“နောက်ကနေ သေနတ်တွေနဲ့ ထောက်ထားတာကိုး” (စစ်မှုထမ်းဖို့ ပေါ်တာဆွဲခံရပြီးနောက် ထွက်ပြေးလွတ်မြောက်လာသူရဲ့ ပြန်လည်ပြောပြချက်)

“နောက်ကနေ သေနတ်တွေနဲ့ ထောက်ထားတာကိုး”
(စစ်မှုထမ်းဖို့ ပေါ်တာဆွဲခံရပြီးနောက် ထွက်ပြေးလွတ်မြောက်လာသူရဲ့ ပြန်လည်ပြောပြချက်)
အောက်တိုဘာ ၂၀၊ ၂၀၂၄
“ကျနော်တို့ အပေါ့သွားတာ… အလေးသွားတာက အစ အနောက်ကနေ သေနတ်နဲ့ထောက်ပြီး တကောက်ကောက်လိုက်နေတာ။ အစားအသောက်ဆိုလည်း ပဲဟင်းတွေမှာ ပိုးတွေပါနေတာ… ငါးတွေဆိုလည်း မကျက်ဘဲ သွေးတွေနဲ့ အဲ့လိုတွေကျွေးတာပါ။” တဲ့ ဒါက စစ်မှုထမ်းဖို့ ပေါ်တာဆွဲခံလိုက်ရပြီး ကံကောင်းစွာနဲ့ ပြန်လည်လွတ်မြောက်လာခဲ့သူ ကိုမြင့် (အမည်လွဲ) ရဲ့ ပြောကြားချက် ဖြစ်ပါတယ်။
ကိုမြင့်ဟာ ပဲခူးတိုင်းအနောက်ခြမ်း၊ အုတ်ဖိုမြို့နယ်က ရွာဘက်မှာနေထိုင်တဲ့ အသက် ၂၀ အရွယ် သာမာန် လူငယ်လေး တစ်ယောက်ပါပဲ။ စစ်ကောင်စီကို သဘောမကျပေမယ့် စစ်မှုထမ်းဥပဒေကို ရှောင်လွှဲဖို့ရာ ကိုမြင့်တစ်ယောက် မတတ်နိုင်ခဲ့ပါဘူး။
“သေနတ်ထောက်ပြီး ဖမ်းသွားကိုး” လို့ ကိုမြင့်က ဆိုပါတယ်။
ဩဂုတ်လ ၁၅ ရက်နေ့မှာ ကိုမြင့်ဟာ စစ်သားစုဆောင်းဖို့ စစ်ကောင်စီရဲ့ အတင်းအဓမ္မ ဖမ်းဆီးခြင်းကို ခံလိုက်ရပြီး အုတ်ဖို ထွေအုပ်ရုံးကို ပို့ဆောင်ခံလိုက်ရပါတယ်။
အုတ်ဖိုထွေအုပ်ရုံးမှာ ကိုမြင့်လိုပဲ ဖမ်းဆီးခံထားရသူက အားလုံးပေါင်း ၃၇ ယောက်ရှိပါတယ်။ နောက်မှ ပြန်ကြားရတာက အုတ်ဖိုခရိုင်တစ်ခုလုံးစာ စစ်မှုထမ်းဖို့ ဖမ်းခေါ်လာတာတဲ့။
“ကျနော်ကတော့ အုတ်ဖိုက ထွေအုပ်ရုံးမှာ ၁၅ ရက်လောက် ဖမ်းခံထိထားတယ်။ နောက်မှ ရောက်တဲ့သူတွေက တချို့ကလည်း ၃ရက်လောက်ပဲ နေရတယ်။ တချို့ကလည်း ၇ ရက်လောက်ပေါ့။ ၃၇ ယောက် ပြည့်တာနဲ့ သာယာဝတီ ၃၅ တပ်ရင်းကို ပို့တယ်။” လို့ ကိုမြင့်က ဆိုပါတယ်။
အဲ့လိုနဲ့ ကိုမြင့် အပါအဝင် လူငယ် ၃၇ ယောက်ဟာ သာယာဝတီ ၃၅ တပ်ရင်းကို ပို့ဆောင်ခံလိုက်ရပြန်ပါတယ်။
၃၅ တပ်ရင်းကို ရောက်တာနဲ့ သွေးစစ်ပြီး ဆေးကျတာနဲ့ အိမ်ပြန်ပို့ပေးမယ်။ ဆေးအောင်ရင်တော့ စစ်သင်တန်းတက်ရမယ်လို့ ၃၅ တပ်ရင်းက စစ်သားတွေက ပြောပေမယ့် ဆေးစစ်တဲ့ ရလဒ် အဖြေ စာရွက်ကို မတွေ့ရသလို ဆေးအောင်၊ မအောင်ကိုလည်း ဘယ်သူကမှ မပြောပြဘူးလို့ ဆိုပါတယ်။
ဆေးစစ်နေစဉ် အတောအတွင်းမှာလည်း ဆေးအောင်ရင် သင်တန်း ၃လတက်ရမှာ ဖြစ်ပြီး သင်တန်းတက်နေတဲ့ ကာလအတွင်းမှာ တစ်လကို ပိုက်ဆံ ၂သိန်း ၄ထောင်ရမယ်၊ သင်တန်းအောင်တာနဲ့ လစာတိုးကာ စစ်မှုထမ်း ၂နှစ် တာဝန်ထမ်းဆောင်ပြီးရင်တော့ ရွာပြန်ပို့ပေးမယ်လို့ မက်လုံးပေးပြောဆိုမှုတွေလည်း ကိုမြင့်တစ်ယောက် ကြားခဲ့ရပါတယ်။
ကိုမြင့်က “ကျနော်တို့ အပေါ့သွားတာ… အလေးသွားတာက အစ အနောက်ကနေ သေနတ်နဲ့ထောက်ပြီး တကောက်ကောက်လိုက်နေတာ။ အစားအသောက်ဆိုလည်း ပဲဟင်းတွေမှာ ပိုးတွေပါနေတာ… ငါးတွေဆိုလည်း မကျက်ဘဲ သွေးတွေနဲ့ အဲ့လိုတွေကျွေးတာပါ။ မနေနိုင်တဲ့ သူတွေကတော့ စားရတာပေါ့” လို့ ဆိုပါတယ်။
ဖမ်းခေါ်ခံရသူတွေမှာ စိတ်မနှံ့သူတွေနဲ့ အမြင်အာရုံကွယ်နေတဲ့သူတွေလည်း ပါဝင်နေတာကို ကိုမြင့်တစ်ယောက် အံ့ဩစွာ တွေ့ခဲ့ရပါတယ်။
“မျက်စိမမြင်တဲ့ သူက ညဘက်ဆို လျှောက်စမ်းပြီးတော့ ဟိုသွား ဒီသွား သွားတတ်ကြတယ်။ မြင်ရတာမှ မဟုတ်တာ ဒီလိုပဲ လိုက်သွားတာပေါ့။ သူတို့ (စစ်သား) တွေ တွေ့တာနဲ့ ရိုက်နှက်နေကြတာပါပဲ။”
နောက်တစ်ရက်မှာလည်း စစ်မှုထမ်းဖို့ကို ကိုယ့်သဘောနဲ့ကိုယ် တာဝန်ထမ်းဆောင်တာပါ ဆိုပြီး လက်မှတ်တွေ ထိုးခိုင်းပြန်ပါတယ်။
သူတို့ (စစ်သား) အပြောကတော့ ၂နှစ် တာဝန်ထမ်းဆောင်ရမယ်ဆိုပြီး လက်မှတ်ထိုးရမယ့်စာမှာ ဖတ်ကြည့်လိုက်မှ ၅ နှစ်တာဝန် ထမ်းဆောင်ရမယ်ဆိုတာကို ကိုမြင့်သိလိုက်ရပါတယ်။
ဒါပေမယ့်လည်း ကိုမြင့်တစ်ယောက် လက်မှတ်ထိုးခဲ့ရပြန်ပါတယ်။ “နောက်ကနေ သေနတ်တွေနဲ့ ထောက်ထားတာကိုး”
နေမကောင်းဖြစ်ရင် ကုသဖို့ ဆရာဝန်ရှိပေမယ့် တကယ်နေမကောင်းဖြစ်တဲ့အခါမှာတော့ ဆေးထိုး၊ ဆေးသောက်ဖို့ကို ကိုယ့်ပိုက်ဆံနဲ့ကိုယ် ထုတ်ရှင်းရပြန်ပါတယ်။
“ကျနော်တို့ အိပ်တဲ့နားမှာ အပေါ့အပါးသွားဖို့ ပုံးတွေထားထားပေးတယ်။ အဲ့ဘေးမှာပဲ ထမင်းစား ပန်းကန်တွေ ထားတဲ့ ပုံးရှိနေပြန်ရော။” လို့ ကိုမြင့်က ဆိုပါတယ်။
ဒီလိုနဲ့ပဲ ကိုမြင့်တစ်ယောက် သာယာဝတီ ၃၅ တပ်ရင်းမှာ ၁၉ ရက်ကြာ စစ်သင်တန်းတက်ခဲ့ရပြီး တောင်ငူတပ်မ ၆ ကို ထပ်မံ အပို့ခံလိုက်ရပြန်ပါတယ်။
တောင်ငူတပ်မ ၆ကို ရောက်တာနဲ့ ပါလာတဲ့ ဖုန်းတွေ၊ အဝတ်အစားတွေ၊ အိမ်ကထည့်ပေးလိုက်တဲ့ ပိုက်ဆံတွေကိုပါ အကုန်သိမ်းပြီး ပုဆိုး ၂ထည်နဲ့ အင်္ကျီ ၁ထည်သာ ထုတ်ပေးတယ်လို့ ဆိုပါတယ်။
“အိမ်က ၅သောင်းလွှဲပေးရင် သူတို့အကုန်သိမ်းတယ်။ လိုလို့ သွားတောင်းရင် တစ်ခါတောင်းရင် တစ်ခါ အဆဲခံရတယ်။ ပြီးတော့ ပေးတော့လည်း ၁၅၀၀၊ ၂၀၀၀”
တစ်လပြည့်ရင် ပေးမယ်ဆိုတဲ့ ၂သိန်း ၄ထောင်ကလည်း စစ်ဝတ်စုံဖိုး၊ ဖိနပ်ဖိုး၊ ထမင်းစားရိတ် ဆိုပြီး စစ်တပ်ကနေ ပြောထားတဲ့ အတိုင်း ငွေထုတ်ပေးခဲ့တာလည်း မရှိခဲ့ပါဘူး။ ဒါပေမယ့် ကိုမြင့်တစ်ယောက် ဘာပြန်ပြောနိုင်မှာလဲ။
“နောက်ကနေ သေနတ်တွေနဲ့ ထောက်ထားတာကိုး”
သင်တန်းပြီးရင် ရွာပြန်ရမယ်ဆိုတဲ့ စိတ်နဲ့ ကိုမြင့်တစ်ယောက် အံကြိတ်ခံနေပေမယ့် မျက်မြင် တွေ့လိုက်ရတာကတော့ သင်တန်းပြီးသူတွေကို ကားတွေနဲ့ လာခေါ်ပြီး ရှမ်းမြောက်ဘက်ကို ရှေ့တန်း ပို့နေတယ်ဆိုတာပါပဲ။
ဒီလိုနဲ့ ကိုမြင့်တို့လည်း ထွက်ပြေးမှ ရတော့မယ်ဆိုတဲ့ အသိနဲ့ စခန်းထဲက ကိုမြင့်လို ထွက်ပြေးချင်သူတွေနဲ့ တိုင်ပင်ပြီး ကိုမြင့်အပါအဝင် ၇ယောက် ထွက်ပြေးဖို့ စီစဉ်ရပါတော့တယ်။
စက်တင်ဘာလ ၂၆ ရက်နေ့၊ ကိုမြင့်တို့ အတူတူထွက်ပြေးဖို့ တိုင်ပင်ထားသူ ၇ယောက်မှာ ၁ယောက်က စားဖိုဆောင်က စစ်ဗိုလ်က ခေါ်လို့ ထွက်သွားပြီး ပြန်ရှာမတွေ့တာကြောင့် ထွက်ပြေးတဲ့ အစီအစဉ်မှာ ကိုမြင့်အပါအဝင် ၆ယောက်သာ ကျန်ပါတော့တယ်။
စခန်းကနေ ထွက်ပြေးစဉ်မှာ မိုင်းကွင်းတွေဖြတ်ပြေးခဲ့ရပေမယ့် “အဲ့အချိန်မှာ ကျနော်တို့ လွတ်ချင်တာပဲ သိတယ်။ မိုင်းတွေ ဘာတွေလည်း ဂရုမစိုက်နိုင်တော့ဘူး။ ကျနော်တို့ ပြေးတဲ့ အချိန်မှာ မိုင်း ၃လုံး ကွဲခဲ့သေးတယ်။” လို့ ဆိုပါတယ်။
ဒီလိုနဲ့ ကိုမြင့်တို့ ၆ယောက် တစ်ညလုံးပြေးပြီးနောက် တောထဲမှာလည်း ၅ ရက်လောက်က ထမင်းမစားရဘဲ ငုတ်ထုတ်ထိုင်ခဲ့ရ၊ ဖြတ်သန်းခဲ့ရတာပါ။
“အခု အဖွဲ့နဲ့ အဆက်သွယ်မရခင် ကျနော်တို့ ၉ ရက်တိတိ တောထဲမှာပါ။ ၅ ရက်လောက်က ထမင်းမစားရဘူး။ သူတို့ (စစ်တပ်) က တောနင်းရှာနေတာဆိုတော့ ဘယ်မှလည်း မသွားရဲဘူး။”လို့ ကိုမြင့်က ဆိုပါတယ်။
တောထဲမှာ ၁၀ ရက်နီးပါးကြာပြီးနောက်မှာတော့ ကံကောင်းစွာနဲ့ ကိုမြင့်တို့ ၆ယောက် တော်လှန်ရေးထောက်ပို့တွေနဲ့ ဆုံခဲ့ရပါတယ်။
လက်ရှိမှာတော့ ကိုမြင့်တို့ ၆ယောက်စလုံးဟာ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့၊ တပ်ရင်း ၃၈၀၁၊ တပ်ခွဲ (၅) ထံမှာ ရောက်ရှိနေပြီဖြစ်ပြီး တော်လှန်ရေးကို ဆက်လက် လုပ်ဆောင်သွားမယ်လို့ သိရပါတယ်။
“အထဲက လူမှန်သမျှကတော့ ထောင်သားတွေလိုပါပဲ။ ထောင်သားတွေတောင်မှ မိသားစုတွေနဲ့ ဧည့်တွေ့ခွင့်ရသေးတယ်။ ကျနော်တို့က ဖုန်းလည်း မပြောရဘူး။ ဘယ်သူနဲ့မှလည်း မတွေ့ရဘူး။ ထောင်သားကမှ ကိုယ့်ထက်စာရင် ပိုပြီး လွတ်လပ်ဦးမယ်။” လို့ ကိုမြင့်က သူ့ရဲ့ အတွေ့အကြုံတွေကို မောင်းကို ပြောပြခဲ့ပါတယ်။