ဗန်းမော်မြို့အပြီးသတ်သိမ်းနိုင်ရေး KIA ထိုးစစ်အရှိန်ထပ်မံမြှင့်တင်၍ ယနေ့ နံနက် တိုက်ပွဲပြင်းထန်
ဟန်နွေ/People’s Spring
ကချင်ပြည်နယ်၊ ဗန်းမော်မြို့တွင် ကချင် လွတ်လပ်ရေးတပ်မတော်(KIA) မဟာမိတ် ပူးပေါင်းတပ်များနှင့် စစ်ကောင်စီတပ် အကြား ယနေ့(ဇန်နဝါရီ ၂၄ရက်)နံနက်တွင် တိုက်ပွဲပြင်းထန်လျက်ရှိကြောင်း ကချင်စစ်ရေးသတင်းရင်းမြစ်က ပြောသည်။
KIA ပူးပေါင်းတပ်သည် ၂၀၂၄ ဒီဇင်ဘာ ၄ရက် ကတည်းက ဗန်းမော်မြို့သိမ်း စစ်ဆင်ရေးဆောင်ရွက်နေခြင်းဖြစ်ပြီး ထိုးစစ်အရှိန်ကို လိုအပ်လျင်လိုအပ်သလို အရှိန်မြှင့် ဆောင်ရွက် နေခြင်းဖြစ်သည်။
ဇန်နဝါရီ ၆ရက်က ထိုးစစ်အရှိန်မြှင့် တိုက်ခိုက်ခဲ့ပြီး ပြီးခဲ့သည့်ရက်ပိုင်းအတွင်း တိုက်ပွဲအနည်းငယ် ငြိမ်သက်နေရာ ယနေ့ ဇန်နဝါရီ ၂၄ရက် နံနက် ၆နာရီမှစ၍ KIA ပူးပေါင်းတပ်က ထပ်မံ၍ ထိုးစစ်ဆင်နေခြင်းဖြစ်သည်ဟု စစ်ရေးသတင်းရင်းမြစ်က ပြောသည်။
” ဒီမနက် ဗန်းမော်မှာတိုက်ပွဲရက်စက် ပြင်းထန် နေပါတယ်”ဟု ကချင်စစ်ရေးသတင်းရင်းမြစ်က ပြောသည်။
ဇန်နဝါရီပထမပတ်က KIA၏ ထိုးစစ်အရှိန်မြှင့် တင်မှုတွင် ဗန်းမော်နှင့် မံစီမြို့ရှိ စစ်ကောင်စီတပ်များကို တပြိုင်တည်း တိုက်ခိုက်ခဲ့ရာ သုံးရက်အကြာ ဇန်နဝါရီ ၈ရက်တွင် မံစီမြို့ရှိ စစ်ကောင်စီ တပ်ရင်းဌာနချုပ် သုံးခုလုံးကို KIA ပူးပေါင်းတပ်က အပြီးသတ် သိမ်းနိုင်ခဲ့သည်။
ဗန်းမော်မြို့ကိုလည်း တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီက လက်နက်ကြီး၊ ဒရုန်း၊ လေကြောင်းပစ်ကူအများအပြား အသုံးပြုခုခံနေသကဲ့သို့KIA ဘက်ကလည်း လက်နက်ကြီး၊ ဒရုန်းများဖြင့် တိုက်ခိုက်ခဲ့ဟု စစ်ရေးသတင်းရင်းမြစ်က ပြောသည်။
ဇန်နဝါရီ ၂၁ရက်တွင်မူ စစ်ကောင်စီဘက်က ရဟတ်ယဉ် ၂စီးအသုံးပြုပြီး ဗန်းမော်အခြေစိုက် အမှတ်(၂၁) စစ်ဆင်ရေးကွပ်ကဲမှု ဌာနချုပ် (စကခ-၂၁) မှ အရေးကြီး လူနာ ၁၅ဦး သယ်ထုတ်သွားကြောင်း ဖရဲသီး(တပ်တွင်း သတင်းပေး)ထံမှ သတင်းရရှိသည်ဟု ကချင်စစ်ရေးသတင်းရင်းမြစ် တစ်ဦးက လူမှုကွန်ရက်၌ အသိပေးထားသည်။
အခြားသတင်းရင်းမြစ်တစ်ဦးကလည်း ဒဏ်ရာရသူများထဲတွင် စကခမှူး ဗိုလ်မှူးချုပ် တင်မင်းလတ်လည်း ပါဝင်ကြောင်း ပြောကြားခဲ့သည်။ ယင်းနှင့်ပတ်သက်၍ လူထုနွေဦးက သီးခြားအတည်ပြုချက်မရသေးပေ။
KIAအနေဖြင့် ဗန်းမော်မြို့တွင်းရှိ စစ်ကောင်စီတပ်စွဲရာ အများစုကို တိုက်ခိုက်ရှင်းလင်းထားနိုင်ပြီး စစ်ကောင်စီ၏ တပ်ရင်းဌာနချုပ် နေရာများကို ဆက်လက်တိုက်ခိုက်နေခြင်းဖြစ်သည်။
ကချင်ပြည်နယ်တိုက်ပွဲများအတွင်း ပစ်ခတ်နေသော KIA ရဲဘော်တစ်ဦးအား တွေ့ရစဉ်။ (ဓာတ်ပုံ – Myu Tsaw Kasa)