ရန်ကုန်တွင် နှစ်သစ်ကူးနေ့ ညပိုင်း စစ်တပ်ပိုင် အမှတ် ၃ သံမဏိစက်ရုံနှင့် ရွှေပေါက်ကံအထွေထွေအုပ်ချုပ်ရေးမှူးရုံးကို ဗုံးခွဲတိုက်ခိုက်

ရန်ကုန်တွင် နှစ်သစ်ကူးနေ့ ညပိုင်း စစ်တပ်ပိုင် အမှတ် ၃ သံမဏိစက်ရုံနှင့် ရွှေပေါက်ကံအထွေထွေအုပ်ချုပ်ရေးမှူးရုံးကို ဗုံးခွဲတိုက်ခိုက်
ရန်ကုန်၊ ဇန်နဝါရီ ၁

ရန်ကုန်တွင် ယမန်နေ့ နှစ်သစ်ကူးသည့်နေ့ ညပိုင်း စစ်တပ်ပိုင် အမှတ် ၃ သံမဏိစက်ရုံနှင့် ရွှေပေါက်ကံအထွေထွေအုပ်ချုပ်ရေးမှူးရုံးကို ဗုံးခွဲတိုက်ခိုက်ခဲ့ကြောင်း ရန်ကုန်မြို့ပြ တော်လှန်ရေးအဖွဲ့များက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုကြသည်။
ဒီဇင်ဘာလ ၃၁ ရက်နေ့ ည ၁၁ နာရီ ၄၀ မိနစ်အချိန် ရန်ကုန်တိုင်း၊ အင်းစိန်မြို့နယ်၊ ရွာမရှိ အကြမ်းဖက် စစ်ကောင်စီလက်အောက်ခံ စစ်တပ်ပိုင် အမှတ် ၃ သံမဏိစက်ရုံတွင် သောက်စားမူးယစ်နေသော စစ်ကောင်စီတပ်ဖွဲ့များကို Yangon Army (YA) က မိုင်း ၃ လုံးကို လက်ပစ်ဗုံးကပ်ပြီး ထိထိရောက်ရောက်တိုက်ခိုက်နိုင်ခဲ့ကြောင်း အဆိုပါ အဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။
“စစ်ခွေးတွေကို ထိခိုက်စေဖို့ သေချာတိုက်ခိုက်ခဲ့ပါတယ်။ နောက်ထပ်ပစ်မှတ်တွေကိုလည်း အကြမ်းဖက်စစ်အာဏာရှင်မပြုတ်မချင်း ဆက်လက်၍ တိုက်ခိုက်ချေမှုန်းသွားမှာဖြစ်ပါတယ်” ဟု Yangon Army(YA) မှ တာဝန်ရှိသူက ရှင်းပြသည်။
အလားတူ ယနေ့ နှစ်သစ်ကူးနေ့ မြောက်ဥက္ကလာပမြို့နယ်၊ ရွှေပေါက်ကံ အထွေထွေအုပ်ချုပ်ရေးမှူးရုံးတွင် လုံခြုံရေးကင်း တာဝန်ကျနေသော စစ်ကောင်စီတပ်ဖွဲ့ဝင်များကို ဖောက်ခွဲတိုက်ခိုက်ခဲ့ကြောင်း၊ နှစ်ကူးချိန် စစ်ကောင်စီတပ်ဖွဲ့ဝင်များ မူးရူးနေချိန် ဖောက်ခွဲတိုက်ခိုက်ခဲ့ခြင်းဖြစ်၍ အထိအခိုက် အခြေအနေကို လတ်တလော မသိရှိရသေးကြောင်း မြောက်ဥက္ကလာပမြို့နယ်ပြည်သူ့ကာကွယ်​ရေးအဖွဲ့ (ပကဖ)က ထုတ်ပြန် ကြေညာသည်။
“ညပိုင်းကတော့ ရွှေပေါက်ကံမယ် ဗုံးပေါက်သံလိုလို မီးရူးပေါက်သံလိုလိုတော့ အကျယ်ကြီးတော့ ကြားရတယ်။ ဆူညံ့ပွတ်လောရိုက်နေတော့ ဗုံးသံလား၊ မီးရှုး ပေါက်သံလာတော့ မခွဲနိုင်ဘူး။ အသံကတော့ အုန်းကနဲ တော်တော်တော့ ကျတယ်တယ်” ဟု ရွှေပေါက်ကံမှ ပြည်သူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။