တော်လှန်ရေး အသေခံဒရုန်း၏ဒဏ် ဝေါ်လေနှင့်ဥကရစ်ထစခန်းရှိ စစ်သားများ မရှုမလှ ခံနေရဟုဆို


တော်လှန်ရေး အသေခံဒရုန်း၏ဒဏ် ဝေါ်လေနှင့်ဥကရစ်ထစခန်းရှိ စစ်သားများ မရှုမလှ ခံနေရဟုဆို
4 July 2025 By Ko Myo/MPA
တော်လှန်ရေးတပ်တို့၏ ကာမီကာဇေအသေခံဒရုန်းဖြင့် တိုက်ခိုက်မှုဒဏ်ကို ဝေါ်လေနှင့် ဥကရစ်ထ တပ်စခန်းအတွင်းရှိ စစ်သားများ မရှုမလှခံနေရကြောင်း သိရသည်။
ကရင်ပြည်နယ်၊ မြဝတီမြို့နယ်၊ထိုင်း-မြန်မာနယ်စပ်ရှိ ဝေါ်လေဗျူဟာကုန်းကို ဇူလိုင်နှစ်ရက်တွင် KNLAဦးဆောင်သည့် တော်လှန်ရေးပူးပေါင်းတပ်က စတင်တိုက်ခိုက်ခဲ့ပြီး ဇူလိုင်သုံးရက်မှစတင်ကာ ဝေါ်လေဗျူဟာကုန်းနှင့် ၉မိုင်ခန့်သာကွာဝေးသည့် ဥကရစ်ထ တပ်စခန်းကို တိုက်ခိုက်ခဲ့ခြင်းဖြစ် ကြောင်း ဒေသတွင်း PDFသတင်းရင်းမြစ်ထံက သိရသည်။
“ပထမပိတ်ဆို့ဖြတ်တောက်တယ်။ပြီးတော့ တိုက်ပွဲခေါ်သံကို ဒရုန်းတွေနဲ့ ဝင်ကျုံးပြီး ဖွင့်လှစ်လိုက် တယ်။ဥကရစ်ထမှာ ကာမီကာဇေတွေကြောင့် စစ်သားတွေ တော်တော်အထိနာတယ်လို့ သိရတယ်။ ဒီနေ့(ဇူလိုင်လေးရက်)မနက် အခြေအနေတော့ မသိရသေးဘူး”ဟု ၎င်းက MPAသို့ပြောသည်။
လေးကေ့ကော်-ဝေါ်လေကားလမ်းမပေါ်ရှိ ဥကရစ်ထ တပ်စခန်းကို KNLA ပူးပေါင်းတပ်က ဇွန်၁၁ရက်ကတည်းက ပိတ်ဆို့လိုက်ပြီးနောက် တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။
“ဝေါ်လေကို အရင်စတိုက်တယ်။ဝေါ်လေတိုက်ပွဲအကြောင်း သေချာမသိသေးပေမဲ့ ဥကရစ်ထက ဒ ရုန်းတွေနဲ့လည်း ဝုန်း၊မြေပြင်ကနေထိုး။စခတွေ အသေများတယ်လို့လည်း သိရတယ်။ဒါပေမဲ့၊ဥကရစ် ထဆိုတာ အခိုင်အမာဆောက်ထားတာ ဆက်သွယ်ရေးမြောင်းတွေရော၊ကတုတ်ကျင်းတွေဆိုတော့ အလွယ်တကူတော့ မရနိုင်ဘူးပေါ့။ဒီတစ်ခါ သိပ်လည်း ကြာမယ်မထင်ဘူး။အခု ဥကရစ်ထကို ပိုအားထည့်နေတယ်လို့ ထင်တယ်”ဟု ၎င်းက ဆက်လက်ပြောသည်။
မြဝတီမြို့နယ်၊ထိုင်း-မြန်မာနယ်စပ်တွင် ဆက်လက်သိမ်းပိုက်ရန် ဥကရစ်ထ၊ဝေါ်လေဗျူဟာနှင့် တိသဲလယ်စခန်းတို့သာ ကျန်တော့သည်။
၂၀၂၂ခုနှစ်၊ဇွန်လနောက်ဆုံးပတ်တွင် ဥကရစ်ထတပ်စခန်းကို KNLAပူးပေါင်းတပ်က ဝင်ရောက်စီးနင်းတိုက်ခိုက်ခဲ့ရာ စခန်းတစ်ခုလုံးကို သိမ်းနိုင်တော့မည်အချိန်ကျမှ စစ်တပ်၏ လေကြောင်းနှင့်လက်နက်ကြီးပစ်ကူကြောင့် ပြန်ဆုတ်ခဲ့ရကြောင်း သိရသည်။
ထိုင်း-မြန်မာနယ်စပ်ရှိ စစ်တပ်စခန်းများရှိ စစ်သားများမှာ တော်လှန်ရေးတပ်တို့ လာတိုက်ပါက ထိုင်းနိုင်ငံထဲသို့ ဝင်ပြေးခြင်းမှာ အစဉ်အလာတစ်ရပ်သဖွယ်ဖြစ်နေခဲ့သည်။
စာတည်း-ML
ဓာတ်ပုံ-ကေအဲန်ယူဗဟို
ပုံစာ-ဇွန်၂၂ရက်က ထီကပလယ်တပ်စခန်းကို KNLAပူးပေါင်းတပ် တိုက်ခိုက်သိမ်းပိုက်ပြီးနောက် အောင်ပွဲခံနေစဉ်။