လားရှိုးမြို့တွင် စစ်ကောင်စီနှင့် MNDAA တို့ စစ်ရေးအပြိုင်အဆိုင် ပြင်ဆင်နေ၊ စစ်ကောင်စီက လက်နက်ကြီးစခန်းများပါ အခြေပြု


လားရှိုးမြို့တွင် စစ်ကောင်စီနှင့် MNDAA တို့ စစ်ရေးအပြိုင်အဆိုင် ပြင်ဆင်နေ၊ စစ်ကောင်စီက လက်နက်ကြီးစခန်းများပါ အခြေပြု
ဧရာဝတီတိုင်းမ်
ဇူလိုင် ၄ ရက်
တရုတ်ဖိအားကြောင့် စစ်ကောင်စီထံ ပြန်ပေးလိုက်ရသည့် လားရှိုးမြို့တွင် ကိုးကန့်တပ် MNDAA နှင့် စစ်ကောင်စီတပ်တို့ နှစ်ဖက် အပြိုင် စစ်ရေးပြင်ဆင်နေကြောင်း သိရသည်။
စစ်ကောင်စီက လားရှိုးမြို့အတွင်း အင်အားဖြည့် တင်းနေသည့်အပြင် လားရှိုးမြို့အဝင် ခလရ ၄၁ အနီးရှိ ၄၁ ဂိတ်တွင် အမြောက်လက်နက်ကြီးများ တပ်ဆင်လိုက်ကြောင်း သတင်းရင်းမြစ်ထံမှ သိရသည်။
“ပြည်ထောင်စုလမ်းမကြီးအတိုင်း လားရှိုးမြို့အဝင် အချက်အခြာကျတဲ့ နေရာမှာ လက်နက်ကြီး တွေတပ်ဆင်နေတာ”ဟု စစ်ရေးသတင်းရင်းမြစ်က ဧရာဝတီတိုင်းမ်ကို ပြောသည်။
စစ်ရေးအရ အချက်အခြာကျသည့် ၄၁ ဂိတ်တွင် လက်နက်ကြီး အမြောက်အများ တပ်ဆင်ထားပြီး ပတ်ဝန်းကျင်အနှံ့ချိန်ရွယ်ထားသည်ဟု ဒေသခံများကဆိုသည်။
စစ်ကောင်စီက မြို့ပေါ် ၁၂ ရပ်ကွက်ကို စိုးမိုးမှုယူ ထားပြီး ကျန်သည့်ကျေးရွာ ၇၀ ကျော်ကို MNDAA က ဆက်လက်ထိန်းချုပ်ထားသည်။
စစ်ကောင်စီက လက်ရှိတွင် လားရှိုးမြို့၌ လူဝင်မှုကြီး ကြပ်ရေးဌာန၊ ကျန်းမာရေး၊ ထွေအုပ်နှင့် ပညာရေးဌာနများကို ဖွင့်လှစ်ကာ အုပ်ချုပ်ရေးလည်ပတ်နိုင်ရန်အတွက် စီစဉ်နေဆဲဖြစ်ပြီး စစ်ရေး အတွက်လည်း လူအင်အားထောင်ချီကို မြို့တွင်းခေါ်သွင်းလာကာ လက်နက်ခဲယမ်းများကို တွဲကားများ ဖြင့် သယ်ယူသိုလှောင်နေကြောင်း သိရသည်။
MNDAA သည် လားရှိုးမြို့ကို ၈ လကြာစိုးမိုးမှုယူထားပြီး တရုတ်ဖိအားကြောင့် ၂၀၂၅ ခုနှစ် ဧပြီလ အတွင်းတွင် မြို့ပေါ် ၁၂ ရပ်ကွက်ကို စစ်ကောင်စီအား ပြန်လည်လွှဲပြောင်းပေးခဲ့ပြီး အဆိုပါ ရပ်ကွက်များမှအပ ကျန်သည့်ကျေးရွာများ၌ တစ်အိမ်လျှင် အမျိုးသားတစ်ဦးကျ စစ်မှုထမ်းရန် အကြောင်းကြားထားကြောင်း သိရသည်။
ပြီးခဲ့သည့် ဇူလိုင် ၂ ရက်နေ့က MNDAA သည် တစ်အိမ်လျှင် အမျိုးသား ၁၈ နှစ်မှ ၄၀ နှစ်အတွင်း တစ်ဦးနှုန်း စစ်မှုထမ်းရမည်ဟု အကြောင်းကြားလာကြောင်း ဒေသခံများထံမှ သိရသည်။
ဓာတ်ပုံ-လူမှုကွန်ရက်
ပုံစာ-စစ်ကောင်စီ ပြန်လည်ဝင်ရောက်ပြီးနောက် တွေ့ရသည့် လာရှိုးမြို့ပေါ်မြင်ကွင်း