ဗန်းမော်သို့ စစ်ကူလာပို့သည့် စစ်ရဟတ်ယာဉ် ၂ စီးကို ပစ်ခတ်နိုင်ခဲ့ပြီး ထိမှန်ပျက်ကျမှု ရှိဟု KIA ရှေ့တန်းက ပြောဆိုသော်လည်း KIA ပြောခွင့်ရ ဗိုလ်မှူး ကြီးနော်ဘူက မသိရှိရသေးဟုဆို

by

in

ဗန်းမော်သို့ စစ်ကူလာပို့သည့် စစ်ရဟတ်ယာဉ် ၂ စီးကို ပစ်ခတ်နိုင်ခဲ့ပြီး ထိမှန်ပျက်ကျမှု ရှိဟု KIA ရှေ့တန်းက ပြောဆိုသော်လည်း KIA ပြောခွင့်ရ ဗိုလ်မှူး ကြီးနော်ဘူက မသိရှိရသေးဟုဆို
ရန်ကုန်၊ မေ ၂၀
ကချင်ပြည်နယ်၊ ဗန်းမော်မြို့သို့ စစ်ကူလာသည့် စစ်တပ် ရဟတ်ယာဉ် ၂ စီးကို KIA ပူးပေါင်းတပ်များက ယနေ့ ပစ်ခတ်ခဲ့ရာ ထိမှန်ပျက်ကျမှုရှိကြောင်း KIA ရှေ့တန်းသတင်းရင်းမြစ်က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။
ယနေ့ မေလ ၂၀ ရက်နေ့ မွန်းလွဲ ၁ နာရီကျော်အချိန် ဗန်းမော်မြို့ စကခ ၂၁ အတွင်းသို့ လာဆင်းသည့် စစ်တပ် ရဟတ်ယာဉ် ၂ စီးကို ပစ်ခတ်ခဲ့ရာ Mi-17 ရဟတ်ယာဉ် ၁ စီးမှာ ပျက်ကျသွားခဲ့ကြောင်း၊ အခြားရဟတ်ယာဉ် ၁စီးမှာလည်း ထိမှန်သွားခဲ့ကြောင်း သိရှိရသည်။
“မြစ်ကြီးနားဘက်က တက်လာတဲ့ Mi-17 ရဟတ်ယာဉ် ၁ စီးနဲ့ ရွှေဘိုဘက်က တက်လာတဲ့ ရဟတ်ယာဉ် ၁ စီးကို KIA ပူးပေါင်းတပ်ဖွဲ့က ပစ်ချပါတယ်။ ၂ စီးလုံး ထိမှန်ပါတယ်။ ၁ စီးကတော့ ဗန်းမော် ဧရာ၀တီမြစ်အနောက်ဘက် အခြမ်းကို ပျက်ကျတယ်။ နောက် ၁စီးကတော့ ရွှေကူဘက်မှာ ပျက်ကျသွားတယ်။ ၂ စီးတော့ ထိမှန်အောင် ပစ်ခတ်နိုင်ခဲ့ပါတယ်” ဟု KIA ရှေ့တန်းသတင်းရင်းမြစ်က ပြောဆိုသည်။
ရန်ကုန်ခေတ်သစ်သတင်းဌာနက KIA ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးကြီးနော်ဘူထံသို့ ရဟတ်ယာဉ် ၂ စီးကို KIA ပူးပေါင်းတပ်များက ပစ်ခတ်ခဲ့ရာ ထိမှန်ခဲ့သည်ဆိုသော သတင်းနှင့်ပတ်သက်၍ အတည်ပြုချက်တောင်းခံခဲ့ရာ သူထံသို့ သတင်းမရောက်သေးဘဲ သူမသိရှိသေးကြောင်း ပြောဆိုသည်။
“ကျနော် မသိသေးဘူး။ ကျနော့်ဆီ ဘာသတင်းမှ မရောက်သေးဘူး။ မေးကြည့်ရမယ်” ဟု ဗိုလ်မှူးကြီး နော်ဘူက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။
ဗန်းမော်မှ မြေပြင်စစ်ရေး သတင်းရင်းမြစ်တချို့ကလည်း ရဟတ်ယာဉ်ကို ထိမှန်အောက် ပစ်ခတ်နိုင်ခဲ့သည်မှာ သေချာကြောင်း၊ အနည်းဆုံး ၁ စီး ပျက်ကျသည်ဟု သိရှိထားကြောင်း ပြောဆိုကြသည်။
ဗန်းမော်မြို့သိမ်းတိုက်ပွဲကို ၂၀၂၄ ခုနှစ် ဒီဇင်ဘာလ ၄ ရက်နေ့မှ စတင် တိုက်ခိုက်နေခြင်းဖြစ်ပြီး ယနေ့ ၅ လကျော်ကြာသည်အထိ နှစ်ဖက်တိုက်ပွဲများ ဆက်လက် ပြင်းထန်နေဆဲဖြစ်သည်။
ယခင်ကလည်း KIA က စစ်ကောင်စီတပ်၏ ရဟတ်ယာဉ်နှင့် တိုက်လေယာဉ်များကို ပျက်သည်အထိ ပစ်ချနိုင်ခဲ့သည်။
၂၀၂၁ ခုနှစ် မေလ ၃ ရက်နေ့တွင် ကချင်ပြည်နယ်၊ မိုးမောက်မြို့နယ်၊ မြို့သစ်နှင့်ကုန်းလာအကြားတွင် စစ်ကောင်စီ၏ Mi35 တိုက်ခိုက်ရေးရဟတ်ယာဉ်ကို ကချင်လွတ်မြောက်ရေးတပ်မတော် KIA က ပစ်ချခဲ့ကြောင်း၊ ထိုသို့ ပစ်ချခဲ့မှုကြောင့် ရဟတ်ယာဉ်ပျက်ခဲ့ပြီး ရဟတ်ယာဉ်မှူး ဗိုလ်မှူး ကျော်ဇေယျာထွဏ်း၊ ဗိုလ်ကြီးသန်းထွန်းလင်း၊ အုပ်ခွဲတပ်ကြပ်ကြီး ကျော်စွာအောင်တို့ သေဆုံးခဲ့ကြသည်။
၂၀၂၄ ခုနှစ် ဇန်နဝါရီလ ၃ ရက်နေ့ နံနက် ၁၁ နာရီ ၅၉ မိနစ်အချိန် ၀ိုင်းမော်မြို့နယ်၊ နာဖော့စစ်တပ်စခန်းသို့ ရိက္ခာလာပို့သည့် စစ်တပ်ထောက်ပို့ ရဟတ် ယာဉ် ၁ စီးကို KIA က ပစ်ချလိုက်ခြင်းဖြစ်ပြီး စစ်ရဟတ်ယာဉ်ပေါ်၌ လိုက်ပါလာသော စစ်ကောင်စီတပ်ဖွဲ့ဝင် ၈ ဦးသေဆုံးကာ ရဟတ်ယာဉ်လည်း ပျက်စီးသွားခဲ့သည်။
၂၀၂၄ ခုနှစ် ဇန်နဝါရီလ ၁၆ ရက်နေ့တွင်လည်း ရှမ်းမြောက်ဒေသ ကွတ်ခိုင်မြို့ နယ်၊ နမ့်ဖတ်ကာရွာတိုက်ပွဲဒေသထံသို့ ဗုံးလာကျဲခဲ့သည့် စစ်ကောင်စီ၏ တရုတ် လုပ် FTC 2000 G တိုက်လေယာဉ်ကို ကချင်လွတ်လပ်ရေးတပ်မတော်( KIA) က ပစ်ချခဲ့သဖြင့် ပျက်ကျသွားခဲ့သည်။
ဓာတ်ပုံ- စစ်ကောင်စီတပ်၏ Mi-17 ရဟတ်ယာဉ် ၁ စီး။ (ပုံအဟောင်းဖြစ်ပါ သည်။)