အသက် ၈၀ အရွယ် ဒေါ်အောင်ဆန်းစုကြည် မည်သည့်နေရာတွင် ဖမ်းဆီးချုပ်နှောင်ခံနေရသည်ဆိုသည့် အချက်ကို အာဏာသိမ်း စစ်ဗိုလ်ချုပ်များက အထူး လျှို့ဝှက်ထားသည်။
စစ်ကောင်စီက ဒေါ်အောင်ဆန်းစုကြည်ကို လွန်ခဲ့သည့်တစ်နှစ်ကျော်ကတည်းက နေပြည်တော် အချုပ်ထောင်မှ အခြားနေရာတခုဆီသို့ ပြောင်းရွှေ့ချုပ်နှောင်ထားကြောင်း နေပြည်တော် အချုပ်ထောင်နှင့် စစ်တပ် သတင်းအရင်းအမြစ်တချို့ကဆိုသည်။
အသက် ၈၀ အရွယ် ဒေါ်အောင်ဆန်းစုကြည်ကို ၂၀၂၄ မတ်လကတည်းက ထိုသို့ ပြောင်းရွှေ့လိုက်ခြင်းဖြစ်ကြောင်းလည်း ၎င်းတို့ကဆိုသည်။
မည်သည့်နေရာတွင် ချုပ်နှောင်ခံထားရသည်ကို မသိရှိရဘဲ ယင်းအချက်မှာ အများပြည်သူ စိတ်ဝင်စားနေသည့် အချက်လည်း ဖြစ်နေသည်။
မြန်မာ့အကျဉ်းထောင်သက်သေ (MPW) အဖွဲ့က ဒေါ်အောင်ဆန်းစုကြည်သည် နေပြည်တော်အချုပ်ထောင်နှင့် ၁၄မိုင်အကွာတွင် တည်ရှိသည့် စစ်ဘက်ဆိုင်ရာ နေရာတစ်ခုတွင် ထိန်းသိမ်းခံထားရသည်ဟု စုံစမ်းသိရှိရကြောင်း ဇွန် ၂၆ရက်နေ့က ထုတ်ပြန်လာခဲ့သည်။
ယင်းထုတ်ပြန်ချက်တွင် စစ်ဆင်ရေး အထူးတပ်ဖွဲ့ရုံးစိုက်သည့်နေရာဟု ဆိုထားသလို မိုင်အကွာအဝေး အတိအကျပါရှိသော်လည်း မြို့နယ်နှင့် တည်နေရာကို ဖော်ပြထားခြင်းမရှိပေ၊ ၂၀၂၄ခုနှစ် ဧပြီလလယ်တွင် ပူးပြင်းသည့် နွေရာသီအပူချိန်ကြောင့် ကစထ(၆)တွင် ချုပ်နှောင်ထားပြီး ဒုဗိုလ်ချုပ်ကြီးအဆင့်ရှိသူက လုံခြုံရေးအပိုင်းကို တာဝန်ယူထားကြောင်း ဆိုသည်။
စစ်ဆင်ရေး အထူးရုံးထဲတွင် ထိန်းသိမ်းထားသည်ဆိုသည့် အချက်မှာ မဖြစ်နိုင်ကြောင်း နေပြည်တော်မှ စစ်ဘက်အရာရှိတစ်ဦးက ပြောသည်။
“ကစထ(၆)ရုံးက စစ်ရုံးထဲမှာပဲ၊ ရုံး(၁)လို့ ခေါ်တာပေါ့ဗျ၊ အဲဒီရုံးမှာတော့ ဘယ်လိုမှ မဖြစ်နိုင်ဘူး” ဟု နေပြည်တော်မှ စစ်ဘက်အရာရှိတစ်ဦးက ပြောသည်။
စစ်ကောင်စီက ဒေါ်ဆောင်ဆန်းစုကြည်ကို ပုဒ်မအမျိုးမျိုးဖြင့် တရားစွဲကာ ထောင်ဒဏ် ၃၃ နှစ်အထိ ချမှတ်ထားပြီး မိသားစု၊ ရှေ့နေအဖွဲ့ တို့၏ တွေ့ဆုံခွင့်၊ ဆက်သွယ်ခွင့်များကိုလည်း ပိတ်ပင်ထားသည်။
ဒေါ်ဆောင်ဆန်းစုကြည်အတွက် လိုအပ်သည့် အစားအစာ၊ ဆေးဝါးများကိုမူ နေပြည်တော် အချုပ်ထောင်သို့ အပတ်စဉ် ပို့ခွင့်ရသည်ဟု သိရသည်။
ကျန်းမာရေး အခြေအနေ
Myanmar Now သတင်းရင်းမြစ်များ၏ ပြောဆိုချက်အရ ၂၀၂၄ ခုနှစ် ပူပြင်းလှသည့် ရာသီဥတုကြောင့် ဒေါ်အောင်ဆန်းစုကြည်ကို နေရာပြောင်းရွှေ့ခဲ့ကြောင်း၊ ထိုနှစ် တစ်နှစ်လုံးတွင် သုံးကြိမ်ထက်မနည်း ကျန်းမာရေး ချို့ယွင်းခဲ့ရာ စစ်ဆေးရုံမှ ဗိုလ်မှူးအဆင့်ရှိသူ ဆရာဝန်မတစ်ဦးက ဦးစီးသည့် ဆေးအဖွဲ့က ကုသပေးကြောင်း သိရှိရသည်။
နေပြည်တော်တိုင်းစစ်ဌာနချုပ်အတွင်း ကျယ်ဝန်းလှသည့် ခြံဝန်းတစ်ခုထဲတွင် ဒေါ်အောင်ဆန်းစုကြည်ကို သွား၊ နှလုံးတို့နှင့် ပတ်သက်ပြီး ကုသမှု ပေးခဲ့ကြောင်း၊ ဆေးအဖွဲ့တွင် ပါဝင်သူများ လက်ကိုင်ဖုန်း ကိုင်ခွင့်မပြုကြောင်း သိရသည်။
ထိုနေရာမှာ ဒေါ်အောင်ဆန်းစုကြည် အထိန်းသိမ်းခံရသည့်နေရာ ဟုတ်မဟုတ်ကိုမူ ၎င်းတို့လည်း မသိရှိရဟု ဆိုသည်။
မြန်မာ့အကျဉ်းထောင်သက်သေ (MPW) အဖွဲ့အစည်း၏ ထုတ်ပြန်ချက်တွင်လည်း ဒေါ်အောင်ဆန်းစုကြည်သည် သွား၊ နှလုံးနှင့် ပတ်သက်သည့် ဝေဒနာများ၊ သက်ကြီးပိုင်းတွင် ဖြစ်လေ့ရှိသည့် ဝေဒနာများ ခံစားနေရကြောင်း ဖော်ပြထားသည်။
ထိုအခြေအနေများနှင့် ပတ်သက်ပြီး သတင်း အမှောင်ချထားဆဲဖြစ်သည့် စစ်ကောင်စီက ဒေါ်ဆောင်ဆန်းစုကြည်၏ မွေးနေ့ ဇွန်လ ၁၉ ရက်နေ့တွင် ပန်းပန်သူ အမျိုးသမီး အများအပြားကို ဖမ်းဆီး ထောင်ချလျက်ရှိသည်။
ယခင်စစ်ဗိုလ်ချုပ် အဆက်ဆက် ဒေါ်ဆောင်ဆန်းစုကြည်ကို နည်းမျိုးစုံဖြင့် ဖမ်းဆီးထိန်းသိမ်းခဲ့ကြသော်လည်း ဒေါ်ဆောင်ဆန်းစုကြည် မည်သည့်နေရာတွင် ချုပ်နှောင်ခံနေရသည်ကို အများပြည်သူ သိရှိခဲ့ကြသည်။