ဧရာဝတီတိုင်းအတွင်း တိုက်ပွဲရောက်ရှိလာသည့် အတွက် စစ်ရေးသတင်းပေးကြရန် ပြည်သူများကို စစ်ကောင်စီစည်းရုံး

ဧရာဝတီတိုင်းအတွင်း တိုက်ပွဲရောက်ရှိလာသည့် အတွက် စစ်ရေးသတင်းပေးကြရန် ပြည်သူများကို စစ်ကောင်စီစည်းရုံး
ဧရာဝတီတိုင်းမ်
ဧပြီ ၂၅ ရက်
ဧရာဝတီတိုင်းအတွင်း အာရက္ခတပ်တော် (AA) နှင့် မဟာမိတ်အဖွဲ့များ၏ ထိုးစစ်ကြောင့် စစ်ရေးအရရှုံးနိမ့်နေသည့် စစ်ကောင်စီအနေဖြင့် ကျေးရွာအုပ်စုများအထိဆင်းကာ စည်းရုံးရေးဆင်းနေ ရကြောင်း သိရသည်။
ပုသိမ်ခရိုင်၊ သာပေါင်းမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့များနှင့် ဌာနဆိုင် ရာအဖွဲ့များသည် ပြီးခဲ့သည့် ဧပြီ ၂၂ ရက်နေ့မှစ၍ ကျေးရွာများအထိ စည်းရုံးရေးဆင်းရန် အစည်းအဝေးကျင်းပခဲ့ကြောင်း အုပ်ချုပ်ရေး အဖွဲ့နှင့်နီးစပ်သူ သတင်းရင်းမြစ်ထံမှ သိရသည်။
“တိုင်းအတွင်း တိုက်ပွဲရောက်လာပြီဆိုပြီး အသက် ၃၅ နှစ်ကနေ ၅၅ နှစ်အတွင်းလူတွေကို ပြည်သူ့လုံခြုံရေးအဖွဲ့ဆိုပြီး ခေါ်နေတယ်။ စစ်ရေးသတင်းတစ်ခုခုကြားတာနဲ့ ချက်ချင်းသတင်း ပေးရမယ်ဆိုပြီး ညွှန်ကြားထားတယ်”ဟု အုပ်ချုပ်ရေးအဖွဲ့နှင့် နီးစပ်သူ သတင်းရင်းမြစ်က ဧရာဝတီတိုင်းမ်ကို ပြောသည်။
စစ်ကောင်စီသည် ထွေအုပ်အဖွဲ့များနှင့် လုံခြုံရေးအဖွဲ့များအနေဖြင့် လုံခြုံရေးသတိပြု အလေးထား ဆောင်ရွက်ရန် လုံခြုံရေးကိစ္စရပ်များနှင့် ရုံးဝန်ထမ်းလုပ်ငန်းဆိုင်ရာကိစ္စရပ်များတွင် ဆက်သွယ်ရေး လိုင်းများမှတစ်ဆင့် ခြိမ်းခြောက်မှုများရှိလာပါက သတင်းပို့ကြရန် ညွှန်ကြားထားသည်ဟုဆိုသည်။
စည်းရုံးရေးဆင်းရန် ညှိနှိုင်းအစည်းအဝေးကို သာပေါင်းမြို့နယ်၊ ပြည်အေးခန်းမ၌ကျင်းပခဲ့ပြီး ကျေးရွာ အုပ်စုအသီးသီးသည် စစ်ကြောင်းပုံသဏ္ဍန်စုဖွဲ့၍ သွားရောက်ခဲ့ရကြောင်း ဒေသခံများထံမှ သိရသည်။
ရွှေရောင်ချကျေးရွာအုပ်စု၊ လက်ပံကွင်းကျေးရွာနှင့်ကမ္ဘဲ့၊ ညောင်ကုန်းကျေးရွာအုပ်စု၊ စက်ဒေါင့်ကြီး ကျေးရွာတို့မှ အုပ်ချုပ်ရေးမှူးများ၊ စစ်ကောင်စီ၏ ဌာနဆိုင်ရာဝန်ထမ်းများ တက်ရောက်လာပြီး ပြည်သူ့လုံခြုံရေးနှင့် အကြမ်းဖက်နှိမ်နင်းရေးအဖွဲ့ ဖွဲ့စည်းထားရှိရေးကို ဆွေးနွေးခဲ့ကြကြောင်း သိရသည်။
ဧရာဝတီတိုင်းအတွင်း လေးမျက်နှာမြို့နယ်နှင့် ရေကြည်မြို့နယ်တို့တွင် တိုက်ပွဲများဖြစ်ပွားနေပြီး ဒေသခံပြည်သူအချို့ မြို့ပေါ်သို့ စစ်ရှောင်လာကြကြောင်း သိရသည်။
ဓာတ်ပုံ-စစ်ကောင်စီခန့် ဧရာဝတီတိုင်းဝန်ကြီးချုပ် တင်မောင်ဝင်းမှ ဒေသခံပြည်သူ့စစ်မှုထမ်းများကို စည်းရုံနေစဥ်
#ဧရာဝတီတိုင်း #ပြည်သူများ #စစ်ရေးသတင်း #ပေးပို့ရန် #စစ်ကောင်စီ #စည်းရုံးရေးဆင်း #Ayeyarwaddy_Times