စစ်ကောင်စီက သမိုင်းတွင် ကျဆုံးမှုများ ဆက်တိုက်ကြုံတွေ့နေရသဖြင့် နွေဦးတော်လှန်ရေးအင်အားစုများ စုပေါင်းရုန်းကန် အရှိန်အမြင့်ဆုံး တင်ကာ တော်လှန်ရေး အောင်ပွဲရယူရန် အချိန်အခါကောင်းဟု TNLA က ကြေညာ

by

in

စစ်ကောင်စီက သမိုင်းတွင် ကျဆုံးမှုများ ဆက်တိုက်ကြုံတွေ့နေရသဖြင့် နွေဦးတော်လှန်ရေးအင်အားစုများ စုပေါင်းရုန်းကန် အရှိန်အမြင့်ဆုံး တင်ကာ တော်လှန်ရေး အောင်ပွဲရယူရန် အချိန်အခါကောင်းဟု TNLA က ကြေညာ
🟥လူထုအစိုးရ အမြန်ဆုံး ပေါ်ပေါက်ရေး ဆောင်ရွက်သွားမည်
ရန်ကုန်၊ ဇန်နဝါရီ ၁၀

အကြမ်းဖက် စစ်ကောင်စီက သမိုင်းတွင် ကျဆုံးမှုများ ဆက်တိုက်ကြုံတွေ့နေရသဖြင့် နွေဦးတော်လှန်ရေးအင်အားစုများ စု ပေါင်းရုန်းကန် အရှိန်အမြင့်ဆုံးလွှင့်တင်ကာ တော်လှန်ရေး အောင်ပွဲရယူရန် အချိန်အခါကောင်းဖြစ်ကြောင်း တအာင်း TNLA က ယနေ့ ထုတ်ပြန်ကြေညာသည်။
ပလောင်ပြည်နယ်လွတ်မြောက်ရေးတပ်ဦး PSLF/TNLA ၏ နှစ်ပတ်လည်အစည်းအဝေးက ယင်းသို့ ထုတ်ပြန်ကြေညာလိုက်ခြင်းဖြစ်ပြီး အဆိုပါ အစည်းအဝေးကို ဇန်နဝါရီလ ၃ ရက်နေ့မှ ၇ ရက်နေ့ အထိ ၅ ရက်ကြာ ကျင်းပကာ အဖွဲ့ဝင် ၁၇၃ ဦး တက်ရောက်ခဲ့ကြောင်း သိရှိရသည်။
“ဖိအားအမျိုးမျိုးကြားမှ ရုန်းကန်နိုးထကြရသော တော်လှန်ရေး အင်အားစု အသီးသီးတို့သည် နိုင်ငံတဝန်း နယ်မြေအသီးသီးတွင် ဘုံရန်သူကို ထိုးစစ်ဆင် တော်လှန်နေကြသဖြင့် နစက မြန်မာစစ်ကောင်စီက သမိုင်းတွင်သည့် ကျဆုံးများနှင့် ဆက်တိုက်ကြုံတွေ့နေရကြောင်း၊ တိုင်းရင်းသား လက်နက်ကိုင်တော်လှန်ရေးအဖွဲ့အစည်းများ၊ နွေဦးတော်လှန်ရေးအင်အားစုများအားလုံး စုပေါင်းရုန်းကန်ပြီး တော်လှန်ရေးအရှိန်ကို အမြင့်ဆုံးလွှင့်တင်ကာ တော်လှန်ရေး အောင်ပွဲရယူရန် အချိန်အခါ ကောင်းဖြစ်သည်ဟု TNLA နှစ်ပတ်လည် အစည်းအဝေးက ရှုမြင်သုံးသပ်ကြောင်း ကြေညာထားသည်။
TNLA အနေဖြင့် တပ်မဟာ ၉ ခုအဖြစ် တိုးချဲ့ ပြင်ဆင်ခြင်းနှင့်အတူ မြို့ ၁၈ ခုပါဝင်သည့် ခရိုင် ၅ ခုကိုလည်း ပြင်ဆင်စုဖွဲ့ရန် သဘောတူခဲ့ကြောင်း၊ ၁၀၂၇ စစ်ဆင်ရေးအတွင်း ရရှိထားသည့် မြို့ ၁၂ ခု အပါအဝင် TNLA အခြေစိုက်ထားသည့် နယ်မြေဒေသများတွင် လုံခြုံရေး၊ တရားဥပဒေစိုးမိုးရေး၊ ပညာရေး၊ ကျန်းမာရေးနှင့် လူမှုဘ၀ဖွံ့ဖြိုးတိုးတက်ရေး ကိစ္စများကို ဦးဆောင် စီမံအုပ်ချုပ်သွားမည်ဖြစ်ပြီး လူထုအစိုးရ အမြန်ဆုံးပေါ်ပေါက်လာရေး ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ကြေညာသည်။
Photo- AFP ။