PDF နှင့် လက်နက်ကိုင်အဖွဲ့များ ရွေးကောက်ပွဲ ပူးပေါင်းဖို့ စစ်တပ် ဖိတ်ခေါ်
ဧရာဝတီ၊ ဇူလိုင် ၅၊ ၂၀၂၅
ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF)နှင့် လက်နက်ကိုင်အဖွဲ့အစည်းများအနေဖြင့် ရွေးကောက်ပွဲလမ်းကြောင်းတွင် အပြည့်အဝ ပူးပေါင်းပါဝင်ခြင်းဖြင့် မျှော်မှန်းသည့်ပန်းတိုင်အား အရောက်လှမ်းကြရန် အာဏာသိမ်းစစ်ကောင်စီက ယမန်နေ့ရက်စွဲဖြင့် ဖိတ်ခေါ်စာ ထုတ်ပြန်လိုက်သည်။
ဒေသတည်ငြိမ်အေးချမ်းမှုမရှိခြင်းနှင့် ကိုယ်တိုင်လက်နက်ကိုင်လမ်းစဉ်တွင်ပါဝင်မှုကြောင့် မိဘညီအကို မောင်နှမများနှင့် ဆွေမျိုးသား ချင်းများ လူမှုစီးပွားဘဝများ ထိခိုက်ပျက်စီးကြရပြီး အတိဒုက္ခရောက်ကြရသည်ကို ထောက်ထားရန်လည်း စစ်ကောင်စီက သတိပေးထားသည်။
ထို့အပြင် PDF နှင့်လက်နက်ကိုင်အဖွဲ့များအနေဖြင့် ဥပဒေဘောင်အတွင်း တရားဝင်ရပ်တည်ကာ အစိုးရ၊ တပ်မတော်တို့နှင့် လက်တွဲပြီး နိုင်ငံတော်အကျိုး၊ ဒေသအကျိုးဖော်ဆောင်မည်ဆိုပါက အစိုးရနှင့်တပ်မတော်က ကြိုဆိုလက်ခံမည်ဖြစ်ကြောင်း စစ်ကောင်စီက ဆိုသည်။
ဒီမိုကရေစီနှင့်ဖက်ဒရယ်စနစ်ကို အခြေခံသည် ပြည်ထောင်စုပေါ်ထွန်းရေးနှင့် အခြေခံဥပဒေပြင်ဆင်ရေးတို့သည် ၎င်းတို့ကျင်းပမည့် ရွေးကောက်ပွဲပြီးနောက် ပေါ်ထွက်လာမည့် လွှတ်တော်၊ အစိုးရတို့နှင့် ဆက်လက်ညှိနှိုင်း ဆွေးနွေးဆောင်ရွက်သွားရမည်ဖြစ်ကြောင်း စစ်ကောင်စီက ပြောသည်။
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD) အနိုင်ရသည့် ၂၀၂၀ ရွေးကောက်ပွဲအား မဲစာရင်းမှားယွင်းသည်ဆိုကာ စစ်တပ်က အာဏာသိမ်းမှုကြောင့် နိုင်ငံအနှံ့လက်နက်ကိုင်ခုခံတိုက်ခိုက်မှုများဖြစ်ပေါ်ခဲ့ပြီး အာဏာသိမ်းငါးနှစ်ခန့်အကြာ ယခုနှစ် ဒီဇင်ဘာလနှင့် ၂၀၂၆ ခုနှစ် ဇန်နဝါရီလတို့တွင် ရွေးကောက်ပွဲပြန်လည်ကျင်းပရန် စစ်ကောင်စီက ပြင်ဆင်လျက်ရှိသည်။
#WhatsHappeningInMyanmar
#RejectMilitaryCoup