ရန်ကုန်တွင် ဇွန်လအတွင်း လူအယောက် ၈၀ခန့်ဖမ်းဆီးခံရဟုဆို
AAMIJ / ဇူလိုင် ၅
ရန်ကုန်မှာ ယခုနှစ်ဇွန်လအတွင်း စစ်တပ်က လူအယောက် ၈၀ကို မတရား ဖမ်းဆီးခဲ့တယ်လို့ ရန်ကုန်အခြေစိုက် Rangoon Scout Network- RSNရဲ့ လစဉ်သတင်းထုတ်ပြန်ချက်အရ သိရပါတယ်။
ဖမ်းဆီးခံရတဲ့ လူအယောက် ၈၀ထဲက ၁၂ဦးမှာပြန်လွတ်မြောက်လာခဲ့ပြီး ၁၃ဦးမှာ ပြန်မလွတ်လာတော့ဘဲ စစ်မှုထမ်းသင်တန်းကျောင်းများနဲ့အကျဉ်းထောင်များကို ပို့ဆောင်ခံခဲ့ရကာ
ကျန် ၅၅ဦးမှာ ဖမ်းဆီးခံရပြီး နောက်ဆက်တွဲအခြေအနေကို မသိရှိရသေးကြောင်း RSNက ဆိုထားပါတယ်။
ဖမ်းဆီးခံရသူများထဲက ၁၉ဦးဟာ စစ်မှုထမ်းအတွက် ဖမ်းဆီးခံခဲ့ရတာကို RSNက ၎င်းတို့အနေနဲ့ အတည်ပြုထားကြောင်း ရေးသားထားပါတယ်။
အဲ့ဒိ ၁၉ဦး ဖမ်းဆီးခံခဲ့ရပုံတွေက အလုပ်ရမယ်လို့ဆိုကာ လိမ်လည်ခေါ်ယူခံရသူ ၈ ဦး၊ စစ်မှုထမ်းစာရင်းအတိုင်း အိမ်အထိ ရှာဖမ်းခံရသူ ၁၀ ဦး၊ လမ်းပေါ် ပေါ်တာဆွဲခံရသူ ၁ ဦးတို့ ဖြစ်ပါတယ်။
၎င်းတို့အထဲက ၂ ဦးဟာ ချုပ်နှောင်ခံထားရတဲ့နေရာမှ ထွက်ပြေးခဲ့ပေမဲ့ မလွတ်မြောက်ခဲ့ပဲ ပြန်လည် ဖမ်းဆီးခံခဲ့ရပါတယ်။
လူမှုကွန်ယက်မီဒီယာပေါ်မှာ စစ်ကောင်စီကို ဝေဖန်ရေးသားတာကြောင့်လို့ဆိုကာ စစ်တပ်ကတရားဝင်ထုတ်ပြန်ကြေညာပြီး ဖမ်းဆီးခံရသူ ၇ ဦး၊ တော်လှန်ရေး လှုပ်ရှားလို့ဆိုကာ ဖမ်းဆီးခံရသူ ၅ ဦး၊ ဒေါ်အောင်ဆန်းစုကြည်မွေးနေ့ သပိတ်မှာ ပါဝင်တယ်လို့ စွပ်စွဲခံရကာ ဖမ်းဆီးခံရသူ ၃ ဦးရှိပါတယ်။
ဖမ်းဆီးခံရသူတွေထဲမှာ အသက် ၁၈နှစ်အောက် ကျောင်းသား ၃ဦးပါဝင်ခဲ့ပြီး စက်ရုံလုပ်ခလစာ တိုးမြှင့်ရေးအတွက် ဆန္ဒပြသူ ၁ဦး ဖမ်းဆီးခံခဲ့ရပါတယ်။
မော်ဒယ်အေဂျင်စီပိုင်ရှင် ဂျွန်လွင်ကိုလည်း အဆိုတော်ချမ်းချမ်းကို ကူညီနေတယ်လို့ စွပ်စွဲကာ ဖမ်းဆီးစစ်ဆေးပြီး ပြန်လွှတ်ပေးခဲ့ပါတယ်။
ဇွန်လ ၁၆ ရက်နေ့က လှည်းကူးမြို့နယ်ရှိ ဖောင်ကြီး စခတ ၁နဲ့ တိုက်ကြီးမြို့နယ်ရှိ ဂျိုးဖြူ တတက ၁ တို့မှာ စစ်မှုထမ်း အမှတ် ၁၄ သင်တန်း စတင်ခဲ့ပြီး စုစုပေါင်း လူ ၃၄၀ခန့် ပါဝင်နေကြောင်း ၎င်းတို့ ထုတ်ပြန်တဲ့ ဓာတ်ပုံများအရ သိရတယ်လို့ RSNက ထုတ်ပြန်ဖော်ပြထားပါတယ်။
#aamij #Yangon
ရန်ကုန်တွင် ဇွန်လအတွင်း လူအယောက် ၈၀ခန့်ဖမ်းဆီးခံရဟုဆို
