စစ်မှုထမ်းကြေး အတင်းအဓမ္မ ကောက်ခံနေသည့် အုပ်ချုပ်ရေးမှူး ပစ်ခတ်ရှင်းလင်းခံရ


စစ်မှုထမ်းကြေး အတင်းအဓမ္မ ကောက်ခံနေသည့် အုပ်ချုပ်ရေးမှူး ပစ်ခတ်ရှင်းလင်းခံရ
ဇူလိုင် ၄၊ ၂၀၂၅
မကွေးတိုင်း၊ မကွေးမြို့နယ်မှာ ပြည်သူတွေဆီက စစ်မှုထမ်းကြေး အတင်းအဓမ္မ ကောက်ခံနေတဲ့ အုပ်ချုပ်ရေးမှူးကို ပစ်ခတ်ရှင်းလင်းခဲ့တယ်လို့ Magway Guerrilla Warfare (မကွေးပြောက်ကျားတပ်ဖွဲ့) ဆီက သိရပါတယ်။
ဇူလိုင်လ ၃ ရက် နေ့လယ် ၁ နာရီလောက်မှာ ငါးဆောင်ရွာ အုပ်ချုပ်ရေးမှူး ဘိုဝင်းဌေးကို ပြည်သူ့ကာကွယ်ရေး ပူးပေါင်းတပ်ဖွဲ့တွေက ငါးဆောင်ရွာအနီး လမ်းခုလတ် တစ်နေရာမှာ ပစ်ခတ်ရှင်းလင်းလိုက်တယ်လို့ ဆိုပါတယ်။
“ဦးခေါင်းကို ဖောင်းဒိုင်း၂ချက်နဲ့ ပစ်ခတ်ရှင်းလင်းခဲ့ပါတယ်။ သူအုပ်ကြီးလုပ်တာ ၇လနီးပါးရှိပြီ။ သူ့ကိုရှင်းလင်းဖို့ အချိန်အားဖြင့် နာရီပိုင်းပဲကြာခဲ့တယ်” လို့ မကွေးပြောက်ကျားတပ်ဖွဲ့မှ ကံကြီးမောင်က မောင်းကိုပြောပါတယ်။
အဆိုပါတိုက်ခိုက်မှုကို Magway Guerrilla Warfare (မကွေးပြောက်ကျားတပ်ဖွဲ့)၊ Dragon King People`s Defence Force နဲ့ Taungdwingyi Fighter Force တို့ ပူးပေါင်းတိုက်ခိုက်ခဲ့ကြတာ ဖြစ်ပါတယ်။
ပစ်ခတ်ရှင်းလင်းခံရတဲ့ အုပ်ချုပ်ရေးမှူး ဘိုဝင်းဌေးဟာ စစ်စီတပ်သားတွေနဲ့ ပူးပေါင်းပြီး ပြည်သူတွေကို စစ်မှုထမ်းကြေး ၂ သောင်း အတင်းအဓမ္မကောက်ခံခြင်း၊ ကျေးရွာနေ ပြည်သူ ၃ ယောက်ကို စစ်မှုထမ်းတပ်သားသစ်အဖြစ် ထည့်သွင်းခြင်းတွေ လုပ်ဆောင်နေသူဖြစ်တယ်လို့ သိရပါတယ်။
အုပ်ချုပ်ရေးမှူး ဘိုဝင်းဌေးဆီက ဆိုင်ကယ်တစ်စီးသိမ်းရမိခဲ့ကာ ပစ်ခတ်ရှင်းလင်းပြီးတဲ့နောက် စစ်ကောင်စီတပ်သားတွေ ရောက်လာပြီး စစ်ဆေးမှုတွေ ပြုလုပ်သွားတယ်လို့ ဆိုပါတယ်။