘက် အခြမ်းမှ CCTV များကို ကြည့်ရှု၍ ဓားပြတိုက်သွားသူများကို ဖမ်းဆီးရန် ကြိုးပမ်းနေကြောင်း သိရှိရသည်။