ရန်ကုန်-မန္တလေးအမြန်လမ်းနှင့် လမ်းခရီးတွင် Non-CDM အရာရှိများ ဖမ်းဆီးခံနေရသဖြင့် ခရီးသွားမည်ဆိုလျှင် ဝန်ထမ်း သက်သေအထောက်အထားများ၊ ဖုန်းအတွင်း ဌာနဆိုင်ရာ လုပ်ငန်းနှင့်ဓာတ်ပုံများ ပယ်ဖျက်ထားရန် အရေးပေါ် ညွှန်ကြား

by

in

ရန်ကုန်-မန္တလေးအမြန်လမ်းနှင့် လမ်းခရီးတွင် Non-CDM အရာရှိများ ဖမ်းဆီးခံနေရသဖြင့် ခရီးသွားမည်ဆိုလျှင် ဝန်ထမ်း သက်သေအထောက်အထားများ၊ ဖုန်းအတွင်း ဌာနဆိုင်ရာ လုပ်ငန်းနှင့်ဓာတ်ပုံများ ပယ်ဖျက်ထားရန် အရေးပေါ် ညွှန်ကြား
ရန်ကုန်၊ ဇန်နဝါရီ ၁၀

ရန်ကုန်-မန္တလေးအမြန်လမ်းနှင့် လမ်းခရီးတွင် Non-CDM အရာရှိများ ဆက်တိုက် ဖမ်းဆီးခံနေရသဖြင့် အရာရှိနှင့် ဝန်ထမ်းများ ခရီးသွားမည်ပါက ဝန်ထမ်းဖြစ်ကြောင်း သက်သေအထောက်အထားနှင့်လက်ကိုင် မိုဘိုင်းလ်ဖုန်းအတွင်း ဌာနဆိုင်ရာ လုပ်ငန်းနှင့်ဓာတ်ပုံများ လုံခြုံရေးအရ ပယ်ဖျက်ထားရန် ပြည်ထဲရေးဝန်ကြီးဌာနက အရေးပေါ် အသိပေးတိုက်တွန်းညွှန်ကြားလာကြောင်း သိရှိရသည်။
ပြည်ထဲရေးဝန်ကြီးဌာန အပါအဝင် ဌာနဆိုင်ရာ အရာရှိများ၊ ဝန်ထမ်းများအနေဖြင့် ရန်ကုန်-မန္တလေး အမြန်လမ်း အပါအဝင် လမ်းခရီးများတွင် ခရီးသွားမည်ဆိုပါက သက်ဆိုင်ရာဝန်ကြီးဌာန၏ ခွင့်ပြုချက် ရယူရန်၊ လမ်းကြောင်းအခြေအနေကို သက်ဆိုင်ရာ နယ်မြေများမှ စစ်တပ်၊ ရဲနှင့် ထွေ/အုပ်တို့ထံသို့မေးမြန်း စုံစမ်းရန်၊ ဝန်ထမ်းဖြစ်ကြောင်း သက်သေခံကတ်ပြားကို ယူဆောင်မသွားရန်၊ မိမိ၏ လက်ကိုင် ဖုန်းအတွင်း ဝန်ထမ်းအဖြစ် လုပ်ဆောင်နေသည့် ဌာနဆိုင်ရာ လုပ်ငန်းများ၊ ဓာတ်ပုံများအားလုံးကို ပယ်ဖျက်ထားရန် အပါအဝင် အသိပေး တိုက်တွန်းညွှန်ကြားချက်များကို ဌာနတွင်း ထုတ်ပြန်လာခြင်းဖြစ်ကြောင်း သိရှိရသည်။
“ဝန်ထမ်းတွေ ခရီးသွားမယ်ဆိုရင် လုံခြုံရေး သတိပြုဖို့ ညွှန်ကြားချက်ထွက်လာပါတယ်။ ယခင်ကလည်း ညွှန်ကြားခဲ့ပြီးသားဖြစ်ပေမယ့် အခုထပ်ပြီး ထပ်ဆင့် ညွှန်ကြားချက်ထွက်ပါတယ်။ ဌာနတွင်းမှာ ခရီးသွားမယ်ဆိုရင် ဘာတွေ ရှောင်ရမယ်ဆိုတာ ထပ်ဆင့် ရှင်းလင်းမှုတွေ လုပ်နေပါတယ်။ ဝန်ထမ်းကတ်၊ ဖုန်းထဲမှာ ဝန်ထမ်းနဲ့ပတ်သက်တာတွေ ထည့်သွင်းထားတွေ ဖျက်ဖို့ ၊ ဌာနဆိုင်ရာကားတွေ နဲ့သွားမယ်ဆိုရင် နယ်မြေခံ တပ်မတော်နဲ့ရဲတပ်ဖွဲ့ကို လုံခြုံရေးယူပေးဖို့ အကြောင်းကြားဖို့ ဆောင်ရန် ရှောင်ရန်တွေ အသိပေးပါတယ်” ဟု နေပြည်တော်၊ မီးသတ်ဦးစီးဌာနမှ အရာရှိတစ်ဦးက ပြောဆိုသည်။
ဇန်နဝါရီလ ၆ ရက်နေ့ ရှမ်းပြည်နယ်၊တောင်ကြီးမြို့ တာဝန်ကျ နေသော လက်ထောက်ညွှန်ကြားရေးမှူးနှင့် အင်ဂျင်နီယာမှုး သန်းထွန်းသည် မွေးရပ်ဇာတိ ရွှေတောင်မှ တာဝန်ကျရာ တောင်ကြီးသို့ အသွားတွင် စစ်ဆေးဖမ်းဆီးခံရကြောင်း ၊ သန်းထွန်း အသုံးပြုသည့် Toyota Surf ယာဉ်ပါ ဖမ်းဆီးခံထားရကြောင်း သိရှိရသည်။
အလားတူ ၂၀၂၄ ခုနှစ် ဒီဇင်ဘာလ ၂၇ ရက်နေ့ မွန်းလွဲ ၂ နာရီအချိန် ဒေသ တော်လှန်ရေးတပ်တစ်ခုဖြစ်သော Aung San’s Land Natmaukက ရန်ကုန်-မန္တလေး အမြန်လမ်း မိုင်တိုင်အမှတ် ၂၆၂ တွင် ရှောင်တခင် ဖမ်းဆီးစစ်ဆေးရာ မီးသတ်ဦးစီးဌာနမှ ညွှန်မှူး ရွှေဘနှင့် ဒေါ်ခင်နွဲ့ရွှေတို့ကို ဖမ်းဆီးရရှိခဲ့ကြောင်း၊ ထို့အတူ ၂၀၂၄ ခုနှစ် ဒီဇင်ဘာလ ၃၁ ရက်နေ့ ရန်ကုန်-မန္တလေး အမြန်လမ်း မိုင်တိုင်အမှတ် ၂၆၂ ဝန်းကျင်တွင် စစ်ကောင်စီ၏ ထောက်ပို့တပ်မှ တပ်ကြပ် ၁ ဦး၊ ပျူစောထီး ၁ ဦး၊ ကပစ စစ်သား ၁ ဦး နှင့် ဗိုလ်ကြီး တစ်ဦး၏ ဇနီးဖြစ်သူ ဒေါ်ယယုယုခိုင်တို့ကိုလည်း ဖမ်းဆီးရရှိခဲ့ကြောင်း သိရှိရသည်။
ဓာတ်ပုံ- တိုယိုတာ Surf ကားနှင့်အတူ ဖမ်းဆီးခံလိုက်ရသည့် ဆောက်လုပ်ရေးဝန်ကြီးဌာန လက်/ညွှန် သန်းထွန်း၊ ဖမ်းဆီးခံထားရသည့် မီးသတ်ညွှန်မှူး ရွှေဘနှင့် ဗိုလ်ကြီး ဇနီး ဒေါ်ယုယုခိုင်။