ပေါင်းတည်ရှိ စစ်ကောင်စီ၏ သိမ်ကုန်းတာဝါတိုင်တပ်စခန်း PDF သိမ်းပိုက်

by

in

ပေါင်းတည်ရှိ စစ်ကောင်စီ၏ သိမ်ကုန်းတာဝါတိုင်တပ်စခန်း PDF သိမ်းပိုက်
မေ ၂၁၊၂၀၂၅။ကျော်ဇော၊ရဲခေါင်/People’s Spring

ပဲခူးတိုင်း၊ပြည်ခရိုင်၊ ပေါင်းတည်မြို့နယ်ရှိ စစ်ကောင်စီ၏ သိမ်ကုန်းတာဝါတိုင်တပ်စခန်းအား သိမ်းပိုက်ရရှိကြောင်း တောင်ပိုင်းတိုင်းစစ်ဒေသ၊ စစ်ဒေသခွဲ(၂) ပဲခူးတိုင်းစစ်ဌာန ပြည်ခရိုင် (၃၆၀၂)တပ်ရင်းတာဝန်ရှိသူ ရဲဘော် Red Starက လူထုနွေဦးသို့ ပြောသည်။
ပြည်သူ့ကာကွယ်ရေးတပ်မတော် တပ်ရင်း၊တပ်ဖွဲ့များ၏ ဝိုင်းဝန်းပိတ်ဆို့တိုက်ခိုက်မှုကြောင့် သိမ်ကုန်းတာဝါတိုင်တပ်စခန်းမှ စစ်ကောင်စီတပ်သားများ စခန်းစွန့်ခွာထွက်ပြေးသွားခြင်းဟု အသိပေးသည်။
“အဲဒီစခန်းမှာ အမြဲထိုင်တဲ့ အင်အားက ၃၀ဝန်းကျင်လောက်တော့ရှိတယ်။မြို့ဧရိယာအနီးတစ်ဝိုက်လောက်မှာပဲ သူတို့တပ်စွဲတာ ကျန်တော့တယ်”ဟု ရဲဘော် Red Starက သိမ်ကုန်းစခန်းသိမ်းပိုက်ရရှိမှုနှင့်ပေါင်းတည်မြို့စစ်ရေးအခြေအနေအပေါ် ရှင်းပြသည်။
စစ်ကောင်စီ၏ သိမ်ကုန်းတာဝါတိုင်တပ်စခန်းသို့ မေလ ၁၇ရက်က အင်အားဖြည့်ရန်ထွက်လာသော ၇၀ခန့်ပါ စစ်ကောင်စီတပ်သားများကို ပြည်သူ့ကာကွယ်ရေးတပ်မတော် ပြည်ခရိုင်တပ်ရင်း တပ်ရင်း ၃၆၀ ၂၊ တပ်ရင်း ၃၆၀၁နှင့် ပြည်ခရိုင် ပကဖတို့ ကြားဖြတ်တိုက်ခိုက်ခဲ့သည်ဟု ဆိုသည်။
အဆိုပါတိုက်ပွဲတွင် စစ်ကောင်စီတပ်မှ သုံးဦးသေဆုံးပြီး အများအပြား ထိခိုက်ဒဏ်ရာရရှိကာ သိမ်ကုန်းတာဝါတိုင်စခန်းသို့ ထွက်‌ပြေး၀င်ရောက်သွားကြောင်း သိရသည်။
ထို့နောက် တော်လှန်ရေးတပ်ရင်း၊တပ်ဖွဲ့များမှ ထပ်မံပိတ်ဆို့တိုက်ခိုက်ရာ မေလ၁၈ရက် ညတွင် တာဝါတိုင်တပ်စခန်းရှိ စစ်ကောင်စီတပ်သားများအားလုံး စခန်းစွန့်ထွက်ပြေးသွားသောကြောင့် မေလ ၁၉ ရက်တွင် အပြီးသတ် သိမ်းပိုက်ရရှိခဲ့ခြင်း ဖြစ်သည်။
သိမ်းကုန်းတာဝါတိုင်တပ်စခန်းမှ စစ်ကောင်စီတပ်သားများသည် ပြည်သူများ ပေါ်တာဆွဲခြင်း၊ ‌အနီးနားရှိ ကျေးရွာများအား မီးရှို့ဖျက်စီးခြင်း၊အပြစ်မဲ့ပြည်သူများအား သတ်ဖြတ်ခြင်းများ ပြုလုပ်ခဲ့သည့်အတွက် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များနှင့် မကြာခဏတိုက်ပွဲများဖြစ်ပွား‌လေ့ရှိပြီး ယခုအခါ ဝိုင်းဝန်းပိတ်ဆို့တိုက်ခိုက်ခဲ့မှုကြောင့် စခန်းစွန့်ခွာ ထွက်ပြေးသွားခဲ့ခြင်းဖြစ်ကြောင်း အသိပေးသည်။
ထို့အပြင် စခန်းစွန့်ခွာထွက်ပြေးသည့်စစ်သားများအား စစ်ကောင်စီက ပြည်မြို့မှတဆင့် ယနေ့(မေလ ၂၁ ရက်)တွင် ရခိုင်ရိုးမရှေ့တန်းနေရာများနှင့် မကွေးတိုင်းရှိ တော်လှန်ရေးနယ်မြေများသို့ ပို့ဆောင်နေကြောင်းလည်း ပြည်ခရိုင်(၃၆၀၂)တပ်ရင်းက ပြောသည်။
ယခု မေလ ၁၂ ရက်ကလည်း ပေါင်းတည်မြို့ရှိ စစ်ကောင်စီ၏ သစ်ပုတ်တာဝါတိုင်စခန်းကို ပြည်သူ့ကာကွယ်ရေးတပ်များက သိမ်းပိုက်ရရှိထားသည်။
စစ်ကောင်စီတပ်သားများ စခန်းစွန့်ခွာထွက်ပြေးသွားသည့်အတွက် ထိုဒေသမှ ပြည်သူများအနေဖြင့် လေကြောင်းအန္တရာယ်ကို အထူးဂရုပြုရန်လည်း တိုက်တွန်းသည်။
ပဲခူးတိုင်းအနောက်ခြမ်းရှိ မင်းလှနှင့် အုတ်တွင်းမြို့နယ်တို့ရှိ စစ်ကောင်စီတပ်စခန်းသုံးခုအား ယခု မေလ ဒုတိယပတ်အတွင်း တော်လှန်ရေးတပ်ဖွဲ့များက သိမ်းပိုက်ရရှိထားသည်။
(ပေါင်းတည်မြို့နယ်ရှိ စစ်ကောင်စီ၏ သိမ်ကုန်းတာဝါတိုင်တပ်စခန်း သိမ်းပိုက်ရအပြီး တွေ့ရစဉ်။ ဓာတ်ပုံ − ပြည်ခရိုင်တပ်ရင်း ၃၆၀၂)