ဖားဆောင်း အခြေစိုက် ခလရ (၁၃၄) ကို ကရင်နီတပ်ပေါင်းစု သိမ်းပိုက်ထားဟု ဆို
ဇူလိုင် ၄ ၊ ၂၀၂၅
ကရင်နီပြည်နယ်၊ ဖားဆောင်းမြို့အခြေစိုက် ခလရ (၁၃၄) ကို ကရင်နီတပ်ပေါင်းစုက ဇူလိုင်လ အစောပိုင်းက သိမ်းပိုက်ထားနိုင်ပြီဖြစ်တယ်လို့ ရှေ့တန်းစစ်ရေးသတင်းရင်းမြစ်ဆီက သိရပါတယ်။
ဖားဆောင်းမြို့စောင့်တပ်တွေအဖြစ် စစ်ကောင်စီရဲ့ ခလရ (၁၃၄) နဲ့ ခလရ (၁၃၅) တို့ အခြေစိုက်တပ်စွဲထားပြီး ဒီနေ့မှာတော့ ခလရ ၁၃၄ ဗဟိုကင်းအရှေ့မှာ KNDF ဒုစစ်ဦးစီးချုပ် မာဝီက မှတ်တမ်း ရိုက်ကူးထားတဲ့ ဓာတ်ပုံကို လူမှုကွန်ရက်ကနေ မျှဝေထားပါတယ်။
“ဒီလိုအောင်မြင်မှု့တွေဟာ ကျနော်တို့ ကရင်နီစစ်သည်တိုင်းရဲ့ ရှေ့ လယ် နောက် အားလုံးကြိုးစားမှု့ကြောင့်သာဖြစ်တယ်၊ အားလုံးကို လေးစားပါတယ်၊ အလေးပြုပါတယ်၊ တိုက်ပွဲတွင်းမှာ ကျနော့်ရဲ့ ဆူဆဲတာလည်းခံ၊ အော်ငေါက်တာလည်းခံ ကျနော်တွန်းသလောက် လိုက်ရွေ့ပေးတဲ့ စစ်ကြောင်းမှူးတွေကိုလည်း ချီးကျူးဂုဏ်ပြုပါတယ်” လို့ KNDF ဒုစစ်ဦးချုပ် မာဝီက လူမှုကွန်ရက်မှာ ဖော်ပြထားပါတယ်။
လေကြောင်းပစ်ကူလာတဲ့ စစ်ကောင်စီရဲ့ တိုက်လေယာဉ် ၁ စီးဟာ ဇူလိုင်လ ၁ ရက် ညပိုင်းက ဖားဆောင်းမြို့၊ ခဲမဖြူရွာအနီး ပျက်ကျခဲ့ပြီး အဆိုပါ တိုက်လေယာဉ်မှာ အမြီးနံပါတ် ၁၄၀၉၊ FTC-2000G အမျိုးအစား အပေါ့စားတိုက်လေယာဉ်ဖြစ်ကာ ကရင်နီတပ်ပေါင်းစုက ပစ်ချနိုင်ခဲ့တယ်လို့ KNDF ဒုစစ်ဦးချုပ် မာဝီက မနေ့က လူမှုကွန်ရက်မှာ မျှဝေထားပါတယ်။
ကရင်နီတပ်ပေါင်းစုထဲက ကလလတ/KPLA ရဲ့ စစ်ရေးဦးဆောင်မှုကို ခံယူထားတဲ့ Federal Wings ဒရုန်းတပ်ဖွဲ့ကလည်း ဖားဆောင်း ခလရ ၁၃၄ တပ်ရင်း စခန်းသိမ်းတိုက်ပွဲမှာ ပါဝင်တိုက်ခိုက်ခဲ့တာကို မှတ်တမ်းဓာတ်ပုံတွေနဲ့အတူ ဖော်ပြထားပါတယ်။
လေယာဉ်ပျက်ကျရာ ဖားဆောင်းမြို့ကို အပြီးသတ်သိမ်းပိုက်နိုင်ရေးအတွက် တော်လှန်ရေးတပ်တွေဟာ ၂၀၂၄ ခုနှစ် အစပိုင်းလောက်ကတည်းက ထိုးစစ်ဆင်နေခဲ့တာဖြစ်ပါတယ်။
“၁၃၄ နဲ့ ၁၃၅ မှာ ၁၃၄ ကတော့ လက်နက်ချသွားပြီလို့ ကြားရတယ်ဗျ။ ဒါပေမယ့် ကရင်နီ တပ်ပေါင်းစုက ထုတ်ပြန်တာကိုပဲ စောင့်ရမှာပါ။ တကယ်လို့ ဒီတပ် ၂ ခုလုံးကို ရရင်တော့ ဖားဆောင်းတမြို့လုံးကို ရပြီလို့ ပြောရမှာပါ” လို့ CDM ဗိုလ်ကြီး ဇင်ယော်ကလည်း မောင်းကို ပြောခဲ့ပါတယ်။