ကပစစက်ရုံများကို PDFနှင့် SAF ပူးပေါင်းချေမှုန်းမည်


ကပစစက်ရုံများကို PDFနှင့် SAF ပူးပေါင်းချေမှုန်းမည်
4 July 2025 By Nway / MPA

စစ်ကောင်စီ၏ ကာကွယ်ရေးပစ္စည်းစက်ရုံ(ကပစ)များကို တိုက်ခိုက်ချေမှုန်းနိုင်ရေးအတွက် PDFတပ်ဖွဲ့များနှင့် ပူးပေါင်း စစ်ဆင်သွားမည်ဖြစ်ကြောင်း ကျောင်းသားတပ်ဦး/ကျောင်းသား လက်ရုံးတပ်တော်က ဆိုသည်။
NUGကာကွယ်ရေးဝန်ကြီး ဦးရည်မွန်နှင့် ကျောင်းသားတပ်ဦး/ ကျောင်းသားလက်ရုံးတပ်တော် ( SF / SAF )ဗဟိုဦးဆောင်ကော်မတီဝင်များသည် ဇွန်၂၉ရက်တွင် အွန်လိုင်းမှနေ၍ တွေ့ဆုံဆွေးနွေးခဲ့ပြီး မဟာဗျူဟာအဆင့် ပူးပေါင်းဆောင်ရွက်နိုင်ရေး သဘောတူညီမှုများရရှိခဲ့ကြောင်း သိရသည်။
” ဒီနှစ်အတွင်းမှာ မြန်မာပြည်အလယ်ပိုင်းကို ထိုးဖောက်ဝင်ရောက်ဖို့၊ အထူးသဖြင့် စစ်ကောင်စီရဲ့ ကပစတွေကို တိုက်ခိုက်ချေမှုန်းဖို့ ၊PDF တပ်မတော်နဲ့ စစ်ဆင်ရေးရည်မှန်းချက်တွေအတွက် တွေ့ဆုံတာပါ။ အဓိကက မကွေးအနောက်ခြမ်းဒေသတွေမှာ ရှေ့ကို ဆက်ပြီး နေရာယူသွားနိုင်ဖို့ လက်တွဲဆောင်ရွက်သွားမှာဖြစ်ပါတယ် ” ဟု SF / SAF ၏ ဒုဥက္ကဋ္ဌ ၁ ကိုမင်းဟန်ထက်က MPA ကို ပြောသည်။
SAF နှင့် PDF တို့သည် အတိုင်းအတာတစ်ခုအထိ ကြည်မှုတည်ဆောက်ထားနိုင်ပြီဖြစ်ပြီး ဗဟိုအဆင့်တွေ့ဆုံမှုများမှတစ်ဆင့်
PDF တိုင်းအဆင့်တာဝန်ရှိသူများနှင့် SAF မြေပြင်တပ်မှူးများက မဟာဗျူဟာမြောက် စစ်ဆင်ရေးရည်မှန်းချက်တို့ကို အတူတကွ ရေးဆွဲဆောင်ရွက်ကြမည်ဖြစ်ကြောင်း ၎င်းကပြောသည်။
” ဒီနွေဦးတော်လှန်ရေးအတွင်းမှာ ပေါ်လာကြတဲ့တပ်တွေဟာ ဘုံရည်မှန်းချက်တူညီတဲ့တပ်တွေ ဖြစ်ကြတယ်။ အဲဒီကြားမှာ မလိုလားအပ်တဲ့ ပွတ်တိုက်မှုတွေမဖြစ်အောင် ဆောင်ရွက်ရမယ်။ ဒီလို မဟာဗျူဟာမြောက်စစ်ဆင်ရေးတွေအတွက် ဆွေးနွေး‌မှုကနေ ကျတော်တို့အနေနဲ့ တူတာကို တွဲလုပ်ပြီး မတူတာကို ညှိလုပ်ဖြို ကြိုးစားကြတာဖြစ်တယ် ” ဟု ၎င်းကဆက်လက်ပြောသည်။
NUGကာကွယ်ရေးဝန်ကြီးနှင့် တွေ့ဆုံဆွေးနွေးမှုတွင် မကွေးတိုင်းစစ်ဆင်ရေးစီမံချက်ကို ညှိနှိုင်းဆွေး နွေးပြီး SF / SAF နှင့် NUG တပ်ရင်း၊ တပ်ဖွဲ့များ တာဝန်ခွဲဝေကာ စစ်ဆင်ရေးလုပ်ငန်းစဉ်များအား လက်တွေ့ကျကျ အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရန်၊ ဘဏ္ဍာရေးဆိုင်ရာအရင်းအမြစ်များကို မျှဝေအသုံးပြုနိုင်ရေး ပူးပေါင်းဆောင်ရွက်သွားရန်နှင့် NUG ကာကွယ်ရေးဝန်ကြီးဌာန၊မကွေးတိုင်းစစ် ဌာန တာဝန်ရှိသူများနှင့် မြေပြင်လုပ်ငန်းစဉ်များကို အတူတကွ ပူးပေါင်းဖော်ဆောင်ရန် သဘောတူခဲ့ ကြကြောင်း SF / SAF က ထုတ်ပြန်ထားသည်။
SAF နှင့် NUG လက်အောက်ရှိ PDF တပ်ရင်း၊တပ်ဖွဲ့များသည် စစ်ကိုင်းတိုင်းနှင့် မကွေးတိုင်းတို့တွင် စစ်ဆင်ရေးပူးပေါင်းဆောင်ရွက်မှုများရှိခဲ့ကြောင်း သိရသည်။
မြန်မာပြည်အလယ်ပိုင်းကို ထိုးဖောက်ဝင်ရောက်ကာ စစ်ဆင်ရေးများဖော်ဆောင်သွားမည်ဟု SAF ကယခုနှစ်အစပိုင်း၌ ထုတ်ပြန်ကြေညာထားသည်။
စာတည်း-ML
ဓာတ်ပုံ – SF / SAF
ပုံစာ – SF / SAF မှ ရဲဘော်များ။