ငါန်းဇွန်မြို့နယ်၊ သားကျင်ကျေးရွာကို စစ်တပ်က နှစ်သစ်ကူးည စစ်လေယာဉ်ဖြင့် ဗုံးကျဲမှု မိသားစုဝင် ၅ ဦးသေဆုံးပြီး ၂ ဦးသာအလောင်းရကာ ကျန် ၃ ဦးမှာ အစိတ်စိတ်အမွှာမွှာ ဖြစ်သွား၊ လူနေအိမ် ၅ လုံးပျက်စီးပြီး နွား ၉ ကောင်လည်းသေဆုံး

by

in

ငါန်းဇွန်မြို့နယ်၊ သားကျင်ကျေးရွာကို စစ်တပ်က နှစ်သစ်ကူးည စစ်လေယာဉ်ဖြင့် ဗုံးကျဲမှု မိသားစုဝင် ၅ ဦးသေဆုံးပြီး ၂ ဦးသာအလောင်းရကာ ကျန် ၃ ဦးမှာ အစိတ်စိတ်အမွှာမွှာ ဖြစ်သွား၊ လူနေအိမ် ၅ လုံးပျက်စီးပြီး နွား ၉ ကောင်လည်းသေဆုံး
ရန်ကုန်၊ ဇန်နဝါရီ ၁

မန္တလေးတိုင်း၊ ငါန်းဇွန်မြို့နယ်၊ သားကျင်ကျေးရွာကို စစ်တပ်က ယမန်နေ့ နှစ်သစ်ကူးညအချိန် စစ်လေယာဉ်ဖြင့် ဗုံးများကျဲချခဲ့ရာ မိသားစုဝင် ၅ ဦးသေဆုံးပြီး ၂ ဦးသာ အလောင်းပြန်ရကာ ကျန် ၃ ဦးမှာ အစိတ်စိတ်အမွှာမွှာ ဖြစ်ကာ ကိုယ်ခန္ဓာအပိုင်းအစများနှင့် အသားစများသာ ပြန်လည်ရရှိကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။
ယမန်နေ့ ဒီဇင်ဘာလ ၃၁ ရက်နေ့ ည ၉ နာရီ ၄၅ မိနစ်အချိန် အကြမ်းဖက်စစ်ကောင်စီတပ်က ငါန်းဇွန်မြို့နယ်၊ သားကျင်ကျေးရွာကို တိုက်ပွဲ ဖြစ်ပွားခြင်းမရှိဘဲ စစ်လေယာဉ်ဖြင့် ဗုံးကျဲတိုက်ခိုက်ခဲ့ကြောင်း၊ လေယာဉ်ဗုံးက သားကျင်ကျေးရွာအတွင်း ကျရောက်ပေါက်ကွဲခဲ့ပြီး မိသားစုတစ်စုတည်းမှ မိသားစုဝင် ၅ ဦးသေဆုံးပြီး ၂ ဦးဒဏ်ရာရရှိကြောင်း၊ သေဆုံးသူ ၅ ဦးတွင် ၂ ဦးသာ အလောင်းပြန်ရပြီး ကျန် ၃ ဦးမှာ ကိုယ်ခန္ဓာ အပိုင်းအစများနှင့် အသားစများဖြစ်သွား၍ အလောင်းအကောင်းအတိုင်း ပြန်မရတော့ကြောင်း သိရှိရသည်။
” သားကျင်ရွာအပေါ်ကို မထင်မှတ်ဘဲ လေယာဉ်နဲ့ ဗုံး ၂ လုံးကျတာ။ ဘုန်းကြီးကျောင်းဘေးက အိမ်ပေါ်ကို တည့်တည့်ကျပြီး မိသားစု တစ်စုလုံး သေဆုံးဒဏ်ရာရတယ်။ အိမ်လည်းပျက်စီးတယ်။ မိသားစုဝင် ၇ ဦးထဲမှာ ၅ ဦးသေဆုံးတယ်။ ၂ ဦးက ဒဏ်ရာ ပြင်းထန်တယ်။ သေဆုံးသူ ၅ ဦးမှာ ၂ ဦးက အလောင်းရှာတွေ့တယ်။ ကျန် ၃ ဦးက အသားအစအနတွေဖြစ်ကုန်တယ်” ဟု ဒေသပြည်သူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။
ထို့ပြင် သားကျင်ကျေးရွာကို စစ်ကောင်စီက လေယာဉ်ဖြင့် ဗုံးကျဲမှုကြောင့် နွား ၉ ကောင်သေဆုံးပြီး လူနေအိမ် ၅ လုံးလည်း ပျက်စီးကြောင်း သိရှိရသည်။
ဒီဇင်ဘာ၆ရက်န့ကလည်း သားကျင်ကျေးရွာကို စစ်တပ်က လေယာဉ်ဖြင့် ဗုံးကျဲချသဖြင့် တော်လှန်ရေးရဲဘော် ၂ ဦးသေဆုံးကာ ၂ ဦးဒဏ်ရာရရှိကြောင်း ၊ စာသင်ကျောင်း ၁ ခု ပျက်စီးပြီး လူနေအိမ် ၅ လုံးလည်း မီးလောင်ပျက်စီးခဲ့ကြောင်း၊ အိမ်မွေး နွား ၄ ကောင်လည်း သေဆုံးခဲ့ကြောင်း၊ စစ်ကောင်စီက ငါန်းဇွန်ကျေးရွာအတွင်းသို့ စစ်လေယာဉ်ဖြင့် မကြာခဏဆိုသလို ဗုံးကျဲတိုက်ခိုက်မှုများ လုပ်ဆောင်နေကြောင်း သိရှိရသည်။