မန္တလေးမှာ စစ်အုပ်စုက စစ်မှုထမ်းထောက်ပံ့ကြေးဆိုပြီး အိမ်တိုင်းစေ့ လစဉ် ဆက်ကြေးကောက်၊ ငလျင်အပြီး ပိုမို ငွေတောင်းကြမ်းလာ၊


မန္တလေးမှာ စစ်အုပ်စုက စစ်မှုထမ်းထောက်ပံ့ကြေးဆိုပြီး အိမ်တိုင်းစေ့ လစဉ် ဆက်ကြေးကောက်၊
ငလျင်အပြီး ပိုမို ငွေတောင်းကြမ်းလာ၊
ဒေါ်လာ/MFP၊ ဇူလိုင် – ၅

မန္တလေးမြို့ပေါ် ရပ်ကွက်တွေ အပါအဝင် အမရပူရ၊ တံတားဦး၊ စဉ့်ကိုင် စတဲ့ မြို့နယ်တွေမှာ စစ်အုပ်စု သစ္စာခံ ရပ်ကွက်အုပ်ချုပ်ရေးမှူးနဲ့ ပျူစောထီးတွေက စစ်မှုထမ်းထောက်ပံ့ကြေးလို့ ခေါင်းစဉ်တပ်ပြီး လစဉ်လတိုင်း အိမ်တိုင်းစေ့ ဆက်ကြေးကောက် ငွေတောင်းနေတယ်လို့ ဒေသခံတွေက MFP ကို ပြောပါတယ်။
ငလျင်မတိုင်မီက တစ်အိမ်ကို ကျပ်တစ်သောင်းကနေ သုံးသောင်းလောက်အထိသာ ဆက်ကြေး ပေးဆောင်ရပေမယ့် ငလျင်အပြီး ပိုမို ငွေတောင်းကြမ်းလာပြီး တစ်အိမ်ကို ကျပ်နှစ်သောင်းလောက်ကနေ ကျပ်တစ်သိန်းအထိ ဆက်ကြေးကောက်နေတာလို့ ဆိုပါတယ်။
စဉ့်ကိုင်မြို့နယ် ပေါ်တော်မူဘုရား ရွာဟောင်းကုန်းရွာက စစ်အုပ်စုခန့် အုပ်ချုပ်ရေးမှူးနဲ့ ရှေ့နေအမျိုးသမီးတို့က ကျေးရွာအတွင်းရှိ နေအိမ်တွေကို စစ်မှုထမ်းထောက်ပံ့ကြေးအဖြစ် လစဉ်လတိုင်း တစ်အိမ်ကို ကျပ်နှစ်သောင်းကနေ ကျပ်လေးသောင်းအထိ ဆက်ကြေးကောက်နေပြီး ငွေမပေးဆောင်သူ များပါက စစ်မှုထမ်း မဲနှိုက်ခိုင်းလေ့ရှိတယ်လို့ ဒေသခံတစ်ဦးက ပြောပါတယ်။
“ရွာကို လစဉ် လတိုင်း ခြိမ်းခြောက်ပြီး စစ်မှုထမ်းကြေးကို ပိုက်ဆံရှိတဲ့အိမ်ကို လေးသောင်း၊ မရှိတဲ့အိမ်ကို နှစ်သောင်း အတင်းကောက်ခံနေလို့ပါ။ မပေးတဲ့အိမ်များလာတဲ့ လဆိုရင် အစည်းအဝေး ခေါ် ပြီး မဲနှိုက်ခိုင်းပါတယ်။ မဲပေါက်တဲ့ ကလေးတွေက ပြေးသွားရင် စစ်တပ်ကိုခေါ်ပြီး ရွာထဲကို အရောင်ပြ စစ်ကားနဲ့ ပတ်ခိုင်းလုပ်ပါတယ်။ ရွာသူရွာသားတွေက ကြောက်ပြီး ပေးနေကြရပါတယ်”
အဲ့ဒီ ပေါ်တော်မူဘုရား ရွာဟောင်းကုန်းရွာဟာ အရှေ့ရွာနဲ့ အနောက်ရွာ နှစ်ပိုင်းရှိပြီး စုစုပေါင်း အိမ်ခြေ ၅၀၀ ကျော် ရှိကာ အခုလို လစဉ်ဆက်ကြေးကောက် ငွေညှစ်နေတာကြာပြီလို့ ဆိုပါတယ်။
“၂၀၁၅ ၁လပိုင်း ကတည်းက‌ စပေးနေရတာပါ။ မပေးတဲ့လူ များလာရင် ရွာဟစ်ခိုင်းပြီး ခြိမ်းခြောက်ပြီး တောင်းတောင်းနေပါတယ်”လို့ ဒေသခံက ဆက်ပြောပါတယ်။
ပေါ်တော်မူဘုရား ရွာဟောင်းကုန်းရွာလိုပဲ စဉ့်ကိုင်နယ်က ကျေးရွာတွေ အများစု လစဉ် ခြိမ်းခြောက် ငွေညှစ်ခံနေကြရပြီး မပေးချင်ပေမယ့် ကြောက်လို့ ပေးဆောင်နေရတယ်လို့ ဒေသခံတွေက ပြောပါတယ်။
အလားတူ မန္တလေးမြို့ပေါ် ရပ်ကွက်တွေနဲ့ အမရပူရ၊ တံတားဦး စတဲ့ မြို့နယ်တွေက ကျေးရွာ၊ ရပ်ကွက်တွေမှာလည်း စစ်မှုထမ်း ထောက်ပံ့ကြေးအဖြစ် လစဉ် ဆက်ကြေးပေးဆောင်နေရတယ်လို့ ဒေသခံတွေက ပြောပါတယ်။
အမရပူရမြို့နယ်၊ နတ်ရေကန်ရပ်ကွက်မှာ စစ်အုပ်စု၊ ပျူစောထီးနဲ့ စစ်အုပ်စု သစ္စာခံ ရပ်ကွက် အုပ်ချုပ်ရေးမှူးတွေက ရပ်ကွက်ထဲ တစ်အိမ်တက်ဆင်း လှည့်လည်ကာ စစ်မှုထမ်း ထောက်ပံ့ကြေး တစ်အိမ်ကို ကျပ်တစ်သိန်းနှုန်း ဆက်ကြေးကောက်တယ်လို့ မြို့ခံတစ်ဦးက MFP ကို ပြောပါတယ်။
“ဆယ်အိမ်မှူးနဲ့ ပျုစောထီးတွေက တောင်းတာ။ ပိုက်ဆံ ပေးရမယ့်ရက်ကို သူတို့က သတ်မှတ် ထားတယ်။ မပေးရင်တော့ အိမ်တွေကို မနေခိုင်းဘူး။ မပေးတဲ့အိမ်တွေကို သိမ်းမှာလို့လည်း ပြောတယ်။ အရင်ဆုံး ရိုက်ခံရမှာတဲ့။ အိမ်တိုင်းပေးရတာ။ ဘယ်သူမှလည်း ပြန်မပြောရဲဘူး”
ငလျင်မတိုင်ခင်က တစ်အိမ်ကို ကျပ်တစ်သောင်းနှုန်း၊ ကျပ်နှစ်သောင်းနှုန်း စသဖြင့် သောင်းဂဏန်းသာ ကောက်ခံနေရာက ငလျင်ဒဏ်သင့်ကာလ ဆက်ကြေးကောက်တာတွေ ခေတ္တ ရပ်နားကာ လက်ရှိမှာ ကျပ် တစ်သိန်းနှုန်း အထိ တိုးမြင့်ကောက်ခံလာတာလို့လည်း ဆိုပါတယ်။
“ငွေလာကောက်လို့ ပေးနေရတာ သုံး၊လေးကြိမ် ရှိပြီ” လို့ မန္တလေးမြို့ခံတစ်ဦးကလည်း ပြောပါတယ်။
ပြီးခဲ့တဲ့ ၂၀၂၄ မတ်လက စလို့ စစ်အုပ်စုက နိုင်ငံတဝန်းရှိ လူငယ်လူရွယ်တွေကို စစ်သားသစ် စုဆောင်းကာ ရက်တိုသင်တန်းပေးပြီး တိုက်ပွဲဖြစ်ပွားရာ နေရာတွေဆီ အသေခံ စစ်သားအဖြစ် ပို့လွှတ်နေတာ ဖြစ်ပါတယ်။
ပေါ်တာဆွဲထားသူတွေ အပါအဝင် မန္တလေးတိုင်းအတွင်း စစ်သားသစ် စုဆောင်းထားသူတွေကို အသေခံ စစ်သား အဖြစ် အသုံးချနိုင်ဖို့ စစ်အုပ်စုက ရက်တို သင်တန်းပေးကာ သင်တန်းဆင်းပွဲ လုပ်နေစဉ်/Photo – စစ်အုပ်စု