ပြည်ပသို့ အကြောင်းအမျိုးမျိုးဖြင့် ထွက်ခွာသူများကြောင့် နိုင်ငံခြားငွေစျေးမြင့်တက်ဟု အကြမ်းဖက် မင်းအောင်လှိုင်က အပြစ်တင်ပြန်

by

in

ပြည်ပသို့ အကြောင်းအမျိုးမျိုးဖြင့် ထွက်ခွာသူများကြောင့် နိုင်ငံခြားငွေစျေးမြင့်တက်ဟု အကြမ်းဖက် မင်းအောင်လှိုင်က အပြစ်တင်ပြန်
ရန်ကုန်၊ မေ ၂၁
မြန်မာနိုင်ငံမှ ပြည်ပနိုင်ငံများသို့ အကြောင်းအမျိုးမျိုးဖြင့် ထွက်ခွာမှုများကြောင့် နိုင်ငံခြားငွေသုံးစွဲမှုများပြားပြီး နိုင်ငံခြားငွေစျေး မြင့်တက်နေရကြောင်း အကြမ်းဖက် စစ်ခေါင်းဆောင် မင်းအောင်လှိုင်က ပြောဆိုပြန်သည်။
ယမန်နေ့ နေပြည်တော်တွင် ပြုလုပ်သော စစ်ကောင်စီအစည်းအဝေး၏ ဒုတိယနေ့တွင် ၎င်းက အထက်ပါအတိုင်း ပြောဆိုလာခြင်းဖြစ်သည်။
မြန်မာနိုင်ငံတွင် စက်သုံးဆီနှင့်ပတ်သက်၍ နှစ်စဉ် အမေရိကန်ဒေါ်လာ ၅ ဘီလီယံခန့်တန်ဖိုးရှိ စက်သုံးဆီများကို တင်သွင်းနေရကြောင်း၊ လောင်စာဆီသုံးစွဲမှု လျှော့ချနိုင်ရေးအတွက် လျှပ်စစ်စွမ်းအင်သုံး မော်တော်ယာဉ် (EV) တင်သွင်းမှုများကို ခွင့်ပြု ပေးထားသော်လည်း နိုင်ငံခြားငွေလိုအပ်ချက်များရှိနေသည့်အတွက် ကန့်သတ်ချက်ရှိ ကြောင်း၊ ကုန်သွယ်မှု ပိုငွေပြနေသော်လည်း အခြားသုံးစွဲမှုများ အနုတ်များ များပြားမှုရှိနေခြင်းကြောင့် နိုင်ငံခြားငွေစျေး မြင့်တက်နေကြောင်း၊ ဥပမာအားဖြင့် ပြည်ပသို့ အကြောင်းအမျိုးမျိုးဖြင့် ထွက်ခွာမှုများနှင့် နိုင်ငံခြားငွေသုံးစွဲမှုများ များပြားလျက်ရှိကြောင်း မင်းအောင်လှိုင်က ဆိုသည်။
UMFCCI မှ စီးပွားရေးလုပ်ငန်းရှင်တစ်ဦးက နိုင်ငံခြားငွေတန်ဖိုး မြင့်တက်နေသည်ဟုဆိုသော်လည်း စစ်ကောင်စီက အလွန်အမင်းထိန်းချုပ်ထား၍ လက်ရှိ အမေရိကန် ၁ ဒေါ်လာလျှင် ငွေကျပ် ၄၄၀၀ ကျပ်ဝန်းကျင်တွင် ငြိမ်နေခြင်းဖြစ်ကြောင်း၊ ပြည်တွင်းတွင် စစ်တပ်က သွင်းကုန်များကို ပိတ်ပင်ထားခြင်း၊ ကားတင်သွင်းခွင့်များ ပိတ်ပင်ထားခြင်း အစရှိသည့် ဒေါ်လာ ငွေကုန်ပေါက်များကို ပိတ်ပင်ထား၍သာ လက်ရှိ ကုန်သွယ်ရေး ပိုငွေ ပြသကဲ့သို့ ဖြစ်နေခြင်းဖြစ်ကြောင်း၊ လက်တွေ့တွင် ပြည်တွင်းစီးပွားရေးတစ်ခု ပြိုလဲလျက်ရှိကြောင်း သုံးသပ်ပြောဆိုသည်။
“နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုတွေ ၂၀၂၁ ခုနှစ်အာဏသိမ်းကတည်းက ထွက်နေတာအခုဆိုဘာမှတောင် သိပ်မကျန်တော့ဘူး။ သီလဝါဆိပ်ကမ်းနဲ့ စက်မှုဇုန်ကနေလည်း ဂျပန်ကုမ္ပဏီတွေ ထွက်ဖို့ လုပ်နေကြပြီ။ ဆိုတော့ ပြည်တွင်းမှာ နိုင်ငံ ခြား ပြည်ပရင်းနှီးမြုပ်နှံမှု မရှိတော့ ဒေါ်လာအဝင်က မရှိသလောက်ပဲ။ အခု ဒေါ်လာရနေတာက သဘာ၀ဓာတ်ငွေနဲ့ ရေနံကနေပဲ အဓိက ရနေတာ။ နောက် တစ်ခုက ပြည်ပအလုပ်သမားနဲ့ သင်္ဘောသားတွေဆီက ဒေါ်လာ ဝင်တာရှိတယ်။ ပြည်တွင်းမှာ သွင်းကုန်မှန်သမျှ အကုန်ပိတ်ထားတယ်။ ကားတင်သွင်းခွင့်ပိတ်ထားတယ်။ အဲဒီတော့ စီးပွားရေး တစ်ခုလုံးက ရပ်နေတယ်။ ပြိုနေတယ်။ စစ်ကောင်စီက မူဝါဒမျိုးစုံနဲ့ ဒေါ်လာတွေ မထွက်အောင် ထိန်းချုပ်ထားတယ်။ ဒေါ်လာစျေးတက်မရအောင် ကုန်သည်တွေ ဖမ်းတယ်၊ ဒေါ်လာဝယ်ရောင်းတွေ ထောင်ချတယ်။ အဲဒါကြောင့် ဒေါ်လာက တစ်ဒေါ်လာ ၄၄၀၀ ကျပ်ဝန်းကျင်မှာ ငြိမ်သလို ပုံစံရှိနေတယ်။ တကယ်က ဘာမှ အလုပ် မဖြစ်လို့ ငွေစျေးက မလှုပ်မရှားဖြစ်နေတာ။ ပြည်တွင်းမှာ ငွေရှိသူမှန်သမျှ အနည်းဆုံး ထိုင်းလောက်မှာ ကွန်ဒိုဝယ်ပြီး ထွက်သွားနေကြတယ်။ ရှိသမျှ ပိုင်ဆိုင်မှုကို ထိုင်းဘက်အထိ နည်းလမ်းမျိုးစုံနဲ့ လှည့်ထုတ်သွားကြတယ်။ ပြည်တွင်းစီး ပွားရေးက ဘာမှ လုပ်မရလို့ တဖြည်းဖြည်းပြိုနေတာ ကြာပြီ” ဟု UMFCCI မှ စီးပွားရေးသမားက ရှင်းပြသည်။
အကြမ်းဖက်စစ်ကောင်စီက နိုင်ငံခြားငွေကြီးကြပ်မှု ကော်မတီတစ်ရပ်ကို ဖွဲ့ စည်းပြီး ယင်းကော်မတီကို မြထွန်းဦးက ဦးဆောင်ကာ နိုင်ငံခြားငွေ သုံးစွဲမှုမှန်သမျှကို ထိန်းချုပ် ချုပ်ကိုင်ထားကြောင်း၊ ထို့ကြောင့် နိုင်ငံခြားငွေ အသုံး ပြု နိုင်သော သွင်းကုန်ပါမစ် အရောင်းအဝယ်များလည်း အကြီးအကျယ် ဖြစ်ထွန်းလာပြီး ယင်းသွင်းကုန်ပါမစ်များ ကိုလည်း မင်းအောင်လှိုင်၏သားဖြစ်သူ အောင် ပြည့်စုံ အပါအဝင် ဗိုလ်ချုပ်အသိုင်းအ၀ိုင်းက အဓိက ရောင်း ချ ကြကြောင်း ရန်ကုန်စီးပွားရေးအသိုင်းအ၀ိုင်းက ဆိုသည်။