မင်းအောင်လှိုင်သား၊ချွေးမနှင့်သမီးတို့က Bebee TV နှင့် Show Like Application တို့ကို ထူထောင်လိုက်ပြီး လူထုကို ဝါဒဖြန့် အဆိပ်ခပ်ရန် ရည် ရွယ်
🟥ဝတ်မှုန်ရွှေရည်၊ ခင်ပွန်း နိုင်ဖြိုးကျော်၊ စင်ရော်မောင်မောင် သားအဖတို့က အကျိုးတူ ပူးပေါင်းပါဝင်
By ငြိမ်းဒေဝီခင်
မင်းအောင်လှိုင်သား၊ချွေးမနှင့်သမီးတို့က Bebee TV နှင့် Show Like Application တို့ကို ထူထောင်မိတ်ဆက်ပြီး မြန်မာ့ရုပ်ရှင်နှင့် အနုပညာ ဖျော်ဖြေရေး စျေးကွက်ထဲသို့ နည်းလမ်းမျိုးစုံဖြင့် ပြန်လည် ဝင်ရောက်လာသည်။
စစ်အာဏာသိမ်း အကြမ်းဖက် ဖခင် ကြောင့် မြန်မာ့ စီးပွားရေးနယ်ပယ်အသီးသီးတွင် လက်ဝါးကြီးအုပ် လုပ်ပိုင်ခွင့် ရရှိနေသော မင်းအောင်လှိုင်၏ သား အောင်ပြည့်စုံ၊ ချွေးမ မျိုးရတနာထိုက်၊ သမီး ခင်သီရိသက်မွန်တို့က ပြည်သူလူထုကို ၎င်းတို့ အလိုကျ ဝါဒဖြန့် ပုံဖော်မည့်၊ အနုပညာ ဖြင့်ဖျက်ဆီးရန် ကြံရွယ်ပြီး ထုတ်လုပ်ရေးလုပ်ငန်းများကို ပုံစံမျိုးစုံ ဖြင့် ဝင်ရောက်လာရန် ကြိုးပမ်းဆောင်ရွက်နေကြခြင်းဖြစ်သည်။
Bebee TV
—————
ယခုနောက်ဆုံး စစ်ခေါင်းဆောင် မင်းအောင်လှိုင်၏ သမီးဖြစ်သူက Bebee TV အမည်ဖြင့် ထုတ်လုပ်ရေးလုပ်ငန်းတစ်ခုကို စတင်ထူထောင်နေပြီး ဇန်နဝါရီလ ၂၃ ရက်နေ့ ရန်ကုန်မြို့ နိုဗိုတယ်ဟိုတယ်တွင် အဆိုပါ ထုတ်လုပ်ရေးလုပ်ငန်းကို မိတ်ဆက်တော့မည်ဖြစ်သည်။ အဆိုပါ Bebee TV တွင် ခင်သီရိသက်မွန်၏ စီးပွားရေး မိတ်ဖက် နိုင်ဖြိုးကျော်လည်း ပါဝင်သည်။ နိုင်ဖြိုးကျော်သည် ရုပ်ရှင်သရုပ်ဆောင် ဝတ်မှုန်ရွှေရည်၏ ခင်ပွန်းဖြစ်ပြီး ယခင်ကတည်းက မင်းအောင်လှိုင်၏ သမီးဖြစ်သူ ခင်သီရိသက်မွန်နှင့် စီးပွားဖက်ဖြစ်သည်။
အထူးသဖြင့် မြန်မာနိုင်ငံအတွင်းသို့ EV လျှပ်စစ်ကားများ တင်သွင်းနေရာတွင် ခင်သီရိသက်မွန်က နောက် ကွယ်က နိုင်ဖြိုးကျော်ကို ခိုင်းစေပြီး နိုင်ဖြိုးကျော်က ရှေ့ထွက်ကာ ကားတင်သွင်းမှုများကို ဦးဆောင်သည်။ ယခုလည်း Bebee TV ထုတ်လုပ်ရေးလုပ်ငန်းကို နိုင်ဖြိုးကျော်က အစစအရာရာ စီမံ၍ ခင်သီရိသက်မွန်က နောက်ကွယ်မှ လိုအပ်သမျှ အားလုံးကို ပံ့ပိုးပေးလျက်ရှိသည်။
Bebee Tv တွင် ပထမဆုံးပြသမည့် ရုပ်သံဇတ်လမ်းတွဲ “နတ်သမီးနက္ခတ် (Venus’ Luck)” ဖြစ်ပြီး အဆိုပါ ဇတ်လမ်းတွဲတွင် ဝတ်မှုန်ရွှေရည်က ဦးဆောင်၍ သရုပ်ဆောင်ထားသည်။ ဝတ်မှုရွှေရည်က W Entertaiment ( https://www.facebook.com/search/top?q=w%20entertainment ) ကိုလည်း ထူထောင်ထားပြီး Bebee TV နှင့်ပူးတွဲ၍ ဇတ်လမ်းတွဲများ ထုတ်လုပ်မည်ဖြစ်သည်။
Bebee TV ၏ https://www.facebook.com/bebeetv ဖေ့ဘုတ်စ်စာမျက်နှာကို ဒီဇင်ဘာ ၆ ရက်နေ့ ၂၀၂၄ ခုနှစ် စတင်ဖွင့်လှစ်ထားသည်။ Bebee TV ကို အခြားသူတစ်ဦးကို အမည်ခံခိုင်း၍ လူထုအမြင်တွင် ပုံစံတစ်မျိုးဖြင့် ရုပ်ရှင်၊ ဇတ်လမ်းတွဲ အနု ပညာ ထုတ်ကုန်များကို စမ်းသပ်ထုတ်လုပ်နေပြီး မင်းအောင်လှိုင်သမီးခင်သီရိသက်မွန်နှင့် နိုင်ဖြိုးကျော်က နောက်ကွယ်မှ အဓိက ကြိုးကိုင်လျက်ရှိသည်။
Show Like Application
—————————–
မင်းအောင်လှိုင် သား အောင်ပြည့်စုံ၏ ဇနီး မျိုးရတနာထိုက်ကလည်း အာဏာရှင် ခေတ်အဆက်ဆက် စစ်တပ်အလိုကျ ဝါဒဖြန့် ကားများရိုက်ခဲ့သော ဒါရိုက်တာ စင်ရော်မောင်မောင်၊ သား မင်းသန့်မောင်မောင်တို့နှင့် ပူးပေါင်းကာ Show Like Application ကို စတင်မိတ်ဆက်ရန် ပြင်ဆင်နေကြသည်။
Show Like Application မှာလည်း ရုပ်ရှင်၊ ဇတ်လမ်းတွဲနှင့် အနုပညာထုတ်လုပ်ရေးလုပ်ငန်းများ လုပ်ကိုင် မည်ဖြစ်ပြီး ဒီဇင်ဘာလ ၃၀ ရက်နေ့တွင် Facebook စာမျက်နှာ စတင်ထူထောင်ဖွင့်လှစ်ခဲ့သည်။
Show Like ၏ ဖေ့ဘုတ်စ်စာမျက်နှာ https://www.facebook.com/showlikemyanmar ဖြစ်ပြီး အဆိုပါ Application ကို အရှိန်အဟုန်ပြင်းပြင်းဖြင့် မိတ်ဆက်ရန် ပြင်နေကြသည်။ လက်ရှိ Show Like Application က ထုတ်လုပ်မည့် “Fancy Fever Dating Show” အစီအစဉ်၊ ❝ မချစ်သင့်သော ❞ ဇာတ်လမ်းတွဲ၊ “အိပ်မက်မဟုတ်သောည” အစီအစဉ်၊ “ညစောင့်” ဇာတ်လမ်းတွဲ အစရှိသည့် ဖျော်ဖြေရေး အစီအစဉ်များစွာကို ကြော်ငြာနေပြီဖြစ်သည်။
မင်းအောင်လှိုင်မိသားစု၏ ရည်ရွယ်ချက်
————————————————-
အကြမ်းဖက်စစ်ခေါင်းဆောင် မင်းအောင်လှိုင်မိသားစုမှာ မြန်မာပြည်ရှိ စီးပွားရေးလုပ်ငန်းများစွာကို လုပ်ပိုင်ခွင့်ရရှိထားပြီဖြစ်၍ ငွေကြေးအားဖြင့် အလွန်ချမ်းသာကြွယ်၀ခဲ့ပြီးဖြစ်သည်။ ဘယ်အတွက်ကြောင့် အနုပညာ၊ ဖျော်ဖြေရေးလုပ်ငန်းနှင့် ရုပ်ရှင်ထုတ်လုပ်ရေး ကဏ္ဍသို့ ခြေစုံပစ်ဝင်ရန် ကြိုးပမ်းနေပါသနည်း။ အဓိက ရည်ရွယ်ချက်မှာ တစ်ခုတည်းဖြစ်သည်။ ယင်းမှာ အနုပညာဖြင့် ပြည်သူလူထုကို ၎င်းတို့ လိုချင်သော ဝါဒဖြန့်ချိမှုများ လုပ်ဆောင်ရန်သာ ဖြစ်သည်။
မင်းအောင်လှိုင်သား၊ ချွေးမနှင့် သမီးဖြစ်သူတို့က ယခင်ကလည်း Yangon Gallery ၊ Everfit Gym Co နှင့် ရုပ်ရှင် ထုတ်လုပ်ရေး ကုမ္ပဏီ Seventh Sense ၊ Stellar Seven ဖျော်ဖြေရေး ကုမ္ပဏီ လီမိတက် စသည့် အနုပညာနှင့် ဖျော်ဖြေရေး လုပ်ငန်းများ ထူထောင်ကာ ရုပ်ရှင်လောကတစ်ခုလုံးကို လက်ဝါးကြီးအုပ်ခဲ့ကြသည်။
စစ်တပ်ကို ကောင်းကြောင်း ခပ်ပါးပါး ဝါဒဖြန့်ထားသည့် ရုပ်ရှင်၊ ဇတ်လမ်းတွဲများစွာ ရိုက်ကူးထုတ်လုပ်ခဲ့ကြပြီး စစ်တပ်၏ မတ် လ ၂၇ ရက်နေ့ (၎င်းတို့အခေါ် “တပ်မတော်နေ့”) အတွက် ဝါဒဖြန့် ဇတ်လမ်းတွဲများစွာကို သရုပ်ပေါင်းစုံဖြင့် ရိုက်ကူးထုတ်လုပ်ခဲ့ကြသည်။
နွေဦးတော်လှန်ရေးကြောင့် စစ်တပ်နှင့် စစ်ခေါင်းဆောင်တို့၏ အနာဂတ်ဘ၀ များ မသေချာ မရေရာတော့ချိန် လူထုကို တော် လှန်ရေး စိတ်မဝင်စားစေရန်၊ တော်လှန်အနုပညာရှင်တို့၏ အနုပညာ လှုပ်ရှားမှုများကို တန်ပြန်ရန် ရည်ရွယ်ထားသော Bebee TV နှင့် Show Like Application တို့မှာ လူထူကို အဆိပ်ခပ်ရန်၊ စစ်အာဏာသိမ်းမှုကြောင့် အစိတ်အမွှာမွှာ ပြိုကွဲနေသော အနု ပညာအသိုင်းအ၀ိုင်းကို စစ်တပ်ဘက်သို့ ပြန်လည် ပါလာစေရေး ဆွဲဆောင်ရန် အဓိက ပေါ်ပေါက်လာခြင်းပင်ဖြစ်သည်။
(ငြိမ်းဒေဝီခင်သည် ရန်ကုန်ခေတ်သစ်၏ အလွတ်သတင်းထောက် တစ်ဦးဖြစ်သည်။)