စစ်ဗိုလ်ချုပ်ကြီးများနှင့်စစ်သည်များ မင်းအောင်လှိုင်နှင့်စစ်အုပ်စုအတွက် အသက်ပေးကာကွယ်ခြင်းမပြုဘဲ ပြည်သူနှင့်အမြန်ပူးပေါင်းရန် NUG ယာယီသမ္မတ တိုက်တွန်း

by

in

စစ်ဗိုလ်ချုပ်ကြီးများနှင့်စစ်သည်များ မင်းအောင်လှိုင်နှင့်စစ်အုပ်စုအတွက် အသက်ပေးကာကွယ်ခြင်းမပြုဘဲ ပြည်သူနှင့်အမြန်ပူးပေါင်းရန် NUG ယာယီသမ္မတ တိုက်တွန်း
ဟန်နွေ/People’s Spring

ပြည်သူလူထုကို အကြမ်းဖက်သတ်ဖြတ်မှုများ ကျူးလွန်နေသည့် ရာဇဝတ်သားမင်းအောင်လှိုင်နှင့် စစ်အုပ်စုကို အသက်ပေးကာကွယ်ခြင်းမပြုဘဲ ပြည်သူလူထုဘက်ရပ်တည်ကြရန် အမျိုးသားညီညွတ်ရေးအစိုးရ(NUG)ယာယီသမ္မတ ဒူဝါလရှီးလက ဗိုလ်ချုပ်ကြီးအပါအဝင် တပ်မတော်သားများကို တိုက်တွန်းလိုက်သည်။
ယာယီသမ္မတ ဒူဝါလရှီးလက ယနေ့(ဇန်နဝါရီ ၁ရက်) နံနက်တွင် နှစ်သစ်ကူးမိန့်ခွန်းပြောကြားခဲ့ရာ မင်းအောင်လှိုင်နှင့် စစ်အုပ်စုကို တိုက်ရိုက်အကာအကွယ်ပေးနေသည့် စစ်ကောင်စီတပ်သားများအတွက် ယခုကဲ့သို့ ယခုကဲ့သို့ သတင်းစကား ပြောကြားတိုက်တွန်းလိုက်ခြင်းဖြစ်သည်။
“တကယ်တော့ မြန်မာ့တပ်မတော်နဲ့ အကြမ်းဖက်စစ်ကောင်စီဆိုတာဟာ ထပ်တူချလို့မရတဲ့ အချက်တွေရှိပါတယ်။ မြန်မာ့တပ်မတော်မှာ ခေါင်းဆောင်နေသူတွေဟာ အာဏာတပ်မက်မှုနဲ့ ကိုယ်ကျိုးအရေး သိပ်အလေးထားပြီး ပြည်သူလူထုကို ရက်စက်စွာ နှိပ်စက်သတ်ဖြတ်နေမှုနဲ့ ဦးဆောင်မှု သိမ်ဖျင်းယိုယွင်းနေခြင်းကြောင့်မြန်မာ့တပ်မတော်ဟာ အကြမ်းဖက် စစ်တပ်အဖြစ် ပြည်သူတစ်ရပ်လုံးက ရှုမြင်နေကြပြီဖြစ်ပါတယ်။ မြန်မာ့တပ်မတော်ရဲ့ ဂုဏ်သိက္ခာကို တပ်မတော်သားတွေကပဲ ပြန်လည် အဖက်ဆည်လို့ရမယ့် အခြေအနေကို ရောက်နေပြီဖြစ်ပါတယ်”ဟု ယာယီသမ္မတက ပြောသည်။
လက်ရှိအချိန်တွင် မြန်မာ့တပ်မတော်ကို ခေါင်းဆောင်နေသည့် စစ်ကောင်စီခေါင်းဆောင်များက ယခင်က လူထုအကြားလေးစားခံရသည့် တပ်မတော်၏ ဂုဏ်သိက္ခာကို အောက်တန်းကျအောင် လုပ်နေသည်ဟု ယာယီသမ္မတက ပြောသည်။
“ဒါကို တပ်မတော်သားတွေက လျစ်လျူရှုထားလို့မသင့်တော့ဘူးလို့ ယူဆပါတယ်။ ဒါကြောင့် ရာဇဝတ်သားမင်းအောင်လှိုင်နဲ့ အကြမ်းဖက်စစ်ကောင်စီရဲ့ သစ္စာခံ အကြမ်းဖက်စစ်သားအဖြစ်မှ ဂုဏ်သိက္ခာရှိတဲ့ ပြည်သူ့ကာကွယ်ရေး တပ်သားများအဖြစ် ပြောင်းလဲချိန်တန်ပြီလို့ လေးနက်စွာ ယုံကြည်ပါတယ်။ “ဟု ယာယီသမ္မတက ပြောသည်။
ထို့အပြင် အနာဂတ် နိုင်ငံတော်သစ်တည်ဆောက်ရေးအတွက် အနာဂတ်၌ တပ်မတော်သစ်တည်ဆောက်ရေးသည် အရေးပါသည့် ကဏ္ဍမှ ပါဝင်နေ၍ စစ်ကောင်စီ တပ်၏ ဩဇာခံ စစ်သားအဖြစ် မပါဝင်တော့ဘဲ ပြည်သူချစ်သော ပြည်သူ့ စစ်သားများအဖြစ် ရပ်တည်ကြရန် ယာယီသမ္မတက မေတ္တာရပ်ခံလိုက်ခြင်းဖြစ်သည်။
ပြည်သူ့စစ်သားအဖြစ် ပြည်သူ့ဘက်ကို ပြောင်းလဲရပ်တည်လာသည့် တပ်မတော်သားအားလုံး၏ အသက်နှင့် ဘ၀လုံခြုံရေးကိစ္စ အ၀၀ကိုအလေးထား ကာကွယ်စောင့်ရှောက်ပေးရန် အာမခံသည်ဟုလည်း ပြောသည်။
“တပ်မတော်သားများအနေဖြင့် ပြည်သူလူထုဘက် ရပ်တည်ခြင်းဖြင့် လက်ရှိ တိုင်းပြည်တွင် ဖြစ်ပျက်နေတဲ့ ပဋိပက္ခများကို အမြန်ဆုံး ရပ်တန့်နိုင်ဖို့ အကောင်းဆုံး အချိန်အခါတရပ်လည်း ဖြစ်နေပြီဖြစ်ပါတယ်။တပ်မတော်ကို ဦးဆောင်ဦးရွက်ပြုနေသော စစ်ဗိုလ်ချုပ်ကြီးများ၊ မြေပြင်တွင် ရာဇဝတ်သား မင်းအောင်လှိုင်နဲ့ အကြမ်းဖက် စစ်အုပ်စုအတွက် အသက်ပေး ကာကွယ်ပေးနေတဲ့ တပ်မတော်သားများကို တိုင်းပြည်ရဲ့ ရှေ့ရေးကို ဦးတည်ပြီး အမြန်ဆုံးပြည်သူလူထုနဲ့ ပူးပေါင်းချိန်တန်ပြီလို့ ထပ်မံ တိုက်တွန်းပြောကြားလိုပါတယ်။” ဟု ယာယီသမ္မတက ပြောကြားသည်။
ကရင်အမျိုးသားအစည်းအရုံး(KNU) ပြောရေးဆိုခွင့်ရှိသူ ပဒိုစောတောနီးကလည်း လာမည့် ယခုနှစ်သစ်တွင် စစ်ရေး ပိုမိုပြင်းထန်မည်ဖြစ်ကြောင်း အသိပေးကာ စစ်တပ်ကို အပြောင်းအလဲလုပ်ချင်သည့် တပ်မှူး တပ်သားများ အနေဖြင့် အချိန်အခါကောင်းကို လက်လွှတ်မခံဘဲ တော်လှန်ရေးအင်အားစုများနှင့် အမြန်လက်တွဲရန် တိုက်တွန်းထားသည်။