တမူးမြို့သိမ်းတိုက်ပွဲ သတင်းကြောင့် ဒေသခံပြည်သူများ ကြိုတင်တိမ်းရှောင်
ဧရာဝတီတိုင်းမ်
ဇန်နဝါရီ ၁၆ ရက်
စစ်ကိုင်းတိုင်း၊ တမူးမြို့သိမ်းတိုက်ပွဲ သတင်းများ ထွက်ပေါ်လာ၍ ဒေသခံပြည်သူများသည် ကြိုတင်ထွက်ပြေးတိမ်းရှောင်မှုများ လုပ်ဆောင်နေကြောင်း ဒေသခံများထံက သိရှိရသည်။
တမူးမြို့ကို တော်လှန်ရေးတပ်ဖွဲ့များက မြို့သိမ်းတိုက်ပွဲဆင်နွဲတော့မည်ဟု ပြီးခဲ့သည့် ရက်ပိုင်းက မြို့အပြင်တွင် စာများကပ်ခြင်း၊ ပြည်သူများကြား အချင်းချင်းပြောဆိုမှုများလာသည့်အတွက် ယခုကဲ့သို့ ကြိုတင်တိမ်းရှောင် နေကြခြင်းဖြစ်သည်။
“မြို့သိမ်းတိုက်ပွဲသတင်းက ဇန်နဝါရီ လဆန်းပိုင်းကတည်းက ကြားနေရတာပါ။ အရင်ရက်က မြို့အပြင်မှာ မြို့သိမ်းတိုက်ပွဲအတွက် ပြည်သူတွေအနေနဲ့ ပြင်ဆင်ထားဖို့ သတိပေးစာကပ်ထားတာကြောင့် အခုရက်ပိုင်းထဲ သိသိသာသာ ထွက်ပြေးတိမ်းရှောင်နေကြတယ်” ဟု တမူးမြို့ခံတစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။
ဒေသခံပြည်သူများသည် တမူးမြို့နယ်အတွင်းရှိ ခမ်းပတ်မြို့နှင့် ကျေးရွာများ၊ ကလေးမြို့နယ် နှင့် မြန်မာ – အိန္ဒိယနယ်စပ်ရှိ ကျေးရွာများသို့ ထွက်ပြေးတိမ်းရှောင်နေရခြင်းဖြစ်သည်။
ထို့အပြင် မြို့သိမ်းတိုက်ပွဲသတင်းကြောင့် ထွက်ပြေးတိမ်းရှောင်နေကြသည့် ပြည်သူများ၏ နေအိမ်များ နှင့် ပိုင်ဆိုင်မှုတို့ကို ချိတ်ပိတ် သိမ်းဆည်းသွားမည်ဖြစ်ဟု စစ်ကောင်စီတပ်ဖွဲ့ဝင်များက ခြိမ်းခြောက်ပြောဆိုသည်ဟု ဒေသခံများထံက သိရသည်။
“ထွက်ပြေးတဲ့သူတွေရဲ့ နေအိမ်တွေ၊ ပစ္စည်းတွေ ချိတ်ပိတ်မယ်။ သိမ်းမယ်ပြောတယ်။ ပြီးတော့ အိမ်ရှင်တွေမနေတဲ့အိမ်တွေဆို အိမ်ငှားနေတဲ့သူတွေကို ပေးမယ်လို့လည်းပြောတယ်။ အဲဒါတွေကြောင့် ကလေးတွေ၊ အသက်ကြီးတဲ့သူတွေကို အရင်ပြောင်းခိုင်းထားပြီး အိမ်စောင့်တစ်ယောက်လောက်ကျန်ခဲ့ရတယ်” ဟု တမူးမြို့ဒေသခံတစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။
တမူးမြို့သိမ်းတိုက်ပွဲနှင့်ပတ်သက်၍ ဒေသတွင်း တော်လှန်ရေးတပ်ဖွဲ့များက တရားဝင် ထုတ်ပြန်ထားခြင်း မရှိသေးပါ။
တမူးမြို့တွင် ရဲတပ်ဖွဲ့နှင့် စစ်ကောင်စီတပ်ဖွဲ့ဝင်များအပြင် ၎င်းတို့၏ လက်အောက်ခံများဖြစ်သည့် ပျူစောထီး၊ ကသည်းအဖွဲ့၊ ရှမ်းနီတပ်ဖွဲ့တို့ရှိပြီး လက်ရှိတွင် တမူးမြို့အဝင်အထွက်ကို တင်းကြပ်ထားကာ ဖုန်းလိုင်းနှင့် အင်တာနက်လည်း ဖြတ်တောက်ထားကြောင်း သိရသည်။
#တမူးမြို့သိမ်းတိုက်ပွဲ #ဒေသခံပြည်သူများ #ကြိုတင်တိမ်းရှောင် #Ayeyarwaddy_Times