စစ်​ကောင်စီရဲ့ ​နောင်ချိုကိုဦးတည်လာတဲ့ ဝါဒဖြန့်ချီ​ရေးထိုးစစ် ■စစ်တပ်​ရောက်​နေတဲ့ မဲပုတ်ရွာတိမ်ပင်လယ်နဲ့ ​နောင်ချိုက လူသိများတဲ့ နောင်ချိုကြီးရွာတိမ်ပင်လယ်ဟာမတူပဲ (၈)မိုင်ကျော် ကွာ​ဝေးပါတယ်

by

in

စစ်​ကောင်စီရဲ့ ​နောင်ချိုကိုဦးတည်လာတဲ့ ဝါဒဖြန့်ချီ​ရေးထိုးစစ်
■စစ်တပ်​ရောက်​နေတဲ့ မဲပုတ်ရွာတိမ်ပင်လယ်နဲ့ ​နောင်ချိုက လူသိများတဲ့ နောင်ချိုကြီးရွာတိမ်ပင်လယ်ဟာမတူပဲ (၈)မိုင်ကျော် ကွာ​ဝေးပါတယ်
ဒီဒီး/People’s Spring

စစ်တက္ကသိုလ်တွေရှိရာ ပြင်ဦးလွင်နဲ့အနီးဆုံးမြို့ဖြစ်သလို ၁၀၂၇ စစ်ဆင်​ရေး ဒုတိယလှိုင်းမှာ ​တော်လှန်ရေးတပ်တွေ ပထမဆုံးသိမ်းပိုက်ခဲ့တဲ့ နောင်ချိုမြို့နဲ့ ​တောင်းခမ်းက စစ်ရေးသတင်း​တွေဟာ ဒီရက်ပိုင်းအတွင်း လူပြောအများဆုံး အ​ကြောင်းအရာ​တွေထဲကတစ်ခုဖြစ်နေပါတယ်။
တောင်းခမ်းရဲ့တိုက်ပွဲအကြောင်းကိုပြောရင် စစ်ကောင်စီရဲ့ ဝါဒဖြန့်တယ်လီဂရန်ချန်နယ်တွေမှာ ပြီးခဲ့တဲ့လပိုင်း​တွေကတည်းက အောင်ပွဲတွေရနေတဲ့အကြောင်း မစားရ ဝခမန်း ဆက်တိုက်ဝါဒဖြန့်ခဲ့ကြပါတယ်။ စစ်တပ်ဒရုန်း​တွေ​ကြောင့်​ တော်လှန်​ရေးတပ်​တွေ ဘယ်လိုအထိနာတာ ၊စခန်း​တွေဘယ်လိုသိမ်းတာ စသဖြင့် မျိုးစုံဝါဒဖြန့်ခဲ့ကြပါတယ်။မတ်လဆန်းမှာ​တော့ တောင်းခမ်းဒေသက တပ်ရင်းနှစ်ခု အပြောင်းလုပ်တာကို ​တောင်းခမ်းတိုက်ပွဲမှာအောင်ပွဲရပြီး ပြန်လာတဲ့ရဲဘော်တွေဆိုပြီး ကြိုဆိုခဲ့ပုံတွေနဲ့ အများကြီးနဲ့ဝါဒဖြန့်ခဲ့ကြပါတယ်။
အဖြစ်မှန်ကို ​သေချာစုံစမ်းကြည့်တဲ့အခါမှာ​တော့ ​တောင်းခမ်းက အမြောက်စခန်းကွပ်ကဲမှုဌာနချုပ် (မစခ-၉၀၂)နဲ့ အမတ(၃၅၄)က တပ်ရင်းနှစ်ရင်းဟာ အ​​ပြောင်းအလဲမလုပ်ရတာ နှစ်အ​တော်ကြာ​နေပြီမို့ ရှမ်း​တောင်က တပ်ရင်းနှစ်ရင်းနဲ့ အ​ပြောင်းအလဲလုပ်တာပါ။ ပြန်ခွင့်ရတဲ့ တပ်ရင်း ၂ ရင်းဟာလည်း ​သေဆုံးဒဏ်ရာရသူများပြားပြီး ဖွဲ့စည်းပုံပါ ပျက်​နေပြီဖြစ်​ပေမယ့် ​တပ်ရင်းကိုပြန်​ရောက်တဲ့အခါ အောင်ပွဲရ ရဲ​ဘော်​တွေဆိုပြီး ပန်း​​တွေနဲ့ကြိုပြီးဝါဒဖြန့်ခဲ့ကြတာပါ။
စစ်ကောင်စီဝါဒဖြန့် တယ်လီဂရန်ချန်နယ်​တွေ၊ ​ဖေစ်ဘွတ်ခ်အ​ကောင့်​တွေဟာ မတ်လ ၂၅ရက်မှာလည်း ​နောင်ချိုမြို့နားတိမ်ပင်လည်ကိုပြန်ရပြီလို့ အကြီးအကျယ်ဝါဒဖြန့်​နေကြပြန်ပါတယ်။တောင်းခမ်းရွာနဲ့ (၇)မိုင်ဝေးတဲ့ မဲပုတ်ရွာက TNLAပူးပေါင်းတပ်တွေ တပ်စွဲခဲ့တဲ့ တိမ်ပင်လယ်ကြည့်ရှု့တဲ့ နေရာကို စစ်ကောင်စီတပ်ကTNLAက သိမ်းပိုက်နိုင်တာကို ​​နောင်ချိုမြို့နားက တိမ်ပင်လယ်ကို ရသလို ဝါဒဖြန့်​ခဲ့ကြတာပါ။
စစ်​ကောင်စီ ဝါဒဖြန့် တယ်လီဂရန်​တွေက ဘယ်လိုဝါဒဖြန့်ကြလဲ ဆို​တော့(မူးရင်းအသုံးအနှုန်းအတိုင်း) “တိမ်ပင်လယ်စခန်းအား သိမ်းပိုက်ရရှိ (နောင်ချို) မတ် ၂၅ ရက် (ယနေ့) မွန်းလွဲပိုင်းအချိန်မှာတော့ နေဝန်းနီသူရဲကောင်းများဟာ နောင်ချိုမြို့အနီးရှိ အကြမ်းဖက် TNLA စခန်း ရွှေဧရာတိမ်ပင်လယ်စခန်း အား ရဲဝံ့စွန့်စားစွာ တိုက်ခိုက်သိမ်းပိုက် ရရှိခဲ့ပါတယ်။ အမြတ်ထုတ် အောင်မြေချဲ့နေဆဲဖြစ်တဲ့အတွက် ဖော်ပြလို့ရတဲ့ ပုံလေးတွေ တင်ပေးလိုက်ပါတယ်”လို့​ရေးသားခဲ့ကြပါတယ် ။အဲဒီစာနဲ့ အတူ မဲပုတ်ရွာနားကတိမ်ပင်လယ်မှာ စစ်သား​တွေ​အောင်ပွဲခံ​နေတဲ့ ရုပ်သံနဲ့ ဓါတ်ပုံ​တွေကို တင်ထားကြပါတယ် ။
မဲပုတ်ရွာဟာ နောင်ချိုမြို့နဲ့ မိုင်(၂၀)ခန့် ကွာဝေးပါတယ်။ဒါကို စစ်​တပ်ဝါဒဖြန့်သူ​တွေက ​နောင်ချိုမြို့နားက တိမ်ပင်လယ်လို့ လိမ်လည်​ရေးသားခဲ့ကြတာပါ။ မဲပုတ်ရွာဟာ နောင်ချို – တောင်းခမ်းလမ်းပိုင်းရဲ့ အရှေ့ဘက်မှာရှိတာပါ။ အဲဒီနေရာက ကိုဗစ်ကပ်ရောဂါ မတိုင်ခင်က တိမ်ပင်လယ်ကြည့်ရှု့ဖို့ ဒေသ ခရီးသွားစီးပွားရေးလုပ်တဲ့သူတွေ လုပ်ထားတဲ့ နေရာပါ။
နောင်ချိုမှာ တိမ်ပင်လယ်လို့ပြောလိုက်ရင် ပြည်သူအများစုသိတာက နောင်ချိုမြို့တောင်ဘက်နားက ကံကြီးကျေးရွာ အရှေ့ဘက် နောင်ချိုကြီးရွာနားက တိမ်ပင်လယ်ကိုပဲ​အဓိကသိကြတာဖြစ်ပါတယ်။ အဲဒီ တိမ်ပင်လယ်ဟာ နောင်ချိုမြို့ခံတွေအပြင် ရပ်ဝေးက ပြည်သူတွေပါ လာရောက် ညအိပ်ခဲ့ကြတဲ့ နေရာဖြစ်ပါတယ်။
အခု စစ်တပ်သိမ်းတယ်ဆိုတဲ့ ​တောင်းခမ်းနဲ့နီးတဲ့ မဲပုတ်ရွာနားက ရွှေဧရာတိမ်ပင်လယ်တောင်ဟာ ဒေသခံတွေရော ရပ်ဝေးက ပြည်သူတွေပါ သွားလေ့ရှိတဲ့ တိမ်ပင်လယ် မဟုတ်ပါဘူး။
မဲပုတ်ရွာနဲ့ ​နောင်ချိုမှာ လူသိများတဲ့ တိမ်ပင်လယ်ရှိတဲ့ နောင်ချိုကြီးရွာဟာ (၈)မိုင်ကျော်ကွာ​ ဝေးပါတယ်။
စစ်တပ်​ဝါဒဖြန့်သူတွေက ​နောင်ချိုမြို့အနီးက တိမ်ပင်လယ်စခန်းရပြီလို့ ​အောင်ပွဲခံပုံ​တွေနဲ့ဝါဒဖြန့်လိုက်တဲ့အခါ နောင်ချိုမြို့ဒေသခံတွေ​ပါ ထိတ်လန့်ကုန်ပါတယ်။ ​နောင်ချိုမြို့နဲ့ နီးတဲ့ ကံကြီးရွာအရှေ့ဘက်က တိမ်ပင်လယ်ရသွားတာများလား၊ အဲဒီ​နေရာသာဆိုရင် စစ်ကောင်စီတပ်တွေ နောင်ချိုမြို့နဲ့ နီးလာပြီဆိုပြီး စိုးရိမ်ကြတာပါ။
တကယ်က စစ်​တပ်ဟာ ​တောင်းခမ်းနဲ့ (၇)မိုင်ပဲ​ဝေးတဲ့ မဲပုတ်ရွာအထိပဲ ​​​ရောက်​နေတာဖြစ်ပါတယ် ။ စစ်တပ်လှုပ်ရှားနိုင်​သေးတာဟာ တောင်းခမ်းဒေသနားက မဲပုတ်ဆိုတဲ့ရွာနားက တိမ်ပင်လယ်စခန်းသာဖြစ်ပြီး မြို့နဲ့ ​ဝေး​​နေဆဲဖြစ်ပါတယ်။
“စကစက ပုံနဲ့ ထုတ်တော့အကုန်လန့်ကုန်တာ”လို့ နောင်ချိုမြို့ခံ အမျိုးသမီးတစ်ဦးက ပြောပါတယ်။ ဒါပေမယ့် စိတ်အေးရတဲ့ အခြေအနေ မဟုတ်သေးဘူးလို့လည်း အဲဒီအမျိုးသမီးက ဆက်​​ပြောပါတယ်။ ​ဒေသခံမဟုတ်တဲ့ ပြည်သူ​အများစုက​တော့ တိမ်ပင်လယ်လို့​ပြောတဲ့​နေရာ ဘယ်နှစ်ခုရှိမှန်းမသိတာမို့ စစ်တပ်က ​နောင်ချိုနားတကယ်​ရောက်သွားပြီလားလို့ ထင်​စေပါတယ် ။
ဒါအပြင် စစ်​ကောင်စီဝါဒဖြန့်တယ်လီဂရန်​တွေက​နေပဲ ​နောင်ချိုကို စစ်တပ်ကမကြာခင်ထိုးစစ်ဆင်မှာမို့ TNLA နဲ့ PDF ကို ​နေဝန်းနီးစစ်​ကြောင်းမှူးကသတိ​ပေးတယ်ဆိုတဲ့ စာတစ်​​စောင်ကိုလည်းမတ် ၂၆ ရက်မှာအချိန်ကိုက်ဖြန့်​ဝေပါတယ် ။ ​နောင်ချိုက​​ဒေသခံ​တွေ​ရော ၊ပြည်သူ​အများစုပါ စိုးရိမ်စိတ်ပိုသွား​စေခဲ့ပါတယ် ။
တောင်းခမ်းဒေသမှာ စစ်ကောင်စီတပ်တွေ အသာရလာတာ၊ တော်လှန်ရေးတပ်တွေက အမြောက်တပ်ရင်းတွေကို ပိတ်ဆို့ထားရာကနေ ဆုတ်ခွာပေးလာရတာ ၊ နောင်ချိုမြို့နဲ့​ဝေး​သေး​ပေမယ့် မြို့ဘက်လာရာ လမ်းပိုင်းက မဲပုတ်ရွာကို စစ်ကောင်စီတပ်တွေ ရောက်လာတာ​တွေက စိတ်ပူနေရတဲ့ အခြေအနေ​တော့ဖြစ်လာတယ်လို့ သူမက ပြောပါတယ်။
“နောင်ချိုက အခုလည်း ဘာမှမကျန်တော့ဘူး။ နောင်ချိုသာပါရင် ဒေသခံတွေတော့ သွားပြီ”လို့ သူမက စိုးရိမ်စွာပြောပါတယ်။
လက်တလောမှာ နောင်ချိုရဲ့ စစ်ရေးအခြေအနေကို အားမရဘူးလို့လည်း နောင်ချိုမြို့ခံ အသက် ၄၅နှစ်အရွယ် အမျိုးသားတစ်ဦးက ပြောပါတယ်။
” အရင် ဒီလို မဟုတ်ဘူး”လိုလည်း သူက ဆက်ပြောပါတယ်။
အာဏာသိမ်းခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် တရုတ်ပြည်ခရီးစဉ်က ပြန်ရောက်အပြီးမှာ တောင်းခမ်းဒေသကို စစ်ကောင်စီက အင်အားသုံး ထိုးစစ်ဆင်လာတာလို့ နောင်ချိုမြို့ခံ အမျိုးသားက သုံးသပ်ပါတယ်။မင်းအောင်လှိုင်ဟာ တရုတ်ပြည်ခရီးစဉ်ကို ၂၀၂၄ နိုဝင်ဘာ ပထမအပတ်က သွားရောက်ခဲ့တာဖြစ်ပါတယ်။
အဲဒီနောက်ပိုင်းမှာ နောင်ချိုမြို့ကို လေကြောင်းတိုက်ခိုက်တာတွေလည်း ပိုလုပ်လာတယ်လို့ သူက ပြောပါတယ်။
ဒါ​ပေမယ့်အမြောက်တပ်များရှိတဲ့ တောင်းခမ်းကျေးရွာမှာ တော်လှန်ရေးပူးပေါင်းတပ်တွေဟာ ဆုတ်ခွာပေးရမျိုးမရှိသေးဘဲ ဝိုင်းဝန်းပိတ်ဆို့ ထားဆဲပဲလို့ မြေပြင်ရှိ တော်လှန်ရေးရဲဘော်တစ်ဦးက မတ်လ ၁၅ရက်မှာ လူထုနွေဦးကို ပြောထားပါတယ်။
တောင်းခမ်းဒေသစစ်ရေးအခြေအနေနဲ့ပတ်သက်လို့ စိတ်မပူကြဖို့လည်း တောင်းခမ်းဒေသစစ်
မြေပြင်က တော်လှန်ရေးရဲဘော်တစ်ဦးက မတ်လလယ်မှာ ပြောပါတယ်။
” သူတို့ဝါဒဖြန့်တိုင်း ကျွန်တော်တို့က ယုံလို့မရဘူးလေ။ကျွန်‌တော်တို့ မြေပြင်မှာ လုပ်ဆောင်နေတာဆိုတော့ ကျွန်တော်တို့ အသိဆုံးဖြစ်တယ်။အဲဒါကြောင့် ပြည်သူလူထုအနေနဲ့လည်း အရမ်းကြီးစိုးရိမ်စိတ်မကြီးကြနဲ့။ အဓိကတော့ သူတို့တောင်းခမ်းမှာ ပိတ်မိနေတာ ၇ လ ၈ လရှိပြီ။ အခုမှ သူတို့လူချိန်းရတဲ့ အပေါ်မှာ တခြားလူတွေ သူတို့အောက်လက်ငယ်သားတွေ တောင်းခမ်းကိုမသွားရဲမှာစိုးလို့ဆိုတဲ့ဟာမျိုးတွေနဲ့ ဝါဒဖြန့်တာပဲ ဖြစ်တယ်။ဝါဒဖြန့်မှုကြီးကြီးမားမားလုပ်တယ်လို့ပဲမြင်တယ်။အဲဒါကြောင့် ပြည်သူလူထုအနေနဲ့လည်း အရမ်းကြီး နားတွေမယုံကြဖို့ပြောချင်တယ်။ အရမ်းကြီးတော့ ထူးခြားမှု အများကြီးတော့မရှိသေးဘူး”လို့ သူက မတ်လ၁၅ ရက်ထိအ​ခြေအ​နေကိုပြောပါတယ်။
နောင်ချိုမြို့ကို သိမ်းပြီးနောက် မြို့နဲ့မိုင်(၂၀)ခန့်ဝေးတဲ့ စစ်ကောင်စီရဲ့ အမြောက်စခန်းကွပ်ကဲမှုဌာနချုပ်အပါအဝင် အမြောက်တပ်ရင်း လေးခုအထိရှိနေတဲ့ တောင်းခမ်းဒေသတိုက်ပွဲဟာ ရှစ်လ​ဝန်းကျင်ကြာမြင့်လာပြီ ဖြစ်ပါတယ်။
အမြောက်တပ်တွေရှိတဲ့ တောင်းခမ်းဒေသကို တော်လှန်ရေးပူးပေါင်းတပ်တွေက ၂၀၂၄ ဇူလိုင်လကုန်ပိုင်းကတည်းက ထိုးစစ်ဆင်တိုက်ခိုက်ခဲ့တာဖြစ်ပါတယ်။
ရှစ်လ​တိုင် နေ့စဉ်ရက်ဆက်တိုက်ပွဲတွေပြင်းထန်ခဲ့ပြီး အစောပိုင်းမှာတော့ တောင်းခမ်းဒေသက အမတ(၄၀၆)နဲ့ အမတ(၂၀၆) အမြောက်တပ်ရင်းနှစ်ခုကို ၂၀၂၄ သြဂုတ် ၂၈ရက်မှာ TNLA နဲ့ပူး​ပေါင်းတပ်​တွေကသိမ်းပိုက်နိုင်ခဲ့တယ်လို့ TNLAက ထုတ်ပြန်ပါတယ်။ အဲဒီနောက် ကျန်တပ်စခန်း နှစ်ခုကို ဆက်လက်ထိုးစစ်ဆင်ခဲ့ပါတယ်။
နောင်ချိုမြို့တောင်ဘက် ဒုဋ္ဌဝတီမြစ်ကူးတံတား အနောက်ဘက်မှာရှိတဲ့ တောင်းခမ်းကျေးရွာမှာ အမြောက်စခန်းကွပ်ကဲမှုဌာနချုပ် (မစခ-၉၀၂) နဲ့ သူရဲ့လက်အောက်ခံ အမြောက်တပ်ရင်း သုံးရင်းဖြစ်တဲ့ အမတ(၃၅၄)၊ အမတ (၂၀၆)၊ အမတ(၄၀၆)တို့ ရှိတာပါ။
အဲဒီထဲက အမြောက်တပ်ရင်းနှစ်ခုကိုသိမ်းပိုက်ပြီး ကျန်း တပ်ရင်း ၂ ခုကိုပိတ်ဆို့ထားတဲ့အ​ခြေအ​နေက​နေ ဒီနှစ်ဆန်းပိုင်းမှာပိတ်ဆို့ထားတာ​တွေကို ​တော်လှန်​ရေးတပ်​တွေက ပြန်ဖွင့်​ပေးလိုက်ရပါတယ်။ ဒါ​ပေမယ့် သြဂုတ်လကုန်ပိုင်းကတည်းကသိမ်းထားတဲ့ အမတ(၄၀၆)နဲ့ အမတ(၂၀၆)တို့ကို လက်ရှိအ​ခြေအ​နေကို​တော့ မသိရ​သေးပါဘူး။
နောင်ချိုနဲ့ တောင်းခမ်းဒေသတိုက်ပွဲ နောက်ဆုံးအခြေအနေတွေနဲ့ပတ်သက်လို့ TNLAကို People’s Spring က အကြိမ်ကြိမ်ဆက်သွယ်မေးမြန်းပေခဲ့ပေမယ့် ပြန်လည်ဖြေကြားခြင်းမရှိ​သေးပါဘူး။
စစ်ကောင်စီဟာ နောင်ချိုမြို့ကို လမ်း​ကြောင်းနှစ်​ခုကနေ စစ်ကြောင်းထိုးနေပါတယ်။ တောင်းခမ်း – ရပ်စောက်လမ်းပိုင်းကနေစစ်ကြောင်းထိုး အင်အားပို့နေသလို ၊ နောင်ချို – ပြင်ဦးလွင်လမ်းပိုင်းကနေ စစ်ကြောင်းထိုးနေတာပါ။
ပြင်ဦးလွင်မြို့နယ်အစပ် နောင်ချိုမြို့နယ် အုမ္မသီးနှင့်ဂန့်ဂေါရွာမှာလည်းစစ်ကောင်စီတပ်တွေရောက်လာတဲ့အတွက် အဲဒီကျေးရွာတွေအနီးမှာလည်း တိုက်ပွဲများဆက်ဖြစ်နေပါတယ်။
ပြင်ဦးလွင်မြို့နယ် ဝက်ဝံကျေးရွာမှာ အထိုင်ချတပ်စွဲထားတဲ့ စစ်ကောင်စီတပ်တွေက​တော့ တအာင်းတပ်မတော်(TNLA) နဲ့ ပူးပေါင်းတပ်တွေ သိမ်းပိုက်ထားတဲ့ နောင်ချိုမြို့နယ်အတွင်းကို ၂၀၂၄ အောက်တိုဘာ ၂၂ရက်ကတည်းကစတင် စစ်‌ကြောင်းထိုးဝင်​ရောက်ဖို့ကြိုးစား​နေတာပါ။ အဲဒီနောက် TNLA ဦးဆောင်တဲ့ တော်လှန်ရေးတပ်တွေ ရှိနေတဲ့ ဂန့်ဂေါရွာကို ရောက်ရှိလာပြီး တိုက်ပွဲတွေ စတင်ဖြစ်နေပါတယ်။
နောင်ချိုမြို့ဟာ ၂၀၁၇ လူဦး​ရေစာရင်းအရ မြို့​ပေါ်မှာ ပြည်သူ ၁၈,၀၀၀​ ​ကျော် နေထိုင်ပြီးကျေးလက်မှာ လူဦး​ရေ ၁၂၀,၀၀၀ကျော်​နေထိုင်ပါတယ်။
မြောက်ဘက်မှာ မိုးကုတ်မြို့နယ်နဲ့ သပိတ်ကျင်းမြို့နယ်၊အ​ရှေ့ဘက်မှာ​ကျောက်မဲမြို့နယ် ၊ ​တောင်ဘက်မှာ ရပ်​စောက်မြို့နယ်နဲ့ အ​နောက်ဘက်မှာ ပြင်ဦးလွင်မြို့တို့ တည်ရှိပါတယ်။
၁၀၂၇ စစ်ဆင်ရေး အပိုင်း(၂)ကို ဇွန်လ ၂၅ရက်က စတင်ခဲ့တာဖြစ်ပြီး အဲဒီနေ့ မနက်အ​စောမှာပဲ ​နောင်ချိုမြို့က စစ်စခန်း​တွေ၊စစ်တပ် တပ်စွဲထားတဲ့​နေရာ​တွေကို ပူး​ပေါင်းတပ်​တွေက ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ပါတယ်။
ဇွန်လ၂၅ရက်မှာပဲ နောင်ချိုမြို့အဝင်မှာရှိတဲ့ ခမရ(၁၁၅)တပ်ရင်းကို သိမ်းပိုက်ထိန်းချုပ်ပြီးနောက် နောက်တစ်ရက်မှာ ရဲစခန်းနဲ့ မြို့ကို သိမ်းပိုက်ခဲ့ပါတယ်။ မြို့အနီးက အမှတ် (၆၀၆) ဒုံးတပ်ရင်းကိုလည်း TNLA နဲ့ပူး​ပေါင်းတပ်​တွေက အပြင်းအထန်ထိုးစစ်ဆင်ပြီး ဇူလိုင် ၁၀ရက်မှာသိမ်းပြီး ​နောင်ချိုမြို့ကို အပြီးသတ်ထိန်းချုပ်ခဲ့တာပါ။
၂၀၂၄ ဇူလိုင်လမှာ​တော့ ​TNLA နဲ့မဟာမိတ်​တွေဟာနောင်ချိုနဲ့ ပြင်ဦးလွင်အစပ်က အ​မြောက်တပ်ရင်း​တွေရှိတဲ့ ​တောင်းခမ်းကိုထိုးစစ်ဆင်ခဲ့​ပါတယ်။ဒါပေမယ့် အပြီးသတ်မသိမ်းနိုင်ခဲ့ပါဘူး ။ ​​တော်လှန်​ရေးတပ်​တွေအတွက်​တောင်းခမ်းရရင် စစ်တက္ကသိုလ်​တွေရှိတဲ့ ပြင်ဦးလွင်ကို အ​ကောင်းဆုံးခြိမ်း​​​ခြောက်နိုင်မှာဖြစ်သလို၊စစ်တပ်အတွက် ​တောင်းခမ်းရရင် အဲ​ဒေသကို အ​ခြေပြုပြီး ရှမ်း​မြောက်ကို ထိုးစစ်ပြန်ဆင်နိုင်ဖို့အတွက် အလွန်
အ​ရေးပါ​နေပါတယ်။
စစ်တက္ကသိုလ်တွေရှိရာ ပြင်ဦးလွင်နဲ့အနီးဆုံးမြို့ဖြစ်သလို စစ်​ရေးအရအ​ရေးပါတဲ့မြို့ဖြစ်တာ​ကြောင့် နောင်ချိုမြို့ကို စစ်ကောင်စီကလည်း အပြင်းအထန် ထိုးစစ်ဆင်နေသလိုTNLAပူးပေါင်း
တပ်တွေဟာလည်း နောင်ချိုမြို့ ပြန်မပေးရရေးအတွက် ခုခံကာကွယ်နေပါတယ်။
“စိုးရိမ်စရာပဲ ခုက။ စကစက မီဒီယာနဲ့ပါ ဝါဒဖြန့်နေတာ အောင်မြင်တယ်။ လေယာဉ်ရော၊ လက်နက်ကြီးရော သုံးတော့လေ။မြို့ပေါ်မှာတော့ တက်လာစရာတော့ မရှိလောက်ပါဘူး။သူတို့(TNLA)လည်း ပြင်ဆင်ထားပါတယ်။ ရှေ့တိုးလို့ရတာ မတိုးဘဲ(​​တော်လှန်​ရေးတပ်​တွေက​ တောင်းခမ်းက​နေ​ရှေ့ဆက်မတိုးခြင်း) ဒီအတိုင်းရပ်ထားတော့ အားမလို၊ အားမရတာ မြို့ခံတွေက ဖြစ်နေတာပေါ့”လို့ နောင်ချိုမြို့ခံတစ်ဦးက သူအမြင်ကိုဖွင့်ဟပါတယ်။ ။
(စစ်ကောင်စီရဲ့ လော်ဘီ ဝါဒဖြန့်ရေးသားထားသောပို့စ်တစ်ခုနဲ့ နောင်ချိုကြီးရွာက လူသိများတဲ့ တိမ်ပင်လယ်ကို တွေ့ရစဉ်။ ဓာတ်ပုံ – CJ)