မင်းအောင်လှိုင်ကို ICC က ဖမ်း၀ရမ်းထုတ်ရန် လျှောက်ထားမှုအပေါ် အာဆီယံ ပါလီမန်အမတ်များအဖွဲ့က ထောက်ခံကြိုဆို
ရန်ကုန်၊ နိုဝင်ဘာ ၃၀
အကြမ်းဖက်မင်းအောင်လှိုင်ကို နိုင်ငံတကာရာဇဝတ်တရားရုံး ICC က ဖမ်း၀ရမ်းထုတ်ရန် လျှောက်ထားမှုအပေါ် လူ့အခွင့်အရေးဆိုင်ရာ အာဆီယံ ပါလီမန်အမတ်များအဖွဲ့ (APHR) က ခိုင်ခိုင်မာမာ ကြိုဆိုထောက်ခံကြောင်း နိုဝင်ဘာလ ၂၈ ရက်နေ့တွင် ထုတ်ပြန်ကြေညာသည်။
ရခိုင်ပြည်မှ ရိုဟင်ဂျာကို မောင်းထုတ်ခြင်းနှင့် လူသားမျိုးနွယ်အပေါ် ကျူးလွန်သည့် ရာဇ၀တ်မှုများအတွက် မင်းအောင်လှိုင်ကို ဖမ်းဝရမ်းထုတ်ရန် လျှောက်လွှာတင်မှုသည် ကြိုဆိုရမည်ဖြစ်ပြီး လူ့အခွင့်အရေး ချိုးဖောက်သူများကို တာဝန်ခံစေသော လုပ်ရပ်လည်းဖြစ်ကြောင်း APHR က ပြောဆိုထားသည်။
APHR ဥက္ကဋ္ဌနှင့် အင်ဒိုနီးရှား အောက်လွှတ်တော် အဖွဲ့ဝင် Mercy Chriesty Barends က “မင်းအောင်လှိုင်ကို ဖမ်းဆီးဖို့ ICC ရှေ့နေချုပ် Karim Khan ရဲ့ ဆုံးဖြတ်ချက်ကို လေးလေးနက်နက် ကြိုဆိုပါတယ်။ နှစ်ပေါင်းများစွာ စေ့စေ့စပ်စပ် သက်သေအထောက်အထားများ စုဆောင်းပြီးနောက်၊ ဤလုပ်ရပ်သည် လူ့အခွင့်အရေး ချိုးဖောက်မှု ကျူးလွန်သူများအား ကြီးလေးသော လူ့အခွင့်အရေး ချိုးဖောက်မှုများအား ကျူးလွန်သူများအား တာဝန်ခံရန် ကတိကဝတ်ပြုမှုအတွက် နိုင်ငံတကာ အသိုက်အဝန်းက ခိုင်မြဲမြဲရပ်တည်နေမည် ဖြစ်ကြောင်း အားကောင်းသည့် သတင်းစကား ဖြစ်ပါတယ်” ဟု ပြောဆိုသည်။
APHR ပူးတွဲဥက္ကဌလည်းဖြစ် မလေးရှားပါလီမန်အမတ်ဟောင်း Charles Santiago က “၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလက အာဏာသိမ်းပြီးနောက်ပိုင်း စစ်တပ်က ကျူးလွန်ခဲ့တဲ့ မရေမတွက်နိုင်တဲ့ ရက်စက်ကြမ်းကြုတ်မှုတွေရဲ့ သားကောင်တွေအတွက် တရားမျှတမှုကို ရှာဖွေရာမှာ ICC နဲ့အတူ ကျနော်တို့ ပြတ်ပြတ်သားသား ရပ်တည်နေပါတယ်။ ရိုဟင်ဂျာလူမျိုးတွေနဲ့ ပဋိပက္ခဖြစ်ပွားနေသောနိုင်ငံအတွင်း ကြောက်မက်ဖွယ်လိင်ပိုင်းဆိုင်ရာအကြမ်းဖက်မှုခံနေရသော အမျိုးသမီးနှင့် မိန်းကလေးအများအပြား အတွက် တရားမျှတမှုရှိရမယ်၊ တာဝန်ခံမှုဆိုတာ ညှိနှိုင်းလို့မရပါဘူး။”ဟု ဆိုသည်။
မင်းအောင်လှိုင်ကို အမြန်ဆုံး ဖမ်း၀ရမ်းထုတ်ပေးရန် ICC တရားသူကြီးများကို APHR က ဆက်လက်တောင်းဆို တိုက်တွန်းထားသည်။
“မင်းအောင်လှိုင်လက်ထက်က စစ်တပ်က ကျူးလွန်ခဲ့တဲ့ ကြီးလေးတဲ့ရာဇ၀တ်မှုတွေဟာ အမြင့်ဆုံးအဆင့်မှာ မြန်မြန်ဆန်ဆန်နဲ့ အလျှော့မပေးဘဲ တာဝန်ခံဖို့ တောင်းဆိုတယ်။ ဒါကြောင့် မင်းအောင်လှိုင်ကို ဖမ်းဝရမ်းထုတ်ဖို့ ICC တရားသူကြီးတွေကို တောင်းဆိုပါတယ်” ဟု APHR ဘုတ်အဖွဲ့ဝင်နှင့် လွှတ်တော်အမတ်ဟောင်း ဦးရွှေမောင်က ပြောကြားခဲ့သည်။
မြန်မာစစ်ခေါင်းဆောင်များကို ICC ၏ စုံစမ်းစစ်ဆေးမှုနှင့် တရားစွဲဆိုခြင်းကို ထောက်ခံအားပေးရန်အတွက် ကုလသမဂ္ဂ၊ နိုင်ငံတကာနှင့်အတူ အာဆီယံအဖွဲ့ဝင်နိုင်ငံအားလုံးကို APHR က တိုက်တွန်းသည်။
“အရှေ့တောင်အာရှက လက်ရှိ လွှတ်တော်အမတ်ဟောင်းတွေ ပါဝင်တဲ့ APHR က မြန်မာ အကျပ်အတည်းကို ဖြေရှင်းရာမှာ ခိုင်မာပြတ်သားတဲ့ အရေးယူဆောင်ရွက်မှုတွေလုပ်ဖို့ အာဆီယံကို ထပ်ခါထပ်ခါ တောင်းဆိုထားပါတယ်” ဟု APHR ဘုတ်အဖွဲ့ဝင်လည်းဖြစ်သည့် ထိုင်းပါလီမန်အမတ် Kasit Piromya က ပြောသည်။
မြန်မာပြည်သူများအတွက် တရားမျှတမှုရရှိရေး အာဆီယံအနေဖြင့် စစ်တပ်အပေါ် အကာအကွယ်ပေးခြင်းနှင့် ထိရောက်မှု မရှိသော မူဘောင်ချမှတ်ခြင်းများကို အဆုံးသတ်ရန်လည်း APHR က တောင်းဆိုသည်။
“အာဆီယံ ဥက္ကဋ္ဌတာဝန်သစ် စတင်လိုက်တာနဲ့ အကြမ်းဖက်မှုကျူးလွန်သူများကို အကာအ ကွယ်ပေးခြင်းနှင့် ထိရောက်မှုမရှိတဲ့ မူဘောင်များ ချမှတ်ခြင်းပုံစံကို အဆုံးသတ်ရမည်ဖြစ်ကြောင်း၊ တရားမျှတမှုနဲ့ လူ့အခွင့်အရေးကို တည်ဆောက်ထားတဲ့ မြန်မာနိုင်ငံအတွက် အာဆီယံရဲ့ တက်ကြွစွာ ချန်ပီယံဖြစ်ဖို့ အချိန်တန်ပြီ” ဟု APHR ဘုတ်အဖွဲ့ဝင်နှင့် ဖိလစ်ပိုင် အောက်လွှတ်တော် အဖွဲ့ဝင် Arlene Brosas က ပြောဆိုသည်။
အကြမ်းဖက်စစ်ကောင်စီကမူ ICC ၏ ဆောင်ရွက်ချက်များကို အသိအမှတ်ပြုမည်မဟုတ်ကြောင်း တရားဝင် တုံ့ပြန်ပြောဆိုထားသည်။
ဓာတ်ပုံ- ICC တရားရုံး၏ တရားခွင်တစ်ခု။