နိုင်ငံခြားကုန်သွယ်မှုဘဏ်များ ပိတ်ဆို့ခံထားရသည့် မြန်မာစစ်အုပ်စုက စစ်လက်နက်ဝယ်ယူမှုများအတွက် ငွေသယ်လေယာဉ်များကို အသုံးပြုပြီး ငွေပေးချေနေ


နိုင်ငံခြားကုန်သွယ်မှုဘဏ်များ ပိတ်ဆို့ခံထားရသည့် မြန်မာစစ်အုပ်စုက စစ်လက်နက်ဝယ်ယူမှုများအတွက် ငွေသယ်လေယာဉ်များကို အသုံးပြုပြီး ငွေပေးချေနေ
ရန်ကုန်၊ ဇူလိုင် ၄

MFTB၊ MICB ကဲ့သိုသော နိုင်ငံခြားကုန်သွယ်မှုဘဏ်များ ပိတ်ဆို့ခံထားရသည့် မြန်မာစစ်အုပ်စုက ဘယ်လာရုစ်နိုင်ငံမှ စစ်လက်နက်ဝယ်ယူမှုများအတွက် ငွေသယ်လေယာဉ်များကို အသုံးပြုပြီး ငွေပေးချေနေကြောင်း
Justice For Myanmar (JFM)) အဖွဲ့က ယနေ့ ထုတ်ပြန်လိုက်သည်။
မြန်မာစစ်အုပ်စုသည် နိုင်ငံတကာမှ စစ်လက်နက်နှင့် ဆက်စပ်ပစ္စည်းများ ဝယ်ယူရေးအတွက် ငွေပေးချေရန် ခက်ခက်ခဲခဲ ရုန်းကန်နေရကြောင်းကို လျှို့ဝှက်ပေါက်ကြားလာသည့် စစ်ကောင်စီနှင့် ဘယ်လာရုစ်နိုင်ငံတို့အကြား သဘောတူညီချက်များနှင့် ပတ်သက်သည့် အပြန်အလှန်ပေးစာများအပေါ် အခြေခံပြီး Justice For Myanmar အဖွဲ့က ထုတ်ဖော်ပြောဆိုခဲ့ခြင်းဖြစ်သည်။
အဆိုပါ ပေါက်ကြားလားသည့် ပေးစာများအရ ၂၀၂၂ ခုနှစ်၊ ဇန်နဝါရီရက်စွဲပါ ပေးစာတစ်စောင်တွင် ဘယ်လာရုစ်နိုင်ငံမှ လက်နက်ပစ္စည်းဝယ်ယူမှုများအတွက် ဘယ်လာရုစ် နိုင်ငံပိုင် နိုင်ငံခြားကုန်သွယ်ရေးကုမ္ပဏီ BSVT အနေဖြင့် မြန်မာ့နိုင်ငံခြားကုန်သွယ်ရေးဘဏ်(MFTB) ထံမှ ငွေကြေးများ ရရန်ကျန်ရှိနေသေးကြောင်း ဖော်ပြထားသည်။
ထိုငွေများကို “ယခင်ပေးချေမှု ထုံးစံအတိုင်း” ငွေသားဖြင့် အမြန်လွှဲပေးရန် စစ်ကောင်စီ စစ်လက်နက်ပစ္စည်း ဝယ်ယူရေး ညွှန်ကြားမှုဌာနသို့ တိုက်ရိုက်တောင်းဆိုခဲ့ကြောင်း” JFM က ၄င်း၏အစီရင်ခံစာတွင် ဆက်လက်ဖော်ပြထားသည်။
“အဆိုပါတောင်းဆိုစာတွင် ဘယ်လာရုစ်အစိုးရအနေဖြင့် ငွေသားရယူရန် နေပြည်တော်သို့ လေယာဉ်တစင်း စေလွှတ်နိုင်ကြောင်း ပြောဆိုထားပြီး၊ ယခင်ကလည်း ထိုသို့လုပ်ဆောင်ကြောင်း ညွှန်းဆိုထားသည်” ဟုလည်း ဖော်ပြထားသည်။
မြန်မာနိုင်ငံလူ့အခွင့်အရေးဆိုင်ရာ ကုလသမဂ္ဂအထူးကိုယ်စားလှယ်၏ ၂၀၂၄ ခုနှစ် အစီရင်ခံစာအရ စစ်ကောင်စီအနေဖြင့် နိုင်ငံခြားမှ စစ်လက်နက်ပစ္စည်းများတွင် ဝယ်ယူရာတွင် MFTB ဘဏ်အပေါ် အကြီးအကျယ်မှီခိုနေရပြီး၊ ဩစတြေးလျ၊ အမေရိကန်နှင့် ကနေဒါနိုင်ငံတို့က MFTB ဘဏ်နှင့် MICB ဘဏ်တို့ကို ဒဏ်ခတ်ပိတ်ဆို့မှုများ ချမှတ်ခဲ့ခြင်းလည်းဖြစ်သည်။
ထို့အပြင် ဘယ်လာရုစ်နှင့် စစ်ကောင်စီ စစ်ဘက်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုများတွင် Dynasty Group of Companies နှင့် Global Top Link Technologies စသည့် မြန်မာစစ်လက်နက်ပွဲစားကုမ္ပဏီနှစ်ခု၏ အရေးပါပုံကို လျှို့ဝှက်ပေါက်ကြားလာသော အပြန်အလှန်ပေးစာများကို ကိုးကားပြီး အစီရင်ခံအတွင်း ဖော်ပြထားသည်။
ဝယ်ယူထားသော စစ်လက်နက်ပစ္စည်းများအတွက် ငွေပေးချေရန် ဘယ်လာရုစ်၏ အကြောင်းကြားစာကို Dynasty Group ၏ ဥက္ကဌနှင့် စီအီးအိုဖြစ်သူ အောင်မိုးမြင့်က SAMI နှင့် BSVT တို့၏ ကိုယ်စားလှယ်များထံ ၂၀၂၂ ခုနှစ်၊ ဖေဖော်ဝါရီလအတွင်း စာရေးအကြောင်းပြန်ခဲ့သလို၊ အဆိုပါစာများအတွင်း ၎င်း၏ပြိုင်ဖက် မြန်မာစစ်လက်နက်ပွဲစားကုမ္ပဏီ Top Link Technologies ၏ စီအီးအို ဒေါက်တာစိန်ထူးအကြောင်းကို ထည့်သွင်း‌ရေးသားခဲ့ကြောင်း ဖော်ပြထားသည်။
ဒေါက်တာစိန်ထူးသည် ဘယ်လာရုစ် စစ်လက်နက်ကုမ္ပဏီ Kidma Tech ၏ မြန်မာနိုင်ငံကိုယ်စားလှယ်ဖြစ်ပြီး၊ အောင်မိုးမြင့်က BSVT အနေဖြင့် “ဒေါက်တာစိန်ထူးသည် မြန်မာစစ်တပ်ကျောင်းသားများ ဘယ်လာရုစ်နိုင်ငံသို့ ပညာသင်ယူရေး အစီအစဉ်များကို ကူညီဆောင်ရွက်ပေးနိုင်သည့် လုပ်ပိုင်ခွင့်အာဏာရှိသူမဟုတ်ကြောင်း “မြန်မာဘက်ခြမ်း” သို့ ရှင်းလင်းစွာ ပြောကြားထားစေလိုကြောင်းကို အဆိုပါစာအတွင်း တောင်းဆိုထားကြောင်း JFM ကဆိုသည်။
Dynasty Group of Companies (Dynasty International) သည် ဘယ်လာရုစ်အစိုးရနှင့် နီးကပ်သည့် ဆက်ဆံရေးရှိသလို၊ ဘယ်လာရုစ်ကုန်သည်ကြီးများနှင့် စက်မှုလုပ်ငန်းရှင်များအသင်း၏ တရားဝင်ကိုယ်စားလှယ်အဖွဲ့အဖြစ်လည်း ပါရှိနေပြီး၊ ကုမ္ပဏီ ဥက္ကဌနှင့် စီအီးအိုဖြစ်သူ အောင်မိုးမြင့်သည် မြန်မာနိုင်ငံဆိုင်ရာ ဘယ်လာရုစ်နိုင်ငံ၏ ဂုဏ်ထူးဆောင် ကောင်စစ်ဝန်ရာထူးကို တာဝန်ယူထားသူလည်းဖြစ်သည်။
BVST ၏ မြန်မာနိုင်ငံဆိုင်ရာ ဒေသကိုယ်စားလှယ်ဖြစ်သူ အောင်မိုးမြင့်သည် ဘယ်လာရုစ်နိုင်ငံမှ မြန်မာနိုင်ငံသို့ စစ်လက်နက်နှင့် စစ်သုံးပစ္စည်းများ ဆက်လက်ရောင်းချမှုများတွင် အဓိကအခန်းကဏ္ဍမှ ပါဝင်နေကြောင်း Distributed Denial of Secrets (DDoS) မှ ဖွင့်ချထားသည့် အပြန်အလှန်ပေးစာများက သက်သေပြနေသည်။
၂၀၂၁ အကြမ်းဖက်အာဏာသိမ်းမှုဖြစ်ပွားပြီးနောက်ပိုင်း၊ အရပ်သားပြည်သူများကို ရည်ရွယ်ချက်ရှိရှိ တိုက်ခိုက်သတ်ဖြတ်နေသော မြန်မာစစ်အုပ်စုကို ရုရှနှင့်အတူ တစိုက်မတ်မတ် ကူညီထောက်ပံ့ပေးနေသည့် ဘယ်လာရုစ်နိုင်ငံသည် မြန်မာအတွက် သီးသန့်ဒီဇိုင်းရေးဆွဲထားသည့် လေကြောင်းရန်ကာကွယ်ရေးစနစ်တရပ်ကို မြန်မာစစ်အုပ်စုထံ ရောင်းချထားပြီး မြန်မာစစ်ဘက်ဝန်ထမ်းများကိုလည်း လေ့ကျင့်သင်ကြားပေးနေကြောင်း JFM က ထုတ်ပြန်ထားသည်။