ညောင်လေးပင်တွင် စစ်တပ်က ကျေးရွာများကို လက်နက်ကြီး၊ ဒရုန်များဖြင့် ပစ်ခတ်ဗုံးကျဲပြီး မြေပြင်မှလည်း စစ်ကြောင်းထိုးနေ၍ KNLA တပ်ဖွဲ့များနှင့် တိုက်ပွဲဖြစ်ပွားနေ၊ ကျေးရွာ ၄ ရွာမှ ထောင်နှင့်ချီသော ပြည်သူများ တိမ်းရှောင်နေရ

ညောင်လေးပင်တွင် စစ်တပ်က ကျေးရွာများကို လက်နက်ကြီး၊ ဒရုန်များဖြင့် ပစ်ခတ်ဗုံးကျဲပြီး မြေပြင်မှလည်း စစ်ကြောင်းထိုးနေ၍ KNLA တပ်ဖွဲ့များနှင့် တိုက်ပွဲဖြစ်ပွားနေ၊ ကျေးရွာ ၄ ရွာမှ ထောင်နှင့်ချီသော ပြည်သူများ တိမ်းရှောင်နေရ
ရန်ကုန်၊ ဒီဇင်ဘာ ၉
ပဲခူးတိုင်း၊ ညောင်လေးပင်ခရိုင်တွင် အကြမ်းဖက် စစ်တပ်က ကျေးရွာများကို လက်နက်ကြီး၊ ဒရုန်များဖြင့် ပစ်ခတ် ဗုံးကျဲပြီး မြေပြင်မှလည်း စစ်ကြောင်းထိုးနေ၍ KNLA တပ်ဖွဲ့များနှင့် တိုက်ပွဲဖြစ်ပွားနေပြီး ကျေးရွာ ၄ ရွာမှ ထောင်နှင့်ချီသော ပြည်သူများ တိမ်းရှောင်နေရကြောင်း KNU ဗဟိုက ပြောဆိုသည်။
ဒီဇင်ဘာလ ၅ ရက်နေ့တွင် မူးမြို့နယ်၊ အုန်းပင်စုကျေးရွာတွင် နေရာယူထားသော အကြမ်းဖက် စစ်တပ်က ထွနီကုန်းကျေးရွာကို လက်နက်ကြီး ၃ လုံး၊ ရေလဲဗမာကျေးရွာကို လက်နက်ကြီး ၃ လုံး ပစ်ခတ်ခဲ့ကြောင်း၊ ဒီဇင်ဘာလ ၆ ရက်နေ့တွင်လည်း မရမ်းစိန်ကျေးရွာကို အကြမ်းဖက် စစ်တပ်က လက်နက်ကြီး ၁ လုံးဖြင့် ထပ်မံ ပစ်ခတ် တိုက်ခိုက်ခဲ့ကြောင်း သိရသည်။
အကြမ်းဖက် စစ်တပ် ပစ်ခတ်တိုက်ခိုက်မှု အတွင်း ရေလဲဗမာကျေးရွာတွင် လာရောက် ခိုလှုံနေသည့် ဥသျှစ်ကုန်းကျေးရွာသား အသက် ၃၇ နှစ်အရွယ် စောနေတာလို လက်နက်ကြီး ကျည်စထိမှန်ကာ ဒဏ်ရာရရှိခဲ့ကြောင်း သိရှိရသည်။
ဆောထိမြို့နယ်တွင်လည်း ဒီဇင်ဘာလ ၅ ရက်၊ ၆ ရက်၊ ၇ ရက်နှင့် ၈ ရက်နေ့တို့တွင် တော်ဝိကျေးရွာတွင် တပ်စွဲထားသော အကြမ်းဖက် စစ်တပ်၊ တယောလူစခန်း ခလရ-၅၇ နှင့် ပိန်းဇလုပ် အခြေစိုက်တပ် ခလရ-၂၆၄ တပ်ရင်းမှ အကြမ်းဖက် စစ်ကောင်စီ တပ်သားများက ဂွေးကုန်းကျေးရွာ၊ ကဇင်းပင် ဗုဒ္ဓဘာသာဘုန်းကြီးကျောင်းဝင်းနှင့် ပျဉ်ရေကြီးကျေးရွာတို့ကို ဒရုန်း၊ လက်နက်ကြီးများဖြင့် ပစ်ခတ် ဗုံးကျဲ တိုက်ခိုက်ခဲ့ကြောင်း သိရသည်။
ဒီဇင်ဘာလ ၇ ရက်နေ့တွင် အကြမ်းဖက် စစ်တပ် စစ်ကြောင်းသည် လက်နက်ကြီး၊ ဒရုန်းတို့ဖြင့် ဗုံးကျဲ တိုက်ခိုက်ပြီးနောက် ကျေးရွာများကို စစ်ကြောင်းထိုး ဝင်ရောက်လာ၍ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်-KNLA တပ်ရင်း ၇ လက်အောက်ရှိ တပ်ဖွဲ့များနှင့် ရေဖြူကန်ကျေးရွာတွင် တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း သိရသည်။
လက်ရှိချိန်တွင် အကြမ်းဖက် စစ်တပ် စစ်ကြောင်းထိုး ဝင်ရောက်လာသောကြောင့် ချုံအင်းကျေးရွာ၊ ဂွေးကုန်းကျေးရွာ၊ ကောက်မယ့်သူကျေးရွာနှင့် ရေဖြူကန်ကျေးရွာမှ ပြည်သူ ၂၀၀၀ ကျော်သည် ဘေးလွတ်ရာ ထွက်ပြေး တိမ်းရှောင်နေရကြောင်း သိရှိရသည်။