တောင်သာမြို့နယ်၊ ဇဂျမ်းရဲစခန်းနှင့် စစ်ကူစစ်ကြောင်းကို တိုက်ခိုက်မှု စစ်တပ်ဘက်မှ ထိခိုက်သေဆုံးသူ များပြား(ရုပ်/သံ)
ရန်ကုန်၊ နိုဝင်ဘာ ၁၄
မန္တလေးတိုင်း၊ တောင်သာမြို့နယ်၊ ဇဂျမ်းရဲစခန်းနှင့် စစ်ကူစစ်ကြောင်းကို တိုက်ခိုက်ရာ အကြမ်းဖက် စစ်တပ်ဘက်မှ ၂၂ ဦးသေဆုံးခဲ့ကြောင်း တောင်သာ ပကဖ (TTA-PDF) မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် မီဒီယာကို ပြောဆိုသည်။
နိုဝင်ဘာလ ၁၂ ရက်နေ့ နံနက် ၅ နာရီ ၄၅ မိနစ်ခန့်တွင် တောင်သာမြို့နယ်၊ ဇဂျမ်းရဲစခန်းကို တော်လှန်ရေး ပူးပေါင်းအဖွဲ့များက ဝင်ရောက် တိုက်ခိုက်ခဲ့ရာ စခန်းဝင်း အတွင်းရှိ တွဲဖက် ဗိုလ် ၁ ဦး အပါအဝင် စစ်ကောင်စီ တပ်သား ၅ ဦး သေဆုံးခဲ့ကြောင်း သိရသည်။
တိုက်ပွဲဖြစ်ပွားသော နေရာကို မြင်းခြံမြို့နယ်ရှိ သီတာယုမွန် အဖွဲ့နှင့် အကြမ်းဖက် စစ်တပ်တို့ ပူးပေါင်းထားသော အင်အား ၅၀ ခန့်ပါ စစ်ကြောင်းသည် ကား ၄ စီး စစ်ကူ လာရောက်စဉ် တော်လှန်ရေး တပ်ဖွဲ့များက ပဒေသာမိုင်းများ၊ လက်နက်ငယ်များဖြင့် ဖြတ်တောက် တိုက်ခိုက်ခဲ့ကြောင်း သိရှိရသည်။
ယင်း တိုက်ခိုက်မှု အတွင်း စစ်ကောင်စီ တပ်သား ၁၂ ဦး ပွဲချင်းပြီး သေဆုံးပြီး အကြမ်းဖက် စစ်တပ်ဘက်မှ အင်အား ၅၀ ဦး ထပ်မံ စစ်ကူရောက်ရှိလာခဲ့ကြောင်း၊ ကြားဖြတ် တိုက်ခိုက်ခံရမှုကြောင့် ထိခိုက်ဒဏ်ရာရရှိခဲ့သော စစ်ကောင်စီ တပ်သားများကို ကားဖြင့် ဆေးရုံသို့ ပို့ဆောင်စဉ် လမ်းတွင် ၂ ဦး သေဆုံးပြီး ဆေးရုံ အရောက်တွင် သွေးထွက်လွန်၍ ၃ ဦး ထပ်မံ သေဆုံးခဲ့ကြောင်း သိရသည်။
ထိခိုက်ဒဏ်ရာရရှိသော စစ်ကောင်စီ တပ်သားများကို မိတ္ထီလာစစ်ဆေးရုံတွင် တင်ဆောင်လာပြီး ၂ ဦးမှာ ဒဏ်ရာအခြေအနေ ပြင်းထန်ကြောင်းသိရှိရသည်။
အဆိုပါ တိုက်ပွဲအတွင်း အကြမ်းဖက် စစ်တပ်ဘက်မှ စစ်ဗိုလ် ၁ ဦး အပါအဝင် စစ်ကောင်စီ တပ်သား ၂၂ ဦးသေဆုံးပြီး ၁၇ ဦးထက်မနည်း ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း တောင်သာ ပကဖ (TTA-PDF) မှ တာဝန်ရှိသူ တစ်ဦးက ပြောဆိုသည်။
ထို တိုက်ခိုက်မှုကို တောင်သာမြို့ ပကဖ၊ Burmese Guerrilla Force -MGN (BGF) ၊ Anyar Federal Task Force ask Force ၊ ညောင်ဦးခရိုင်တပ်ရင်းအမှတ် ၅ ၊ ညောင်ဦးမြို့နယ် ပကဖ နှင့် မဟာမိတ်တပ် တပ်ဖွဲ့များက ပူးပေါင်းလုပ်ဆောင်ခဲ့ကြောင်း သိရသည်။
တောင်သာမြို့နယ် ဇဂျမ်းနယ်မြေရဲစခန်းတိုက်ပွဲ စစ်ကောင်စီတပ် အထိနာ
ဇေအောင်/People’s Spring
မန္တလေးတိုင်း၊ မြင်းခြံခရိုင်၊ တောင်သာမြို့နယ်၊ ဇဂျမ်းနယ်မြေရဲစခန်းတိုက်ခိုက်ခံရမှုအတွင်းစစ်ကောင်စီက လေကြောင်းပစ်ကူပေးခဲ့သော်လည်း ထိခိုက်မှုများပြားကြောင်းတော်လှန်ရေးအဖွဲ့များက ပြောသည်။
နိုဝင်ဘာ ၁၂ရက် နံနက် ၅ နာရီ ၄၅မိနစ်ခန့်က အင်အား ၃၀ခန့်ရှိသော ဇဂျမ်းနယ်မြေရဲစခန်းကို တော်လှန်ရေးပူးပေါင်းအဖွဲ့များ ဝင်ရောက်တိုက်ခိုက်ခဲ့သည်။ တိုက်ပွဲမှာ ၂ နာရီကျော် ကြာမြင့်ခဲ့ပြီး စစ်ကောင်စီတပ် ထိခိုက်မှုများ၍ လေကြောင်းပစ်ကူပေးခဲ့ကြောင်း တော်လှန်ရေးရဲဘော်များက ပြောသည်။
” ကျွန်တော်တို့ စခန်းအခြေထိ ရောက်ခဲ့တယ်။ ဘန်ကာတော့ ဖြိုနိုင်ခဲ့တယ်။ ကျွန်တော်တို့က သတ်ကွင်းထဲရောက်တဲ့ပုံစံမျိုးတော့ ဖြစ်သွားတယ်။ ကျွန်တော်တို့ကလည်း ကျည်အင်အားနည်းနေတယ်။ မှေးပြီးတော့ စခန်းထဲဝင်နိုင်ဖို့ ကြိုးစားတဲ့အချိန်မှာ လေယာဥ်ကလာတယ်။ မြင်းခြံဘက်ကလည်း တပ်ကူလာတယ်။ အဲဒီအချိန်မှာ ဆုတ်ခဲ့လိုက်ရတာ။”ဟု Anyar Federal Task Forceအဖွဲ့ တာဝန်ခံက ပြောသည်။
တိုက်ပွဲအတွင်း ဇဂျမ်းရဲစခန်းမှ ဗိုလ်တစ်ဦးအပါအဝင် စစ်ကောင်စီတပ်သားနှင့်ရဲ လေးဦး သေဆုံးပြီး ငါးဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့ကြောင်း တောင်သာမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ)တာဝန်ရှိသူက ပြောသည်။
တော်လှန်ရေးပူးပေါင်းအဖွဲ့များဘက်ကလည်း ရဲဘော်တစ်ဦး ကျဆုံးခဲ့ကြောင်း ရဲဘော်တစ်ဦးက ပြောသည်။
ထို့အပြင် မြင်းခြံမြို့မှ စစ်ကူလာသော သီတာယုမွန်နှင့်ပျူစောထီးများအပါအဝင် အင်အား ၅၀ခန့်ပါ စစ်အုပ်စုဝင်များ၏ ကား ၄စီးကိုလည်း ပဒေသာမိုင်းများဖြင့် ဖောက်ခွဲပြီး လက်နက်ငယ်များဖြင့်ပါ ပစ်ခတ်တိုက်ခိုက်ရာ ထိခိုက်သေဆုံးသူ အများအပြားရှိကြောင်း တောင်သာပကဖတာဝန်ရှိသူက ပြောသည်။
“ဇဂျမ်းက မနက်စော စခန်းဝင်တိုက်တယ်ကြားတယ်။ တပ်ကူကား ၄ စီး၊၂ စီး မိုင်းတည့်ထိတယ်။”ဟု ဒေသခံတစ်ဦးက ပြောသည်။
ထိခိုက်ဒဏ်ရာရသူစစ်သားများအား မိတ္ထီလာစစ်ဆေးရုံ၌ ကုသနေရကြောင်း တောင်သာပကဖအဖွဲ့က ဆိုသည်။
အဆိုပါ စစ်ဆင်ရေးများအား တောင်သာမြို့နယ်ပကဖ၊ Burmese Guerilla Force-MGN(BGF)၊Justice Warriors၊ Anyar Federal Task Force၊ ညောင်ဦးခရိုင် တပ်ရင်းအမှတ်(၅)၊ ညောင်ဦးမြို့နယ်ပကဖနှင့် အခြားမဟာမိတ်တပ်ရင်းတပ်ဖွဲ့များ ပူးပေါင်းတိုက်ခိုက်ခဲ့ကြောင်း သိရသည်။
လေကြောင်းတိုက်ခိုက်မှုကြောင့် ဇဂျမ်းအုပ်စု၊ ကျောင်းအိုကျေးရွာရှိ နေအိမ် ၂လုံးပျက်စီးပြီး နွားတစ်ကောင်သေဆုံးကာ ပြည်သူထိခိုက်မရှိကြောင်းသိရသည်။
အလားတူ မြင်းခြံခရိုင်၊မြင်းခြံမြို့နယ်၊ ကွမ်းစိုက်ရွာတွင်လည်း နိုဝင်ဘာ ၁၁ ရက်မှစ၍ သုံးရက်ဆက် တိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်တပ်က လေကြောင်းတိုက်ခိုက်ခဲ့၍ ကျေးရွာ သုံးရွာမှ ပြည်သူထောင်ချီ ထွက်ပြေးတိမ်းရှောင်နေရသည်။
သြဂုတ် ၁ဝရက်ကစတင်ခဲ့သည့် မြင်းခြံခရိုင်အထူးစစ်ဆင်ရေးတွင် မြင်းခြံ၊ နွားထိုးကြီး၊ တောင်သာမြို့နယ်များ၌ စစ်ကောင်စီစခန်းများအား တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီဘက်က ထိခိုက်ဆုံးရှုံးမှု အများအပြား ရှိခဲ့သည်။ ယခုနိုဝင်ဘာလဆန်းပိုင်း၌လည်း တော်လှန်ရေးအင်အားစုများက မြင်းခြံခရိုင်အထူးစစ်ဆင်ရေးကို ဆက်လက်ဖော်ဆောင်ကာ တိုက်ခိုက်နေသည်။
(ဇဂျမ်းနယ်မြေရဲစခန်းအား တော်လှန်ရေးအဖွဲ့များ တိုက်ခိုက်နေစဥ်။ ဓာတ်ပုံ-File)