မင်းအောင်လှိုင် ဦးဆောင်တဲ့ ‘မုန့်ဟင်းခါး တပ်မတော်မှသည် ခေါက်ဆွဲကြော် တပ်မတော်ဆီ’

by

in

မင်းအောင်လှိုင် ဦးဆောင်တဲ့ ‘မုန့်ဟင်းခါး တပ်မတော်မှသည် ခေါက်ဆွဲကြော် တပ်မတော်ဆီ’
ဇန်နဝါရီ ၁၊ ၂၀၂၅

အာဏာသိမ်းစစ်ကောင်စီဟာ စစ်ကောင်စီတပ်ရင်းတွေအနေနဲ့ ရှေ့တန်း စစ်စခန်းနဲ့ နောက်တန်းဌာနချုပ်တွေမှာ စတုဒီသာ ကျွေးရင် ခေါက်ဆွဲကြော်ကိုသာ ကျွေးမွေးဖို့ ညွှန်ကြားလာကြောင်း စစ်ကောင်စီတပ်တွင်း သတင်းရင်းမြစ်တွေထံက သိရပါတယ်။
အဲဒီညွှန်ကြားချက်ဟာ မန္တလေးက ‘မုဆိုးမတို့ရွာ’ မုန့်ဟင်းခါးဆိုင်ကို စစ်တပ်က ဖျက်ဆီးပြီး ရက်ပိုင်းအတွင်းမှာတင် ထွက်လာတာဖြစ်တယ်လို့ အဆိုပါရင်းမြစ်များကဆိုပါတယ်။
“ ‘မုဆိုးမတို့ရွာ’ ဆိုင်ကို ဖွင့်ပြီး နောက်ပိုင်းမှာတင် မုန့်ဟင်းခါးကို သူတို့ အလဂျစ်ဖြစ်သွားတာ … ညွှန်ကြားချက်ကတော့ ကြေးနန်းတွေရော နှုတ်မိန့်နဲ့ပါ ထွက်တယ်… ဒါပေမယ့် ဖရဲသီးလုံခြုံရေးအရ ချပြလို့ မရပါဘူး” လို့ CDM ဗိုလ်ကြီးဇင်ယော်က မောင်းကို ပြောပါတယ်။
မုန့်ဟင်းခါးဆိုတဲ့ နာမည်ကို ခါးခါးသီးသီး ဖြစ်နေတဲ့ မင်းအောင်လှိုင်ရဲ့ စစ်ကောင်စီဟာ စစ်သားတွေကို စတုဒီသာ အာဟာရပြုရင်တောင် မုန့်ဟင်းခါးအစား ခေါက်ဆွဲကြော်သာ ကျွေးရမယ်ဆိုတဲ့ ဟာသဆန်ဆန် ညွှန်ကြားချက်ကို စေခိုင်းလာတာ ဖြစ်ပါတယ်။
ပြီးခဲ့တဲ့ ၂၀၂၄၊ ဒီဇင်ဘာ ၃၀ ရက်နေ့မှာ မန္တလေးမြို့၊ မဟာအောင်မြေမြို့နယ်၊ မဟာမြိုင်ရပ်ကွက် (၂) ၊ မနောရမ္မံပန်းခြံရှေ့က ‘မုဆိုးမတို့ရွာ’ မုန့်ဟင်းခါးဆိုင်ကို စစ်အုပ်စုအဖွဲ့ဝင်တွေက လာရောက် ဖျက်ဆီးခဲ့ပါတယ်။
“မုဆိုးမတို့ရွာ” လို့ နာမည်ပေးတာဟာ စစ်ကောင်စီအတွက် တိုက်ပွဲဝင်ရင်း သေဆုံးသွားတဲ့ စစ်သားတွေရဲ့ ဇနီးမယားတွေကို လှောင်ပြောင်တာဖြစ်တယ်ဆိုတဲ့ စွပ်စွဲချက်တွေနဲ့ ဆိုင်ကို ဖျက်ဆီးဖို့ စစ်ကောင်စီထောက်ခံသူတွေက တောင်းဆိုခဲ့ပြီးနောက်မှာ ဖျက်ဆီးခံလိုက်ရတာဖြစ်ပါတယ်။
ဒီနှစ်ပိုင်း ရှေ့တန်းစစ်မျက်နှာတွေမှာ စစ်ကောင်စီတပ်သားတွေ အကျအဆုံးများလာသလို၊ တပ်ရင်းလိုက်ပြုတ်တဲ့ စစ်ပွဲတွေတောင်ရှိလာလို့၊ တချို့တပ်ရင်းတွေမှာ ရက်လည် မုန့်ဟင်းခါး ဆွမ်းသွပ်ပွဲတွေ ဆက်နေတာမျိုးတွေကြောင့်၊ စစ်ကောင်စီ ကိုးကွယ်တဲ့ ဘုန်းကြီးတချို့က “မုဆိုးမတို့ရွာ” ဆိုင်နာမည်ဟာ အတိတ်နမိတ် မကောင်းဘူးဆိုပြီး ပြောကြားမှုတွေလည်း ရှိလာခဲ့တယ်လို့ သိရပါတယ်။
စစ်ကောင်စီက အတင်းအဓမ္မ ပိတ်ခိုင်းခဲ့တဲ့ “မုဆိုးမတို့ရွာ” မုန့်ဟင်းခါးဆိုင်ကို ဖွင့်လှစ်ရောင်းချခဲ့သူတွေထဲမှာ တိုက်ပွဲအတွင်း သေဆုံးသွားတဲ့ စစ်သားတချို့ရဲ့ ကျန်ရစ်ခဲ့တဲ့ မိန်းမတွေ ပါဝင်တယ်လို့လည်း သိရပါတယ်။
ရှေ့တန်းတွေမှာ စစ်သားတွေ သေဆုံးတာ များလာပေမယ့် ကျန်ရစ်တဲ့ မိသားစုဝင်တွေကို သေဆုံးကြောင်း အသိမပေးတဲ့အပြင် ဝမ်းနည်းခွင့်တောင် မပေးတာကြောင့် မကျေနပ်တာတွေ စုပုံလာပြီး အခုလို ပေါက်ကွဲကုန်တာဖြစ်တယ်လို့ ဗိုလ်ကြီးဇင်ယော်က ဆိုပါတယ်။
“အသေခံပြီးသာ တိုက်သွားရတယ်.. ဘာအကျိုးခံစားခွင့်မှလည်း မရဘူး သတင်းလည်းမရဘူး .. စစ်တပ်မှာက ပေါက်ကွဲလို့မရဘူး ကြေကွဲလို့ပဲ ရတယ်ပေါ့နော် … အခုက ကြေကွဲပြတာကိုတောင် လက်မခံတော့ ပေါက်ကွဲပြတဲ့ အခြေအနေမျိုးထိ ရောက်လာတာပါ… တပ်တွင်းက သူ့ဘာသာသူပဲ ဒုက္ခရောက်သွားပါလိမ့်မယ်” လို့ ဆိုပါတယ်။
ပုံမှန်အားဖြင့် စစ်ကောင်စီတပ်တွေမှာ စစ်သားတွေကို အာဟာရပြု စတုဒီသာ ကျွေးမွေးရင် မုန့်ဟင်းခါးနဲ့ ကြာဇံကြော်ကို အဓိကထားပြီး ကျွေးမွေးခဲ့တာပါ။ နောက်ပိုင်းမှာတော့ စတုဒီသာ ကျွေးမွေးတဲ့အခါ ခေါက်ဆွဲကြော်တွေ မြင်တွေ့ရတော့မယ်လို့ သတင်းတွေ ထွက်နေတာ ဖြစ်ပါတယ်။
“ခေါက်ဆွဲကြော်ကတော့ တရုတ်အစားအစာမို့လို့လားတော့ မသိဘူးပေါ့နော် (ရယ်လျက်) ခေါက်ဆွဲကြော်‌ ပြောင်းကျွေးဆိုပြီး ရှေ့တန်းစခန်းတွေမှာ နှစ်သစ်ကူးလုပ်တော့ ခေါက်ဆွဲကြော်ကျွေးသွားတာ တွေ့ရတယ်ဗျ… ကြာဇံကျတော့လည်း မကြာချင်လို့လား… မုန့်ဟင်းခါးကျတော့လည်း အတိတ်တဘောင်တွေ စီးနေလို့လားတော့ မပြောတတ်ဘူးနော် အခုက ခေါက်ဆွဲကြော်လိုင်းဘက်ကို ပြောင်းသွားတယ်ဗျ” လို့ CDM ဗိုလ်ကြီးဇင်ယော်က ပြောခဲ့ပါတယ်။