ကန်ကြီးထောင့်တွင် စစ်အာဏာရှင် ဆန့်ကျင်သော ပြည်သူများကို ဖမ်းဆီးနှိပ်စက်ထောင်ချခဲ့ပြီး လုပ်ငန်းရှင်များထံမှ ဆက် ကြေး တောင်း ငွေညှစ်ခဲ့သူ ဗိုလ်မှူး နိုင်လင်းအောင် ရခိုင်တိုက်ပွဲတွင် သေဆုံး

by

in

ကန်ကြီးထောင့်တွင် စစ်အာဏာရှင် ဆန့်ကျင်သော ပြည်သူများကို ဖမ်းဆီးနှိပ်စက်ထောင်ချခဲ့ပြီး လုပ်ငန်းရှင်များထံမှ ဆက် ကြေး တောင်း ငွေညှစ်ခဲ့သူ ဗိုလ်မှူး နိုင်လင်းအောင် ရခိုင်တိုက်ပွဲတွင် သေဆုံး
ရန်ကုန်၊ ဇန်နဝါရီ ၂

ဧရာ၀တီတိုင်း၊ ကန်ကြီးထောင့်မြို့နယ်တွင် စစ်အာဏာရှင်ဆန့်ကျင်ရေး ပြည်သူများကို ဖမ်းဆီးနှိပ်စက်ထောင်ချခဲ့ပြီး လုပ်ငန်းရှင်များကို ငွေညှစ်ခဲ့သူ ဗိုလ်မှူး နိုင်လင်းအောင်သည် ရခိုင်တိုက်ပွဲတွင် သေဆုံးသွားကြောင်း အဆိုပါ ဗိုလ်မှူးနှင့်နီးစပ်သူများက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။
၂၀၂၄ ခုနှစ် ဒီဇင်ဘာလအတွင်း ရခိုင်ပြည်နယ်၊ ဂွမြို့နယ်ကို AA က တိုက်ခိုက်သိမ်းပိုက်ပြီးနောက် ဂွမြို့နယ် ပြန်လည် ရရှိရေး စစ်ကောင်စီက စစ်ဆင်ရေး လုပ်နေစဉ် တိုက်ပွဲအတွင်း ဗိုလ်မှူးနိုင်လင်းအောင် သေဆုံးခဲ့ခြင်းဖြစ်ကြောင်း သိရှိရသည်။
ဗိုလ်မှူးနိုင်လင်းအောင်သည် ဆက်သွယ်ရေးတပ်မှ ဖြစ်ပြီး ကန်ကြီးထောင့်မြို့နယ်တွင် ၂၀၂၁ ခုနှစ်မှ ၂၀၂၃ ခုနှစ်အထိ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင် ၁ အဖြစ် တာဝန်ထမ်းဆောင်ခဲ့ပြီး ကန်ကြီးထောင့်မြို့တွင် ရေဒီယို လက်ဖက်ရည်ဆိုင်ပိုင်ရှင်လည်းဖြစ်၊ ကြံ့ဖွတ်အမာခံ ပါတီဝင်လည်းဖြစ်သူ ရဲဇော်လင်း၏ သမီးဖြစ်သူ မပီတိဘုံကို လက်ထပ်ယူခဲ့သူလည်းဖြစ်သည်။ ၎င်းသည် စစ်တက္ကသိုလ်အပတ်စဉ် DSA အပတ်စဉ် ၄၈ ကျောင်းဆင်းလည်းဖြစ်သည်။
ကန်ကြီးထောင့်မြို့နယ်တွင် မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်အဖြစ် တာဝန်ကျစဉ် ဗိုလ်မှူး နိုင်လင်းအောင်က စစ်အာဏာရှင် ဆန့်ကျင်ရေး ပြည်သူ အများအပြားကို ထောင်သွင်းအကျဉ်းချခြင်း၊ ၂၀၂၀ ရွေးကောက်ပွဲအနိုင်ရ NLD လွှတ်တော်ကိုယ်စားလှယ်များ၏ ပို့စ်များကို Like နှင့် Share ပေးသူ ပြည်သူမှန်သမျှကို ဖမ်းဆီးခဲ့ခြင်းများ လုပ်ဆောင်ခဲ့သည်။
ကန်ကြီးထောင့်မြို့နယ်သို့ တာဝန်မကျမီ တပ်မတော်အဆင့်မြင့်နည်းပညာသုံးဆက်သွယ်ရေး၊ အီလက်ထရောနစ်ပစ္စည်းများ ထုတ်လုပ်ရေးနှင့် သုတေသနဌာနချုပ်တွင် တပ်ရေးဗိုလ်ကြီးအဖြစ် တာဝန်ထမ်းဆောင်ခဲ့ပြီးနောက် ကန်ကြီးထောင့်မြို့နယ်တွင် ဗိုလ်မှူးရာထူးဖြင့် ပြောင်းရွှေ့ခဲ့သူလည်းဖြစ်သည်။ ယခင် ဆက်သွယ်ရေးညွှန်ကြားရေးမှူး ဗိုလ်ချုပ်ထွန်းထွန်းဦး၏ တပည့်အရင်းလည်းဖြစ်သည်။
ကန်ကြီးထောင့်မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်ဖြစ်ခဲ့စဉ်က လုပ်ငန်းရှင်များကို ငွေညှစ်ရာတွင် နာမည်ကြီးပြီး ကန်ကြီးထောင့်မြို့ပေါ်ရှိ လုပ်ငန်းရှင်များအားလုံးထံမှ လစဉ် ငွေသိန်း ဆယ်ဂဏန်းချီ ဆက်ကြေးကောက်ယူခဲ့သူလည်းဖြစ်သည်။
၂၀၂၃ ခုနှစ်မေလအတွင် ရခိုင်ပြည်နယ်သို့ ပြောင်းရွှေ့ခဲ့ရာမှ ၂၀၂၄ ခုနှစ် ဒီဇင်ဘာလအတွင်း ရခိုင်ပြည်နယ်၊ ဂွမြို့နယ် တိုက်ပွဲအတွင်း သေဆုံးခဲ့ခြင်းဖြစ်ကြောင်း သိရှိရသည်။