အကြမ်းဖက် စစ်ခေါင်းဆောင်များတွင် နိုင်ငံရေးပြဿနာကို ငြိမ်းချမ်းစွာ တွေ့ဆုံဆွေးနွေးအဖြေရှာရန် မူဝါဒ မရှိကြောင်း လေကြောင်းတိုက်ခိုက်မှုများက သက်သေပြနေဟု AA က ပြောဆို
ရန်ကုန်၊ ဇန်နဝါရီ ၁၀
အကြမ်းဖက် စစ်ခေါင်းဆောင်များတွင် နိုင်ငံရေးပြဿနာကို ငြိမ်းချမ်းစွာ တွေ့ဆုံဆွေးနွေးအဖြေရှာရန် မူဝါဒ မရှိကြောင်း လေကြောင်းတိုက်ခိုက်မှုများက သက်သေပြနေကြောင်း AA ပြောခွင့်ရပုဂ္ဂိုလ် ခိုင်သုခက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။
ဇန်နဝါရီလ ၈ ရက်နေ့ ရခိုင်ပြည်၊ ရမ်းဗြဲကျွန်း ၊ ကျောက်နီမော်ကျေးရွာကို စစ်တပ်က လေကြောင်းတိုက်ခိုက်သဖြင့် ပြည်သူ ၄၀ သေဆုံးခဲ့ပြီးနောက် AA ပြောခွင့်ရပုဂ္ဂိုလ် ခိုင်သုခက အထက်ပါအတိုင်းပြောဆိုခြင်းဖြစ်သည်။
အကြမ်းဖက် စစ်ခေါင်းဆောင် မင်းအောင်လှိုင် အပါအဝင် စစ်ကောင်စီတွင် နိုင်ငံရေးအရ ပြဿနာများကို ငြိမ်းချမ်းစွာ တွေ့ဆုံဆွေးနွေး အဖြေရှာရန် မူဝါဒ မရှိသည်ကို လေကြောင်းတိုက်ခိုက်မှုများက ရှင်းရှင်းလင်းဖော်ပြနေကြောင်း ၎င်းက ဆိုသည်။
“အကြမ်းဖက်ဖက်ဆစ်စစ်ကောင်စီရဲ့ အကြမ်းဖက် ဆိုးရွားတဲ့ ဒီဆက်တိုက် ကျူးလွန်မှုတွေကို ကြည့်ရင် သူတို့ ဖက်ဆစ် စစ်ခေါင်းဆောင်တွေဘက်မှာ နိုင်ငံရေး ပြဿနာကို ငြိမ်းချမ်းစွာ တွေ့ဆုံဆွေးနွေး အဖြေရှာဖို့ မူဝါဒ မရှိသေးဘူးဆိုတာ ရှင်းရှင်းလင်းလင်း ဖော်ပြနေတာဖြစ်ပါတယ်” ဟု ခိုင်သုခက ပြောဆိုသည်။
အကြမ်းဖက်စစ်ကောင်စီကအနေဖြင့် အရပ်သားပြည်သူများကို ဦးတည် တိုက်ခိုက်နေခြင်းသည် စစ်ရာဇဝတ်မှု ကျူးလွန်ခြင်း ဖြစ်သည့်အပြင် နိုင်ငံတကာစံချိန်စံညွန်ဖြစ်သော ဂျနီဗာကွန်ဗန်းရှင်းကိုလည်း ချိုးဖောက်နေကြောင်း ၎င်းက ဆက်လက် ပြောဆိုသည်။
“ဘာတိုက်ပွဲမှ မရှိဘဲ တည်ငြိမ်အေးချမ်းတဲ့နေရာက အရပ်သားပစ်မှတ်တွေကို ရည်ရွယ်ချက်ရှိရှိ ပစ်ခတ် သတ်ဖြတ် မီးလောင်တိုက်သွင်းပစ်တဲ့ အကြမ်းဖက် ဖက်ဆစ်စစ်ကောင်စီရဲ့ လုပ်ရပ်ဟာ အထူးယုတ်မာရက်စက် သူရဲဘောကြောင်သူတွေရဲ့ လူမဆန်တဲ့ လုပ်ရပ်ဖြစ်ပါတယ်။ ဒါက ဆိုးရွားတဲ့ စစ်ရာဇဝတ်မှု ဖြစ်သလို ဂျနီဗာ ကွန်ဗန်းရှင်းကိုလည်း ပြောင်ပြောင် တင်းတင်း ချိုးဖောက်တာဖြစ်ပါတယ်” ဟု ခိုင်သုခက ပြောဆိုသည်။
ယခုအခါ AA က ရခိုင်ပြည်တွင် မြို့နယ်ပေါင်း ၁၄ ခုကို တိုက်ခိုက်သိမ်းပိုက်ထားပြီး တိုက်ပွဲများမှာ ရခိုင်ပြည်နှင့် ထိစပ်နေသော ဧရာ၀တီတိုင်း၊ ပဲခူးတိုင်းနှင့် မကွေးတိုင်းတို့အထိပါ တဖြည်းဖြည်း ကျယ်ပြန့်လာနေကြောင်း စစ်ရေး သတင်းရင်းမြစ်များထံမှ သိရှိရသည်။