■ မြို့ ၆၀ ကျော်မှာ စစ်ရေးလှုပ်ရှားနေသော တော်လှန်ရေးတပ် ၂၃ ဖွဲ့ကို AA က ထောက်ပံ့ပေးထား

■ မြို့ ၆၀ ကျော်မှာ စစ်ရေးလှုပ်ရှားနေသော တော်လှန်ရေးတပ် ၂၃ ဖွဲ့ကို AA က ထောက်ပံ့ပေးထား
Western News| ဇူလိုင် ၁၀

မြန်မာနိုင်ငံတဝန်း မြို့ပေါင်း ၆၁ ခုမှာ စစ်ရေးလှုပ်ရှားနေသော တော်လှန်ရေးလက်နက်ကိုင် အနည်းဆုံး ၂၃ ဖွဲ့ကို အာရက္ခတပ်တော် AA က လက်နက်ရိက္ခာနှင့် စစ်သင်တန်းများ ထောက်ပံ့ပေးထားသည်ဟု ISP Myanmar က ဖော်ပြသည်။
ISP Myanmar က ဇူလိုင်လ ၉ ရက်နေ့တွင် ဖော်ပြသော “အို… မြောက်ပိုင်းလမ်း …ဒုတ်ဒုတ်ထိမျက်တွေ့ (De Facto) ထီးပြိုင်နန်းပြိုင်ရခိုင်ပြည်” သုံးသပ်ချက်ထဲတွင် ယခုကဲ့သို့ ဖော်ပြထားခြင်းဖြစ်သည်။
၂၀၂၁ အာဏာသိမ်းပြီးနောက် ပေါ်ပေါက်လာသော လက်နက်ကိုင်တပ်ဖွဲ့များအနက် အနည်းဆုံး ၂၃ ဖွဲ့ကို AA က လက်နက်ရိက္ခာနှင့် စစ်သင်တန်း စသည့် အရင်းအမြစ်များကို တစိတ်တပိုင်း သို့မဟုတ် အပြည့်အဝထောက်ပံ့လျက်ရှိသည်ဟု ISP Myanmar က ဆိုသည်။
ထိုတပ်ဖွဲ့များသည် မြန်မာနိုင်ငံတဝန်းရှိ မြို့ ၆၁ ခုတွင် စစ်ရေးလှုပ်ရှားလျက်ရှိပြီး ယင်းအနက် ၁၈ ဖွဲ့သည် ရခိုင်ပြည်နှင့် ထိစပ်နေသော ချင်း၊ မကွေး၊ ပဲခူးနှင့် ဧရာဝတီတို့တွင် AA နှင့်အတူ ပူးပေါင်းကာ စစ်ရေးလှုပ်ရှားမှုများ ပြုလုပ်လျက်ရှိသည်ဟု သိရသည်။
AA ထောက်ပံ့ထားသော တော်လှန်ရေးလက်နက်ကိုင် ၂၃ ဖွဲ့မှာ BPLA, DRPA, CDF-Kanpetlet, BNRA, YA,CDF-Matupi, CDF-Mindat, YDF, PDF Zoland, BA, CNDF, AYA POF, KNDF, MDF, BLDF, PIO/PIA, GZA, PRA, SF/SAF, ACDF, PLF, PRF, CDF-Asho တို့ဖြစ်ကြသည်။
ယင်းအထဲမှ PIO/PIA, GZA, PRA, SF/SAF, ACDF, PLF, PRF, CDF-Asho တို့မှာ AA ၏ စစ်ရေးကွပ်ကဲမှုစနစ်နှင့် ချိတ်ဆက်ထားသော မဟာမိတ်များဖြစ်သည်ဟု ISP Myanmar က ဆိုသည်။
ကျန်အဖွဲ့များဖြစ်သည့် BPLA, DRPA, CDF-Kanpetlet, BNRA, YA, CDF-Matupi, CDF-Mindat, YDF, PDF Zoland, BA, CNDF, AYA POF, KNDF, MDF နှင့် BLDF တို့မှာ AA က စစ်ရေးအရင်းအမြစ်များကို တစိတ်တပိုင်း သို့မဟုတ် အပြည့်အဝ ထောက်ပံ့ပေးထားသော မဟာမိတ်များဖြစ်သည်ဟု သိရသည်။
ယခု အချက်အလက်များမှာ ၂၀၂၅ ခုနှစ် ဇွန်လ ၃၀ ရက်နေ့အထိ ရရှိထားသော စာရင်းဖြစ်ပြီး ဒေတာရမှုအကန့်အသတ်နှင့် နည်းနာပိုင်းမူကွဲများကြောင့် ကွဲလွဲမှုတစုံတရာ ရှိကောင်းရှိနိုင်သည်ဟု ISP Myanmar က ဖော်ပြထားသည်။
AA သည် ရခိုင်ပြည်၏ နယ်မြေ ၉၃ ရာခိုင်နှုန်းကျော်ကို ထိန်းချုပ်ထားနိုင်ပြီး ရခိုင်ပြည် တခုလုံးကို ထိန်းချုပ်နိုင်ရန် ထိုးစစ်ဆင်လျက်ရှိကြောင်းနှင့် ၂၀၂၅ ခုနှစ် နှစ်ဆန်းပိုင်းကစ၍ ၎င်း၏ စစ်ဆင်ရေးများကို ရခိုင်ပြည်ပြင်ပ မကွေး၊ ပဲခူးနှင့် ဧရာဝတီတိုင်းတို့တွင်ပါ တိုးချဲ့ဖော်ဆောင်လာခဲ့သည်ဟု ISP Myanmar က သုံးသပ်ထားသည်။
“AA ရဲ့မဟာဗျူဟာကို ခြုံကြည့်ရရင် မြေကျယ်ကျယ်ယူ၊ ခြံစည်းရိုးမြင့်မြင့်ခတ်၊ စိတ်ချရတဲ့ အစောင့်တွေထား (an extended yard, a high fence, and reliable gatekeepers) ဖြစ်ပုံရပါတယ်။ ရခိုင်ကနေ ချင်း၊ မကွေး၊ ပဲခူး၊ ဧရာဝတီ စသဖြင့် ဖြန့်ထွက်နယ်မြေစိုးမိုး၊ သဘာဝရိုးမအပြင် မဟာမိတ်အကာအကွယ် တံတိုင်းမြင့်မြင့်ခတ်၊ အားကိုးရတဲ့ လက်နက်ကိုင်အဖွဲ့ငယ်တွေကို ကြားခံအဖြစ် နေရာချထားဆိုတဲ့ မဟာဗျူဟာက အလုပ်ဖြစ်နေပုံရပါတယ်။ ဒါပေမဲ့ ဒီမဟာဗျူဟာရဲ့ အဆုံးသတ်ပန်းတိုင်က ဘာလဲဆိုတဲ့ မေးခွန်းအတွက် AA က ရှင်းရှင်းလင်းလင်း၊ ရှေ့နောက်ညီညီ ယတိပြတ်ထုတ်ပြောတာမျိုး မရှိသေးပါဘူး” ဟု ISP Myanmar က ထောက်ပြထားသည်။
အာရက္ခတပ်တော် AA သည် နိုင်ငံရေးအရ ကတိကဝတ် ပြုရမည့် အပြောများများ မဟာမိတ်မျိုးကို ရှောင်ရှားလိုပြီး ညီနောင်မဟာမိတ်ကဲ့သို့ စစ်ရေးမဟာမိတ်နှင့် အလုပ်များများ ဂျူနီယာလက်နက်ကိုင် မိတ်ဖက်မျိုးကိုသာ လိုလားပုံရသည်ဟု ဆက်လက် သုံးသပ်ထားသည်။
AA သည် မဟာဗျူဟာရွေးချယ်မှုများကို နိုင်ငံရေးမဟာမိတ်က ဆုံးဖြတ်သည့် အချိန်ဇယား ပြက္ခဒိန်ကြောင့်မဟုတ်ဘဲ သူ့အခြေအနေပေးထားချက် အချက်အလက်ပြည့်စုံမှုအပေါ်မူတည်ပြီး ဆုံးဖြတ်ဆောင်ရွက်ကြောင်းလည်း ISP Myanmar က ရှုမြင်ထားသည်။
“အာဏာသိမ်းပြီး ၁၈ လ လောက်ကြာတဲ့အထိ စစ်ကောင်စီကို တိုက်ရိုက်တိုက်ပွဲဆင်တာ မျိုးမလုပ်ခဲ့ဘဲ အင်အား၊ မဟာမိတ်နဲ့ အရင်းအမြစ်စုဆောင်း တာတွေကို ဦးစားပေးနေခဲ့တာပါ။ စစ်ဆင်ရေး ၁၀၂၇ မှာ အဓိကဦးဆောင်ပါခဲ့ပေမဲ့ ၂ဝ၂၃ ခုနှစ် နိုဝင်ဘာလကစလို့ ရခိုင်မှာ ထိုးစစ်တွေစတဲ့အခါ သူ့ရဲ့စစ်ဆင်ရေးတွေကို စစ်ဆင်ရေး ၁ဝ၂၇ နဲ့ ချိတ်ဆက်တာ၊ နွေဦးတော်လှန်ရေးရဲ့ ကျွဲကူးရေပါဆိုပြီး ဝါဒဖြန့်တာမျိုးကို ရှောင်ရှားခဲ့တာ ထင်ရှားပါတယ်” ဟု ဆိုသည်။
အာရက္ခတပ်တော် AA သည် မြန်မာ့ပဋိပက္ခ၏ အရှေ့မြောက်၊ အရှေ့တောင်နှင့် အနောက်ပိုင်းစင်္ကြံသုံးခုစလုံးမှာ ခြေရာပေါက်နိုင်ရုံသာမက ဗမာများ၏ အညာမှာလည်း လက်တံရှည်ရှည် ဆန့်ထုတ်လွှမ်းမိုး နိုင်စွမ်းရှိသည့် တခုတည်းသော တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ EAO ဖြစ်ကြောင်း ISP Myanmar က မှတ်ချက်ပေးထားသည်။
ရခိုင်ကို အခြေပြုပြီး ဧရာဝတီ၊ မကွေးနှင့် ပဲခူးကိုပါ ထိုးစစ်ဆင်နိုင်သော ထူးထူးခြားခြား EAO ဖြစ်ပြီး AA ခေါင်းဆောင်များမှာ မျိုးဆက်သစ် မင်းပျိုမင်းလွင်များဖြစ်သလို ကျန်လူငယ်လက်နက်ကိုင်အဖွဲ့ တော်တော်များများကို သင်တန်းပေး၊ လက်နက်ပေး၊ စံနမူနာပေး စည်းရုံးအားယူနိုင်စွမ်းရှိသည့် အစ်ကို ကြီး-ညီလေးဆက်ဆံရေးဖြင့် “အပြောနည်းနည်း၊ အလုပ်များများ” လက်နက်ကိုင် မဟာမိတ်ကွန်ရက် အကြီးဆုံးတည်ဆောက်ထားနိုင်သည့် တခုတည်းသော EAO လည်း ဖြစ်သည်ဟု ISP Myanmar က ဆိုသည်။
#WesternNews #WN #အာရက္ခတပ်တော် #AA #တော်လှန်ရေး #လက်နက်ကိုင်တပ်ဖွဲ့များ #ISPMyanmar #စစ်ရေး #ထောက်ပံ့ပေး