တီးတိန်မြို့နယ်၊ ပွာလ်ပီးကျေးရွာရှိ စစ်တပ် စခန်း အားလုံးကို သိမ်းပိုက်ရရှိပြီး စစ်ကောင်စီတပ်သားများ ကလေးမြို့အထိ ပြန်လည် ဆုတ်ပြေး
ရန်ကုန်၊ ဇူလိုင် ၅
ချင်းပြည်နယ်၊ တီးတိန်မြို့နယ်၊ ပွားလ်ပီးကျေးရွာရှိ စစ်တပ် စခန်းအားလုံးကို သိမ်းပိုက်ရရှိခဲ့ပြီး စစ်ကောင်စီ တပ်သားများ ကလေးမြို့အထိ ဆုတ်ခွာ ထွက်ပြေးသွားကြောင်း ချင်းတော်လှန်ရေး စစ်ရေးသတင်းရင်းမြစ်က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။
ယနေ့ ဇူလိုင်လ ၅ ရက်နေ့ နံနက် ၆ နာရီကျော်ခန့်တွင် တီးတိန်မြို့နယ်၊ မွာလ်ပီးကျေးရွာ၌ တပ်စွဲထားသော စစ်တပ် စခန်းကို ချင်းတော်လှန်ရေး ပူးပေါင်းတပ်ဖွဲ့များက ထိုးစစ်ဆင် တိုက်ခိုက်ခဲ့ရာ ညနေ ၅ နာရီ ကျော်တွင် အပြီးသတ် သိမ်းပိုက်နိုင်ခဲ့ခြင်းဖြစ်ကြောင်း၊ ယင်းစခန်းသိမ်း တိုက်ပွဲအတွင်း စစ်ကောင်စီတပ်သားများ ထိခိုက်သေဆုံးမှုများပြားခဲ့၍ ကလေးမြို့အထိ ပြန်လည် ဆုတ်သွားကြောင်း သိရသည်။
“ပွာလ်မီးမှာကျန်တဲ့နောက်ဆုံးစစ်ခန်း သိမ်းပိုက်မိတာမှန်ပါတယ်။ CNA က ဦးဆောင်သူက အတည် ပြုထားပြီ။ မွှာလ်ပီးကို အကုန်သိမ်းပြီးပြီ။ သတင်းကောင်းပါပဲ၊ စကစတွေကတော့ ကလေးမြို့အထိ ပြန်ဆုတ်သွားပြီလို့ သိရတယ်။ စကစဘက်က ထိခိုက်သေဆုံးမှု၊ လက်နက်သိမ်းဆည်းရရှိမှုကတော့ အတိအကျ မသိရသေးဘူး။” ဟု ချင်းတော်လှန်ရေးစစ်ရေးသတင်းရင်းမြစ်က ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောကြားသည်။
အဆိုပါ တိုက်ခိုက်သိမ်းပိုက်မှုကို Chin National Army – CNA တပ်ဖွဲ့က ဦးဆောင်ကာ PDF Zoland နှင့် CNDF တို့က ပူးပေါင်းကာ တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း၊ ယခုအခါ နယ်မြေရှင်းလင်း ရေး လုပ်ဆောင်လျက်ရှိကြောင်း သိရသည်။
ထို့ပြင် ဇွန်လ ၂၆ ရက်နေ့ကလည်း တီးတိန်မြို့နယ်၊ မွှာလ်ပီးကျေးရွာရှိ စစ်တပ်စခန်းကို ချင်းတော် လှန် ရေးပူးပေါင်းတပ်ဖွဲ့မှ တိုက်ခိုက်ခဲ့ရာ ဇွန်လ ၂၈ ရက်နေ့အထိ ကာကင်းစခန်း ၃ ခုကို အပြီးသတ် သိမ်း ပိုက်ရရှိခဲ့ကြောင်း၊ ယင်း ကင်းစခန်း ၃ ခုသိမ်းပိုက်အတွင်း စစ်သား ၁၅ ဦး ကျော် သေဆုံးပြီး လက်နက်ခဲယမ်းများနှင့်အတူ အရှင်ဖမ်းမိသူများလည်းရှိခဲ့ကြောင်း သိရသည်။
တီးတိန်မြို့နယ်၊ ပွာလ်ပီးကျေးရွာရှိ စစ်တပ် စခန်း အားလုံးကို သိမ်းပိုက်ရရှိပြီး စစ်ကောင်စီတပ်သားများ ကလေးမြို့အထိ ပြန်လည် ဆုတ်ပြေး
