ရန်ကုန်တိုင်းမှာ ဇွန်လအတွင်း စစ်ရေးဖော်ဆောင်မှု ၁၁ ကြိမ် ရှိခဲ့ကြောင်း Operation Flame ထုတ်ပြန်
ဇူလိုင် ၃၊ ၂၀၂၅
ပြီးခဲ့တဲ့ ဇွန်လမှာ ရန်ကုန်တိုင်းအတွင်း တော်လှန်ရေးတပ်ဖွဲ့တွေရဲ့ စစ်ရေးဖော်ဆောင်မှု စုစုပေါင်း ၁၁ ကြိမ်အထိ ရှိခဲ့ကြောင်း Operation Flame (OF) အဖွဲ့က ဒီနေ့မှာ ထုတ်ပြန်ပါတယ်။ စုစုပေါင်း ၁၁ကြိမ်ထဲမှာ ပစ်ခတ်ဖောက်ခွဲတိုက်ခိုက်မှု ၈ ကြိမ်၊ လုပ်ကြံမှု ၁ ကြိမ် နဲ့ ဖယ်ရှားရှင်းလင်းခံရမှု ၂ကြိမ် ပါဝင်တယ်လို့ ဆိုပါတယ်။
ဇွန်လ ၇ရက်နေ့မှာ စစ်ကောင်စီလက်အောက်ခံ တောင်ဒဂုံတရားရုံးမှာ လုံခြုံရေးယူထားတဲ့ အကြမ်းဖက်စစ်သားတွေကို M79 အဝေးပစ်လောင်ချာနဲ့ ၄၀ မမ ဗုံးသီး ၂လုံး ပစ်ခတ်မှုကို Yangon Army (YA) နဲ့ အနောက်ပိုင်းခရိုင် ပကဖတို့က လုပ်ဆောင်ခဲ့ပါတယ်။ ဇွန်လ ၉ရက်နေ့မှာတော့ ပြည်သူ့ကာကွယ်ရေးတပ်မတော် Civilian Military – SRDF က မှော်ဘီအခြေစိုက် အကြမ်းဖက်စစ်တပ်ရဲ့ လေတပ်စခန်းဌာနချုပ်ကို အဆင့်မြင့် အသေခံဒရုန်းနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့တာ ဖြစ်ပါတယ်။
အလားတူ ဇွန်လ ၁၃ရက်မှာ Operation Flame (OF) က ထောက်ကြန့် အမှတ် ၃လမ်းနဲ့ ၇လမ်းဆုံက စစ်တပ်ဘန်ကာကို အဝေးထိန်းနဲ့ ဖောက်ခွဲတိုက်ခိုက်ခဲ့သလို ဇွန်လ ၁၈ ရက်မှာလည်း သာကေတမြို့နယ် ဥပဒေရုံးကို Freeland Attack Force နဲ့ Anonymous Fighters Force တို့က ဗုံးဖောက်ခွဲ တိုက်ခိုက်ခဲ့ပါတယ်။
ဒါ့အပြင် ဇွန်လထဲမှာပဲ ရွှေပြည်သာ ရဲစခန်းကို The Bloodline အဖွဲ့၊ မြောက်ဥက္ကလာပ မြို့နယ်ခန်းမကို မြောက်ဥက္ကလာပ ပြည်သူ့ကာကွယ်ရေးအဖွဲ့၊ တောင်ဒဂုံ ဧရာဝဏ်ရဲစခန်းဂိတ်ကို Mother Son Yangon Force အဖွဲ့၊ မှော်ဘီရဲစခန်းကိုတော့ အနောက်ပိုင်းခရိုင် ပကဖနဲ့ Yangon Army တို့က အသီးသီး လက်ပစ်ဗုံးတွေ ပစ်ခတ်တိုက်ခိုက်ခဲ့တာ ဖြစ်ပါတယ်။
လုပ်ကြံမှုအနေနဲ့ကတော့ ဗိုလ်တထောင်မြို့နယ်၊ အမှတ် ၂ရပ်ကွက် အုပ်ချုပ်ရေးမှူးကို သူ့အိမ်နားတဝိုက်မှာပဲ ဓား ၃ချက်နဲ့ ရှင်းလင်းခဲ့တာ ဖြစ်တယ်လို့ ဆိုပါတယ်။ ဒါ့အပြင် သန်လျင် ရေနံချက်စက်ရုံနဲ့ သင်္ဃန်းကျွန်းခရိုင် ရဲစခန်းတို့ကို ပစ်မှတ်ထား ဖောက်ခွဲတိုက်ခိုက်ခဲ့ပေမယ့် ဖယ်ရှားရှင်းလင်းခံခဲ့ရတယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
ပုံစာ – အကြမ်းဖက် စစ်ကောင်စီတပ်သားအချို့ (ပုံဟောင်း)
ရန်ကုန်တိုင်းမှာ ဇွန်လအတွင်း စစ်ရေးဖော်ဆောင်မှု ၁၁ ကြိမ် ရှိခဲ့ကြောင်း Operation Flame ထုတ်ပြန်
