ပြင်ဦးလွင်ကလာတဲ့စစ်တပ်စစ်ကြောင်း
ရှေ့တိုးလာပြီး နောင်ချိုနဲ့ ပိုနီးလာ
ဇူလိုင် ၄၊ ၂၀၂၅။ People’s Spring
ရှမ်းပြည်နယ်မြောက်ပိုင်း၊ နောင်ချိုမြို့အနီးမှာ တိုက်ပွဲတွေပြင်းထန်နေပြီး ပြင်ဦးလွင်ကနေလာတဲ့ စစ်ကြောင်းက မြို့နဲ့ လေးမိုင်လောက်ပဲကွာဝေးတဲ့ ကျောက်ကြမ်းကျေးရွာနားကို ရောက်လာနေပြီလို့ နောင်ချိုမြို့ခံတွေက ပြောပါတယ်။
ပြင်ဦးလွင်မြို့နယ်က စစ်ကောင်စီတပ်အထိုင်ချ
ထားတဲ့ ဝက်ဝံဂိတ်ကနေ တက်လာတဲ့ စစ်ကြောင်းဟာဇူလိုင် ၂ ရက်ကအုမ္မခါးကျေးရွာကိုကျော်လွန်လာပြီလို့ နောင်ချိုမြို့ခံတွေကပြောပါတယ်။လတ်
တလောမှာ စစ်ကောင်စီတပ်က ကျောက်ကြမ်းရွာကို ထိုးစစ်ဆင်နေတယ်လို့လည်း ဆိုပါတယ်။
ကျောက်ကြမ်းရွာဟာနောင်ချိုမြို့နဲ့ လေးမိုင်လောက်ပဲ ကွာဝေးပါတယ်။ ကျောက်ကြမ်းရွာနဲ့ နောင်ချိုမြို့ကြားမှာ သဖန်းကိုင်းကျေးရွာ ကျန်ရှိနေပါသေးတယ်။
ကျောက်ကြမ်းရွာအကျော်လေးမှာတော့တော်လှန်
ရေးတပ်တွေ အလွယ်တကူသိမ်းပိုက်ထားတဲ့ အ
မှတ်(၁၁၄)ခြေမြန်တပ်ရင်း(ခလရ-၁၁၄)တပ် ရှိပါတယ်။
“ကျောက်ကြမ်းထိရောက်လာပြီလို့ ကြားတယ်။ ကျောက်ကြမ်းဆိုရင် မြို့အခြေပဲလေ”လို့ နောင်ချိုမြို့ခံတစ်ဦးကပြောပါတယ်။
ဒါ့အပြင် မြို့တောင်ဘက်မှာလည်း တောင်းခမ်းဒေသကနေလာတဲ့ စစ်ကောင်စီတပ်က မျက်ချင်း
နုကျေးရွာကို ဇွန်လ ၃၀ရက်က သိမ်းယူထားပါတယ်။ မျက်ချင်းနုရွာဟာလည်း နောင်ချိုမြို့နဲ့ လေးမိုင်ကျော်ပဲ ကွာဝေးပါတယ်။
“မြို့ပေါ်ကနေ လက်နက်ငယ်တွေကို ကြားရတယ်။ အတော်လေးကပ်နေပြီ”လို့ နောင်ချိုမြို့ခံ အမျိုး
သမီးတစ်ဦးက ပြောပါတယ်။
စစ်ကောင်စီတပ်ဟာဆုံးရှုံးထားတဲ့ရှမ်းပြည်မြောက်ပိုင်းကို ပြန်လည်ထိုးစစ်ဆင်နိုင်ဖို့အတွက် ပြီးခဲ့တဲ့ လပိုင်းတွေကတည်းကနောင်ချိုမြို့ဆီကိုစစ်ကြောင်းသုံးကြောင်းနဲ့အပြင်းအထန် ထိုးစစ်ဆင်နေတာကြောင့် တိုက်ပွဲတွေ နေ့စဥ်ပြင်းထန်နေပါတယ်။
နောင်ချိုဒေသတိုက်ပွဲတွေနဲ့ပတ်သက်ပြီး TNLA
ထံ ဆက်သွယ်မေးမြန်းနေဆဲဖြစ်ပါတယ်။ဒီက
နေ့(ဇူလိုင် ၄ရက်) TNLAရဲ့ ထုတ်ပြန်ချက်မှာတော့ နောင်ချိုမြို့နယ်က နောင်လင်၊ ကျောက်တော်၊ အုမ္မခါး၊ လုံစံနဲ့ လုံရဲကျေးရွာကြား၊ အုမ္မသီးနဲ့ ဆမ္မဆယ်ကျေးရွာကြားတွေမှာ ဇူလိုင် ၂ရက်က စစ်ကောင်စီတပ်နဲ့ တိုက်ပွဲတွေဆက်လက်ဖြစ်ပွားခဲ့တယ်လို့ဖော်ပြထားပါတယ်။အဲဒီတိုက်ပွဲတွေ အ
တွင်းကို စစ်ကောင်စီတပ်က လေကြောင်းကနေ ဗုံး (၆)လုံး၊လက်နက်ကြီး (၁၁၂)လုံးနဲ့ ဒရုန်းနဲ့ဗုံး (၂၀)
လုံး လာရောက်ပစ်ကူတိုက်ခိုက်ခဲ့တယ်လို့ထုတ်ပြန်ပါတယ်။
နောင်လင်ကျေးရွာမှာ စစ်ကောင်စီတပ်နဲ့ တိုက်ပွဲဖြစ်ပွားနေချိန်စစ်ကောင်စီတပ်ကလေကြောင်းကနေ ဗုံး (၂)လုံး၊ လက်နက်ကြီး (၈၅)လုံးနဲ့ ဒရုန်းနဲ့ ဗုံး (၁၃)လုံးပစ်ကူတိုက်ခိုက်ခဲ့တယ်လို့ထပ်မံဖော်
ပြထားပါတယ်။
ဒါ့အပြင်ကျောက်တောနဲ့ နောင်ရဲကျေးရွာကြားကိုလည်း စစ်ကောင်စီတပ်က ဒရုန်းနဲ့ ဗုံး (၇)လုံး၊ ဆမ္မဆယ်ကျေးရွာကို လက်နက်ကြီး(၁၅)လုံး၊ နောင်ရဲနဲ့ လုံစံကျေးရွာကြားကိုလည်း လက်နက်ကြီး ၁၂
လုံး ပစ်ကူတိုက်ခိုက်ခဲ့တယ်လို့ ဆိုပါတယ်။ တိုက်
ပွဲဖြစ်ပွားခြင်းမရှိတဲ့ ငုက္ခလေးကျေးရွာဘက်ကိုလည်း စစ်ကောင်စီတပ်က လေကြောင်းကနေ ဗုံး (၄)လုံး ကြဲချတိုက်ခိုက်ခဲ့တယ်လို့ ထုတ်ပြန်ထားပါတယ်။
(နောင်ချိုဒေသ တိုက်ပွဲအတွင်း တွေ့ရတဲ့ TNLA
ရဲဘော်တွေ။ ဓာတ်ပုံ – TNLA)