ဘုတလင်မှာ စစ်အုပ်စု ထွက်ပြေးလို့ ကူတော်ရွာရဲစခန်းကို သိမ်းပိုက် ရရှိ၊ နမခ တိုင်းမှူးအသစ် ပြောင်းပြီး တစ်လမပြည့်ခင် စခန်းစွန့်ခွာတာဖြစ်ပြီး ကူတော်ရွာက စစ်အုပ်စုကို စစ်ကြောင်းနဲ့ လာခေါ်ထုတ်၊

by

in

ဘုတလင်မှာ စစ်အုပ်စု ထွက်ပြေးလို့ ကူတော်ရွာရဲစခန်းကို သိမ်းပိုက် ရရှိ၊
နမခ တိုင်းမှူးအသစ် ပြောင်းပြီး တစ်လမပြည့်ခင် စခန်းစွန့်ခွာတာဖြစ်ပြီး ကူတော်ရွာက စစ်အုပ်စုကို စစ်ကြောင်းနဲ့ လာခေါ်ထုတ်၊
ဘုန်းစိုး/MFP၊ ဇန်နဝါရီ – ၂

စစ်ကိုင်းတိုင်း၊ မုံရွာခရိုင်၊ ဘုတလင်မြို့နယ်၊ ကူတော်ရွာရဲစခန်းက စစ်အုပ်စုနဲ့ ပျူစောထီးတွေ ဒီဇင်ဘာလ ၃၁ရက်မှာ စခန်းကို စွန့်ခွာထွက်ပြေးကြပြီလို့ ဒေသခံ တော်လှန်ရေး အင်အားစုတွေက MFP ကို ပြောပါတယ်။
“ကူတော်စခစခန်းမှ အကြမ်းဖက် စခ/ရခ များသည် ဘုတလင်မြို့အတွင်းသို့ စစ်ကြောင်းနှင့်အတူ လိုက်ပါ ပူးပေါင်းသွားပြီ ဖြစ်ပြီး ကူတော်ရွာ အထိုင်ချစခန်းတွင် အကြမ်းဖက် စခများ လုံးဝ မရှိတော့ကြောင်း စခန်းစွန့်ခွာသွားပြီ ဖြစ်ကြောင်း နှစ်ဦး သတင်းကောင်း ရရှိထားပါသည်” လို့ ဘုတလင်မြို့နယ် ရွေ့လျားစစ်ကြောင်း – ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ – BMT က ဖော်ပြပါတယ်။
ကူတော်ကျေးရွာ ရဲစခန်းဟာ ဘုတလင်မြို့နယ် မြောက်ပိုင်းမှာ တည်ရှိပြီး မုံရွာမြို့ အနောက်မြောက်တိုင်း စစ်ဌာနချုပ် – နမခ နဲ့ မိုင် ၃၀ ကျော်သာ ကွာဝေးပါတယ်။
ဒီဇင်ဘာလ ၁၈ရက်မှာ နမခ တိုင်းမှူးသစ်အဖြစ် ဗိုလ်မူးချုပ်အဆင့် မျိုးမင်းထွေး တာဝန်ယူပြီးနောက် တစ်လမပြည့်ခင်မှာပဲ ကူတော်ရွာ ရဲစခန်းကို စွန့်ခွာ ထွက်ပြေးတာ ဖြစ်ပါတယ်။
အာဏာသိမ်း စစ်ခေါင်းဆောင် မင်းအောင်လှိုင်က နမခ တိုင်းမှူး ဗိုလ်ချုပ်အဆင့် သန်းထိုက်ကို ရာထူးတိုးပေးကာ ဗိုလ်မှူးချုပ်အဆင့် မျိုးမင်းထွေးကို နမခ တိုင်းမှူးအဖြစ် ဒီဇင်ဘာလ ၁၈ရက်မှာ ခန့်အပ်ထားတာ ဖြစ်ပါတယ်။ နမခ တိုင်းမှူး သန်းထိုက်က ကူတော်ရွာ ရဲစခန်း မကျဖို့ နည်းမျိုးစုံကာ ခုခံခဲ့ပေမယ့် တိုင်းမှးသစ် မျိုးမင်းထွေးက အခုလို စခန်းစွန့်ခွာ ထွက်ပြေးတာလည်း ဖြစ်ပါတယ်။
ကူတော်ရွာ ရဲစခန်းမှာ စစ်အုပ်စုနဲ့ ပျူစောထီး အင်အား ၃၀ ဝန်းကျင် အထိုင်ချ တပ်စွဲထားတာ ဖြစ်ပြီး အဲ့ဒီ စစ်အုပ်စုဟာ ယခင်က အနီးဝန်းကျင် ကျေးရွာတွေကို စီးနင်းကာ ပြည်သူပိုင် ပစ္စည်းတွေ ဖောက်ထွင်းလုယက် ခိုးယူ စားသောက် နေခဲ့ရာက ၂၀၂၃ နှစ်လည်ပိုင်းက စလို့ စခန်းအပြင်ကို မထွက်ရဲတော့ဘဲ ရိက္ခာပြတ်ပြီး ငတ်လာချိန်တိုင်း နမခ ကနေ စစ်ကြောင်းနဲ့ မကြာခဏ ရိက္ခာပို့ပေးနေရတယ်လို့ ဒေသခံ တော်လှန်ရေး အင်အားစုတွေက ပြောပါတယ်။
ဒီဇင်ဘာလ ၂၅ရက်မှာ နမခ က ထွက်လာတဲ့ အင်အား ၁၀၀ ဝန်းကျင်ပါ စစ်အုပ်စုဟာ ဘုတလင်နယ်ထဲ စစ်ကြောင်းထိုးကာ လှည်း၊ နွားနဲ့ ပြည်သူ ၂၀၀ ခန့်ကို ဖမ်းဆီးပြီး ကူတော် ရဲစခန်းထဲ ရိက္ခာပို့ပြီးနောက် ဒီဇင်ဘာလ ၃၁ရက်မှာ ကူတော်ရွာ ရဲစခန်းထဲက စစ်အုပ်စုကို ပြန်ခေါ်ထုတ် သွားတာလို့ ဆိုပါတယ်။
“ဘုတလင်မြို့ပေါ်ကနေ လှည်းတွေနဲ့လာတဲ့ စစ်ကြောင်းက ခေါ်သွားတာဗျ၊ အခု ကူတော်မှာ စစ်သားတွေ မရှိတော့ဘူး၊ အားလုံး ရှင်းသွားပြီ” လို့ ဘုတလင်မြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ – ပအဖ အဖွဲ့၀င်တစ်ဦးက ပြောပါတယ်။
ကူတော်ရွာ ရဲစခန်းထဲက စစ်အုပ်စုကို ပြန်ခေါ်ထုတ်သွားရာမှာ ဒေသခံပြည်သူ ၂၀၀ ခန့်ကို ဖမ်းဆီးပြီး ဓားစာခံ လူသားဒိုင်းကာ အဖြစ် အသုံးချသလို လှည်းနဲ့နွားတွေကိုလည်း လုယက်ယူဆောင်ကာ ခိုးရာပါ ပစ္စည်းတွေ တင်ဆောင် သွားတယ်လို့ ဆိုပါတယ်။
စစ်အုပ်စုဟာ ဘုတလင်မြို့ပေါ် အပါအဝင် ဘုတလင်နယ် ကျေးရွာတွေက ဓားစာခံ လူသားဒိုင်းကာအဖြစ် ဖမ်းဆီးခေါ်ဆောင်လာသူ ပြည်သူ ၂၀၀ ဝန်းကျင်ထဲက တချို့တဝက်ကို ယမန်နေ့ ဒီဇင်ဘာလ ၂၉ရက်မှာ ပြန်လွှတ်ပေးခဲ့ပေမယ့် ရာနဲ့ချီတဲ့ ပြည်သူတွေ ဆက်လက် ဖမ်းဆီးခံထားရဆဲလို့ ဒေသခံတွေက ပြောပါတယ်။
“အဖမ်းခံရတဲ့ အထဲက တချို့တော့ ပြန်လွတ်လာတာ ရှိတယ်၊ နွားလှည်းတွေဖမ်းတာက ကူတော်စခန်းက သူတို့ (စကစ) ပစ္စည်းတွေ သယ်ဖို့နဲ့ ရိက္ခာ ဘာညာ တင်ဖို့၊ လူက များတော့ ဘယ်လောက် ပြန်လွတ်လာတယ်ဆိုတာကြ မသိရဘူး”လို့ ဘုတလင်မြို့နယ် ဒေသခံတစ်ဦးက ပြောပါတယ်။
ကူတော်ရွာ ရဲစခန်းကို ၂၀၂၂ ဇွန်လမှာ တော်လှန်ရေးတပ်တွေက တိုက်ခိုက် သိမ်းပိုက်ခဲ့ပေမယ့် ရက်ပိုင်းအကြာမှာ စစ်အုပ်စုက အင်အား အများအပြားနဲ့ ပြန်လည် ထိုးစစ်ဆင်ပြီး စစ်အုပ်စုနဲ့ ပျူစောထီး အင်အား ၃၀ ခန့် ပြန်လည် အထိုင်ချကာ တပ်စွဲခဲ့ပါတယ်။
အဲ့ဒီနောက် စစ်အုပ်စုက ကူတော်ကျေးရွာအုပ်စု၊ ကူတော်ရွာနဲ့ ရွာချင်း ကပ်လျက် ဖြစ်တဲ့ ရွာမွန်ရွာတို့ကို အကြိမ်ကြိမ် စီးနင်းဝင်မွှေ လုယက်မီးရှို့သလို တွေ့သမျှလူ ဖမ်းဆီး သတ်ဖြတ်တာကြောင့် ရွာမွန်ရွာ ရွာလုံးကျွတ် ပြာကျခဲ့ပြီး ကူတော်ရွာကတော့ ရွာလုံးကျွတ်ပြာမကျသေးဘဲ နေအိမ်တချို့ ကျန်ရှိနေသေးပေမယ့် ပြည်သူတွေ ကျေးရွာထဲမှာ မနေရဲလို့ ၂၀၂၂ ကတည်းက နှစ်ရွာလုံး ရွာပျက်ကြီးတွေသွားပြီလို့ ဒေသခံတွေက ပြောပါတယ်။
စစ်အုပ်စု စခန်းစွန့်ခွာ ထွက်ပြေးပြီးနောက် ဘုတလင်နယ် ကူတော်ရွာ ရဲစခန်းကို ဇန်နဝါရီ ၁ရက်က တွေ့ရစဉ်/Photo – ဘုတလင်မြို့နယ် ရွေ့လျားစစ်ကြောင်း – ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ – BMT