လူငယ်များကို စစ်မှုထမ်းရန် နည်းမျိုးစုံဖြင့် အဓမ္မစုဆောင်းနေသည့် စစ်ကောင်စီက စစ်မှုထမ်း စီမံခန့်ခွဲမှုစနစ် NSIMS တည်ဆောက်မည်
ဧရာ၀တီတိုင်းမ်
ဇူလိုင် ၅ ရက်
အာဏာသိမ်းစစ်ကောင်စီသည် နည်းပညာအခြေပြု၍ ပြည်သူ့စစ်မှုထမ်းကိုယ်ရေးအချက်အလက် စီမံခန့်ခွဲမှုစနစ် (National Service Information Management System-NSIMS) ကို တည်ဆောက်နေကြောင်း စစ်ကောင်စီ၏ ပြည်သူ့စစ်မှုထမ်းဆင့်ခေါ်ရေးဗဟိုအဖွဲ့ ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး မောင်မောင်အေးက ပြောကြားသည်။
နေပြည်တော်၌ ပြီးခဲ့သည့် ဇူလိုင် ၃ ရက်နေ့က ပြုလုပ်သည့် ပြည်သူ့စစ်မှုထမ်းဆင့်ခေါ်ရေး ဗဟိုအဖွဲ့အစည်းအဝေးတွင် ၎င်းက ပြောကြားခဲ့ခြင်းဖြစ်သည်။
အဆိုပါ NSIMS စနစ်သည် ပြည်သူ့စစ်မှုထမ်းများနှင့်ပတ်သက်သော စာရင်းဇယားများ မှန်ကန်စေရန်နှင့် ရေရှည်တွင် မှတ်တမ်းထည့်သွင်းမှု လွယ်ကူစေရန်အတွက် တည်ဆောက်ခြင်း ဖြစ်ကြောင်း သိရသည်။
စစ်ကောင်စီ၏ တိုင်းစစ်ဌာနချုပ်အသီးသီးတွင် ယမန်နေ့ ဇူလိုင် ၄ ရက် က စစ်မှုထမ်း အမှတ်စဉ် (၁၂) သင်တန်းဆင်းပွဲများ ပြုလုပ်ခဲ့ပြီး လက်ရှိတွင် စစ်မှုထမ်းသင်တန်းအမှတ်စဉ် (၁၅) အတွက် လူငယ်၊ လူရွယ်များကို အဓမ္မစုဆောင်းလျက်ရှိသည်။
“လှိုင်သာယာမှာ စစ်မှုထမ်းပါသွားပြီးတော့ သေသလား ရှင်သလား မသိလိုက်ရတဲ့ မိသားစုတွေ အများကြီးရှိတယ်။ ပြီးခဲ့တဲ့လပိုင်းကဆိုရင် ဘယ်တုန်းသေသွားလည်းမသိဘူး။ သေပြီလို့ပဲသိရတော့ ရက်လည်ဆွမ်းကျွေးကြလိုက်ကြတယ်။ မဏ္ဍပ်မထိုးရဘူး။ တိတ်တဆိတ်လုပ်ခိုင်းတယ်။ ရပ်ကွက်ထဲက သေတာ နှစ်ယောက်ရှိပြီ” ဟု လှိုင်သာယာမြို့နယ် (အနောက်ပိုင်း) တွင် နေထိုင်သူ အမျိုးသားတစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။
စစ်ကောင်စီသည် ရန်ကုန်မြို့ကြီးရှိ လူငယ်လူရွယ်များကို ပြန်ပေးဆွဲကာ စစ်မှုထမ်းခိုင်းနေပြီး နယ်ဘက်နှင့် ကျေးရွာများရှိ လူငယ်များကိုလည်း အဓမ္မဖမ်းဆီးကာ စစ်မှုထမ်းခိုင်းကြောင်း သက်ဆိုင်ရာမြို့နယ်များနှင့် ကျေးရွာများတွင် နေထိုင်သူများထံမှ သိရသည်။
စစ်ကောင်စီသည် စစ်မှုထမ်းသင်တန်းဆင်းလာသည့် လူငယ်များကို နယ်မြေအသီးသီးရှိ တိုက်ပွဲ ရှေ့တန်းသို့ ပို့ဆောင်နေပြီး စစ်ကောင်စီတပ်သားများကမူ နောက်တန်းတွင် အေးဆေးစွာ နေထိုင်နိုင်ကြောင်း ပဲခူးတိုင်းရှိ ကရင်အမျိုးသားအစည်းအရုံး (KNU) တပ်မဟာ (၃) နယ်မြေတွင် နေထိုင်သူ အမျိုးသားတစ်ဦးထံမှ သိရသည်။
“စစ်တပ်ရဲ့ ရှေ့တန်းမှာဆိုရင် စစ်မှုထမ်းပါတဲ့ သူတွေကြီးပဲ။ သူတို့စစ်မှုမထမ်းချင်ရင် နဂိုကတည်းက အခြားနေရာသွားတာတို့ PDF ထဲဝင်တာတို့လုပ်လို့ရတယ်။ သွေးကြွအောင် အခုလို စစ်သား ဝတ်စုံပေးဝတ်ပြီး သေနတ်ပေးကိုင်ခိုင်းထားတော့ သူတို့လည်း သေမှာပါပဲ” ဟု ၎င်းက ဆက်လက် ပြောကြားသည်။
ထို့ပြင် နယ်မြို့များတွင် စစ်ကောင်စီခန့် အုပ်ချုပ်ရေးမှူးများက စစ်မှုထမ်းအကြောင်းပြကာ လစဉ် ကျပ် တစ်သောင်းမှ ငါးသောင်းအထိ ကောက်ခံလျက်ရှိကြောင်း ဒေသခံများထံမှ သိရသည်။
စစ်ကောင်စီက စစ်မှုထမ်းအမှတ်စဉ်တစ်ခုလျှင် လူဦးရေ ၅,၀၀၀ ခန့်အထိ ခေါ်ယူပြီး၊ ယခု အမှတ်စဉ် (၁၄) အထိ သင်တန်းများ ဖွင့်လှစ်ထားပြီး အဓမ္မခေါ်ယူခြင်း၊ ဖမ်းဆီးခြင်းများပြုလုပ်၍ စုဆောင်းခဲ့သည့် စစ်မှုထမ်းအင်အား ၆၀,၀၀၀ ကျော် ရှိနေကြောင်း သိရသည်။
စစ်ကောင်စီ၏ စစ်မှုထမ်းဆင့်ခေါ်ရေးဗဟိုအဖွဲ့ဥက္ကဋ္ဌက ကာကွယ်ရေးစွမ်းအားများနှင့် လုံခြုံရေး ဆိုင်ရာများ ပိုမိုကောင်းမွန်လာစေရန် ပြည်သူ့စစ်မှုထမ်းသင်တန်းသားများခေါ်ယူရာတွင် ဝင်ရောက် လာကြသူများကို စနစ်တကျ ကြပ်မတ်ဆောင်ရွက်သွားရန် ပြောကြားထားသည်။
ယင်းအပြင် စစ်မှုထမ်းသက်အကျုံးဝင်သော အသက် ၁၈ နှစ်မှ ၃၅ နှစ်အတွင်း အမျိုးသားများကို ပြင်ပနိုင်ငံမထွက်စေရန် နည်းမျိုးစုံဖြင့် တင်းကြပ်ထားသည်။
ပညာသင်ကြားနေသူ၊ မိအိုဖအိုများကို လုပ်ကျွေးပြုစုနေသူ၊ စစ်မှုထမ်းနိုင်မည့် ကျန်းမာရေး အဆင့်မမီသူ၊ မူးယစ်ဆေးဝါးဖြတ်ရန် ဆေးကုသမှုခံယူနေသူ၊ မိဘတစ်ဦးဦးသော်လည်းကောင်း၊ အိမ်ထောင်သည် အမျိုးသားဖြစ်ပါက ဇနီးသော်လည်းကောင်း ရုတ်တရက် သေဆုံးထားသူများအား စစ်မှုထမ်းရန် ယာယီရွှေ့ဆိုင်းနိုင်သည်ဟု ဆိုသော်လည်း စစ်မှုထမ်းရန် အဓမ္မစေခိုင်းမှုများ ဆက်လက် ရှိနေကြောင်း သိရသည်။
၂၀၁၉ ခုနှစ် ကြားဖြတ်သန်းခေါင်စာရင်းအရ မြန်မာနိုင်ငံတွင် ပြည်သူ့စစ်မှုထမ်းဥပဒေနှင့် ကိုက်ညီသူ အမျိုးသား ၆ဒသမ၃ သန်း၊ အမျိုးသမီး ၇ဒသမ၇ သန်း စုစုပေါင်း ၁၃ သန်း ရှိကြောင်း စစ်ကောင်စီ၏ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောကြားထားသည်။
ပုံစာ-စစ်မှုထမ်းသင်တန်အမှတ်စဉ်(၁၄)တက်ရောက်ရန် စုဆောင်ခြင်းခံထားရသူများ။