စစ်သားနှင့်ဝန်ထမ်းများအားလုံး စစ်ရာဇဝတ်ကောင် မင်းအောင်လှိုင်နှင့်အတူ ဘ၀ကို ပေးဆပ်မည်လား၊ ရုန်းထွက်မည်လား နောက်ဆုံး ရွေးရမည့် အချိန်ရောက်နေပြီး ပြည်သူကို ဆန့်ကျင်သူ မှန်သမျှ နိဂုံးမကောင်းနိုင်ဟု NUG ဝန်ကြီးချုပ် သတိပေး
ရန်ကုန်၊ ဇန်နဝါရီ ၂ .
အကြမ်းဖက် စစ်ကောင်စီလက်အောက်ခံ စစ်သားနှင့်ဝန်ထမ်းများအားလုုံး စစ်ရာဇဝတ်ကောင် မင်းအောင်လှိုင်နှင့်အတူ ဘ၀ ကို ပေးဆပ်မည်လား၊ ရုန်းထွက်မည်လား နောက်ဆုံး ရွေးချယ်ရမည့် အချိန်ရောက်ရှိနေပြီဖြစ်ကြောင်း အမျိုးသားညီညွတ် ရေးအစိုးရ- NUG ဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းက သတိပေးပြောဆိုလိုက်သည်။
အမျိုးသားညီညွတ်ရေးအစိုးရပြည်ထောင်စုဝန်ကြီးချုပ်၏ နှစ်သစ်ကူး ဆုတောင်းစကားတွင် ၎င်းက အထက်ပါအတိုင်း ထည့်သွင်းပြောဆိုခြင်းဖြစ်သည်။
အကြမ်းဖက်စစ်ကောင်စီလက်အောက်တွင် တာဝန်ထမ်းဆောင်နေကြသည့် စစ်သည်များနှင့် ဝန်ထမ်းများအနေဖြင့် လက်ရှိ နိုင်ငံ၏ အခြေအနေကို လေ့လာသုံးသပ်ပြီး သေချာစဉ်းစားရမည့်အချိန် ရောက်ရှိပြီဖြစ်ကြောင်း ၎င်းက ဆိုသည်။
” အကြမ်းဖက်ခေါင်းဆောင် မင်းအောင်လှိုင်ရဲ့ လက်အောက် မှာ တာဝန်ထမ်းဆောင်နေတဲ့ စစ်သည်တွေနဲ့ဝန်ထမ်းတွေကို အထူးပြောကြားလိုတာလည်း ရှိပါတယ်။ လက်ရှိ နိုင်ငံရဲ့ အခြေအနေတွေကို သေချာလေ့လာသုံးသပ်ပြီး မိမိအတွက်၊ မိမိ မိသားစုတွေရဲ့ အနာဂတ်အတွက် သေချာ စဉ်းစားရမယ့်အချိန် ဖြစ်နေပါပြီ။ စစ်ရာဇဝတ်ကောင်နဲ့အတူ မိမိတို့ဘဝတွေကို ပေးဆပ်မလား၊ အသိမှန်၊ အမြင်မှန်ရပြီး ရုန်းထွက်မလားဆိုတာကတော့ မိမိတို့ရဲ့ ရွေးချယ်မှုပဲ ဖြစ်ပါတယ်။ ကျနော်တို့အနေနဲ့တော့ အသိအမြင်မှန်တွေ ရရှိပြီး ပြည်သူ့ဘက် ကူးပြောင်းလာမဲ့သူတွေကို အမြဲကြိုဆိုနေကြောင်း ပြောကြားလိုပါ တယ်” ဟု ဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းက ပြောဆိုသည်။
လက်ရှိအချိန်သည် ပြည်သူများနှင့် ပူးပေါင်းရန် နောက်ဆုံးအခွင့်အရေးနှင့်အချိန်ဖြစ်ကြောင်း ၊ ပြည်သူနှင့်ဆန့်ကျင်သော မည်သူမဆို ကောင်းမွန်သော နိဂုံးရှိမည်မဟုတ်ကြောင်း ၎င်းက သတိပေးသည်။
” ယခုအချိန်ကတော့ ပြည်သူနဲ့ပူးပေါင်းဖို့ နောက်ဆုံးအခွင့်အရေးလည်း ဖြစ်ပါတယ်။ ဒီအခွင့်အရေးကို လက်လွတ်မခံဘဲ နိုင်ငံ့အနာဂတ်တည်ဆောက်ရေးမှာ အုတ်တစ်ချပ် သဲတစ်ပွင့်အနေနဲ့ ပါဝင်ဖို့ အထူး တိုက်တွန်း လိုပါကြောင်းနဲ့ ပြည်သူ့ဆန္ဒတွေကို ဆန့်ကျင်တဲ့ မည်သူမဆို ကောင်းမွန်တဲ့နိဂုံးရှိမှာ မဟုတ်ဘူး ဆိုတာကိုလည်း သတိပေးပြောကြားလိုပါတယ်” ဟု ဝန်ကြီးချုပ်က ဆက်လက် သတိပေးသည်။
ထို့ပြင် NUG အစိုးရအနေဖြင့် တော်လှန်ရေးအတွက် ပိုမိုကောင်းမွန်ထိရောက်သည့် စုဖွဲ့လုပ်ဆောင်မှုများကို ပြုပြင်ပြောင်းလဲ ဆောင်ရွက်သွားမည်ဖြစ်ပြီး အုပ်ချုပ်ရေးဆိုင်ရာ၊ စစ်ရေးဆိုင်ရာ အားနည်းချက်များကိုလည်း ကြိုးစားပြင်ဆင်သွားရန် အသင့်ဖြစ်နေကြောင်း၊ အရှိန်ပြင်းပြင်း သွားနေသည့် စစ်ရေး လှုပ်ရှားမှုများနှင့်အတူ နိုင်ငံရေးဆိုင်ရာ ပေါင်းစပ်ညှိနှိုင်းရင်း ပြင်ဆင်သွားရမည့် ကဏ္ဍများတွင်လည်း အားစိုက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ CDM များ၊ သပိတ်အင် အားစုများ အပါအဝင် ပြည်သူ တစ်ဦးတစ်ယောက်ချင်းစီကို အထူးလေးစားဂုဏ်ယူကြောင်း ၎င်းက ပြောဆိုသွားသည်။