တရုတ် စီစဉ်တဲ့ ဆွေးနွေးရေးလမ်းကြောင်း အတော်လေး ခရီးပေါက်ပေမယ့် နောင်ချိုကို လက်မလွှတ်ဘူး လို့ TNLA ပြော။
တရုတ်က TNLAနဲ့ စစ်အုပ်စုကို သီးခြားစီခေါ်တွေ့၊
နောင်ချိုမြို့အနီးမှာ နေ့စဉ်ရက်ဆက် တိုက်ပွဲပြင်းထန်နေ၊
တေဇ/ MFP ၊ ဇူလိုင် – ၅
တရုတ်အစိုးရက TNLA နဲ့ စစ်အုပ်စုကို သီးခြားစီ ခေါ်ယူတွေ့ဆုံမှု ရှိခဲ့ပြီး ဆွေးနွေးရေး လမ်းကြောင်း အတော်လေး ခရီးရောက်နေပေမယ့် နောင်ချိုမြို့ကို လက်လွှတ်မှာ မဟုတ်ဘူးလို့ တအာင်း အမျိုးသား လွတ်မြောက်ရေးတပ်မတော် – TNLA ပြောရေးဆိုခွင့်ရှိသူ လွေးယေဦးက ပြောပါတယ်။
ဒီနေ့ ဇူလိုင်လ ၅ရက်မှာ ပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ TNLA ပြောရေးဆိုခွင့်ရှိသူ လွေးယေဦးက အထက်ပါ အချက်တွေကို ထည့်သွင်းပြောကြားတာ ဖြစ်ပါတယ်။
တရုတ်အစိုးရက ပြီးခဲ့တဲ့ရက်ပိုင်းအတွင်း TNLA နဲ့ စစ်အုပ်စုကို သီးခြားစီ ခေါ်ယူတွေ့ဆုံမှု ရှိခဲ့ပြီး ဒေသ တည်ငြိမ်ရေး၊ အပစ်အခတ် ရပ်စဲရေးနဲ့ အရပ်သားတွေ အကာအကွယ်ပေးရေး စတာတွေကို အလေးပေး ပြောဆိုခဲ့တယ်လို့ လွေးယေဦးက ပြောပါတယ်။
“တရုတ်အစိုးရရဲ့ ကြားဝင်မှုကတော့ တော်တော်လေး ခရီးရောက်ပါတယ်၊ ကျမတို့ တဖက်နဲ့တဖက် အပစ်ရပ်နိုင်ဖို့လည်း ကြိုးပမ်း ဆောင်ရွက်နေတာမျိုးတွေ ရှိပါတယ်။ အဓိကကတော့ လက်ရှိ ဖြစ်ပေါ်နေတဲ့ နိုင်ငံရေး၊ စစ်ရေး အခြေအနေကြောင့်ရော ဒေသတွင်း တည်ငြိမ်ရေးနဲ့ ဒေသခံ ပြည်သူလူထုတွေရဲ့ အခက်အခဲတွေကို ကျော်လွှားနိုင်ဖို့ ဖြစ်ပါတယ်”
တရုတ်၊စစ်အုပ်စုနဲ့ TNLA တို့ကြား သုံးပွင့်ဆိုင် တွေ့ဆုံမှုကို လာမယ့် ဩဂုတ်လကုန်ပိုင်းမှာ ပြုလုပ်ဖို့ စီစဉ်ထားပြီး ဆွေးနွေးရေး လမ်းကြောင်းနဲ့ သွားနေသလို တဖက်မှာလည်း နောင်ချိုမြို့ ပြန်မပေးရရေး စစ်ရေးပြင်ဆင်မှုတွေ လုပ်ထားတယ်လို့ TNLA က ပြောပါတယ်။
“လက်ရှိအချိန်အထိ ကျမတို့ နောင်ချိုကို လက်လွှတ်ရတာမျိုး၊ နောင်ချိုလက်လွှတ်ဖို့ ဆုံးဖြတ်ချတာမျိုး မရှိသေးပါဘူး။ ခုခံကာကွယ်ဖို့အတွက် အကောင်းဆုံး ပြင်ဆင်ထားပါတယ်”လို့ လွေးယေဦးက ပြောပါတယ်။
ပြည်သူတွေအနေနဲ့လည်း နောင်ချိုတိုက်ပွဲ အခြေအနေနဲ့ ပတ်သက်ပြီး စစ်အုပ်စု လော်ဘီတွေ ဝါဒဖြန့်နေတာတွေကို မယုံကြည်ကြဖို့လည်း TNLA က တိုက်တွန်းပါတယ်။
လက်တလော နောင်ချိုဒေသမှာ တိုက်ပွဲတွေ နေ့စဉ်ရက်ဆက် ပြင်းထန်နေပါတယ်။
စစ်အုပ်စုက လေကြောင်းက ပစ်ကူပေးနေသလို မြေပြင်ထိုးစစ်တွေကလည်း အင်အားအများအပြားနဲ့ စစ်ကြောင်းထိုးနေလို့ ရှေ့ကို အနည်းငယ်တိုးလာနေတယ်လို့ နောင်ချိုဒေသခံတွေက ပြောပါတယ်။
“တိုက်ပွဲက နေ့တိုင်းပဲ မရပ်ဘူး။ နှစ်ဖက်လုံး အကျအဆုံးတွေ ရှိတယ် ကြားတယ်။ ဒီမနက်ထိလည်း ချနေကြတုန်း” လို့ နောင်ချိုမြို့ခံတစ်ဦးက MFPကို ပြောပါတယ်။
ပြင်ဦးလွင်မြို့နယ် ဝက်ဝံစစ်ဆေးရေးဂိတ်ကနေ နောင်ချိုဘက် ထိုးစစ်ဆင် လာတဲ့ စစ်အုပ်စု စစ်ကြောင်းဟာ အုမ္မခါးကျေးရွာကို ကျော်ကာ နောင်ချိုမြို့နဲ့ လေးမိုင်လောက်ဝေးတဲ့ ကျောက်ကြမ်းရွာ နားကို ရောက်ရှိနေပြီး တောင်းခမ်းရွာကနေ နောင်ချိုဘက် စစ်ကြောင်းထိုးလာတဲ့ စစ်အုပ်စုကလည်း နောင်ချိုမြို့နဲ့ လေးမိုင်လောက်ဝေးတဲ့ မျက်ချင်းနုရွာကို ရောက်နေပြီ ဖြစ်တယ်လို့ ဒေသခံတွေနဲ့ မြေပြင်တော်လှန်ရေး ရဲဘော်တွေက ပြောပါတယ်။
နောင်ချိုမြို့နယ်က နောင်လင်၊ ကျောက်တော်၊ အုမ္မခါး၊ လုံစံနဲ့ လုံရဲကျေးရွာကြား၊ အုမ္မသီးနဲ့ ဆမ္မဆယ် ကျေးရွာတွေမှာ စစ်အုပ်စုနဲ့ တိုက်ပွဲတွေ ဆက်လက်ဖြစ်ပွားခဲ့တယ်လို့ TNLAက မနေ့က ဇူလိုင် ၄ရက်မှာ ထုတ်ပြန်ထားပါတယ်။
အဲ့ဒီတိုက်ပွဲတွေအတွင်း စစ်အုပ်စုက လေကြောင်းကနေ ဗုံး ခြောက်လုံး၊ လက်နက်ကြီး ၁၁၂လုံးနဲ့ ဒရုန်းနဲ့ ဗုံး ၂၀ လုံး လာရောက်ပစ်ကူ တိုက်ခိုက်ခဲ့တယ်လို့ TNLA က ဖော်ပြထားပါတယ်။
ဒေသတွင်း စစ်ရေးတင်းမာနေလို့ နောင်ချိုမြို့ခံ အများစု ဇွန်လဆန်းကစလို့ နီးစပ်ရာ နေရာတွေမှာ စစ်ဘေးရှောင်နေကြပြီး လတ်တလောမှာ မြို့ပေါ်မှာ အနည်းစုသာ ကျန်ရှိတော့တယ်လို့ ဆိုပါတယ်။
နောင်ချိုမြို့ကို TNLA ဦးဆောင်တဲ့ တော်လှန်ရေးတပ်တွေက ၁၀၂၇ စစ်ဆင်ရေး ဒုတိယလှိုင်းဖြစ်တဲ့ ၂၀၂၄ ဇွန်လမှာ သိမ်းယူနိုင်ခဲ့တာ ဖြစ်ပြီး လက်ရှိမှာ စစ်အုပ်စုက နောင်ချိုမြို့ကို ပြန်ရဖို့ အင်အားထောင်နဲ့ချီသုံးကာ စစ်ကြောင်းသုံးကြောင်းခွဲ ထိုးစစ်ဆင်နေတာ ဖြစ်ပါတယ်။
TNLA ဦးဆာင်တဲ့ တော်လှန်ရေးတပ်တွေ ၂၀၂၄ ဇွန်လက နောင်ချိုမြို့ကို သိမ်းပိုက်ခဲ့စဉ်/Photo – MOD