ဒလမြို့နယ်တွင် စစ်တပ်ဘက်တော်သား အမျိုးသမီးတစ်ဦးက စည်ပင်၊ ဌာနဆိုင်ရာများနှင့်ပူးပေါင်း၍ မြေဂရန်အတုများဖြင့် ပြည်သူပိုင်မြေကွက်များကို လူမိုက်များဖြင့် ခြိမ်းခြောက် လိုက်လံသိမ်းယူ

ဒလမြို့နယ်တွင် စစ်တပ်ဘက်တော်သား အမျိုးသမီးတစ်ဦးက စည်ပင်၊ ဌာနဆိုင်ရာများနှင့်ပူးပေါင်း၍ မြေဂရန်အတုများဖြင့် ပြည်သူပိုင်မြေကွက်များကို လူမိုက်များဖြင့် ခြိမ်းခြောက် လိုက်လံသိမ်းယူ
ရန်ကုန်၊ မေ ၂၇

ရန်ကုန်တိုင်း ဒလမြို့နယ်၊ မှော်စက်ရပ်ကွက် ၊ ရာဇသင်္ကြန်လမ်းနှင့် ဝိဓူရလမ်းကြားရှိ ပြည်သူပိုင်နေရာများကို စစ်တပ်ဘက်တော်သား အမျိုးသမီး တစ်ဦးက စည်ပင်များ အပါအဝင် ဌာနဆိုင်ရာများကို လာဘ်ထိုး၍ မြေဂရန်အတုများဖြင့် ၎င်းပိုင်ဆိုင်သည်ဟုဆိုကာ ရပ်ကွက်နေပြည်သူများကို လူမိုက်များနှင့် ခြိမ်းခြောက်မောင်းထုတ်နေကြောင်း သိရှိရသည်။
မေလ ၂၅ ရက်နေ့တွင် စစ်တပ်နှင့် ရင်းနှီးပိုင်နိုင်သူ ဒေါ်ခင်ခင်စိုးဆိုသူက ဒလမြို့နယ်၊ မှော်စက်ရပ်ကွက် ၊ ရာဇသင်္ကြန်လမ်းနှင့် ဝိဓူရလမ်းကြား ပြည်သူပိုင်နေအိမ်များကို ၎င်းပိုင်ဆိုင်သည်ဟုဆိုကာ ကျူးကျော်ခြံခတ်ခြင်းကို ပြုလုပ်လာကြောင်း ၊ ဒေါ်ခင်ခင်စိုး ကိုင်ဆောင်သည့် ဂရန်အတု မြေကွက်မှာ မြေဧက ၁ ဒသမ ၈၃၆ ဧကထိရှိကြောင်း ၊ ပါမစ်အတု ဂရံအတုများကိုင်၍ ရပ်ကွက်နေပြည်သူလူထုကို ဂရန်ရပြီးဟု လိမ်လည်ပြောဆိုကာ ကြိမ်းမောင်းနှင်ထုတ်ခြင်းများကို အကြိမ်ကြိမ် လာရောက်ပြုလုပ်ခဲ့ကြောင်း၊ အချို့ပြည်သူများမှာ မူ လမ်းစရိတ်သာသာ ငွေပမာဏကို ယူ၍ ကြောက်လန့် ထွက်ခွာသွားရကြောင်း ရပ်ကွက်နေပြည်သူများထံမှ သိရှိရသည်။
“အထောက်အထားတွေအပြည့်ပါပဲရှင်။ နှစ်ပေါင်း ၈၀ ကျော်ရှိပါပြီ။ အိုးအိမ်က အထောက်အထားများ၊ မြို့နယ်အထောက်အထားများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးခေတ်အဆက်ဆက်အထောက်အထားတွေပြည့်လုပ်ငန်းလုပ်စင်တွေလည်း ရှိကြပါတယ်”ဟု ရပ်ကွက်နေ ပြည်သူတစ်ဦးက ပြောဆိုသည်။
နိုင်ငံရေးမတည်ငြိမ်မှုများကို အခွင့်ကောင်းယူကာ ဒလမြို့နယ်အတွင်းရှိ ပြည်သူလူများနေထိုင်လျက်ရှိသော မြေနေရာများကို အတင်းအဓမ္မ ခြံစည်းရိုးများကာရံ၍ လုယူသိမ်းပိုက်နေခြင်း ဖြစ်ပြီး ဒေါ်ခင်ခင်စိုးက စည်ပင် သာယာရေးကော်မတီ၊ မြို့ပြမြေစီမံကိန်းနှင့် မြေစီမံခန့်ခွဲမှုဌာနမှ ဌာနမှူး၊ ဒုဌာနမှူးများဖြင့် ပူးပေါင်း၍ မြေချပါမစ်အတုများ ပြုလုပ်ခဲ့ခြင်း ဖြစ်ကြောင်း သိရှိရသည်။
ထို့ပြင် ဘိုးဘွားပိုင်မြ၊ အိုးအိမ်မြေ၊ လုပ်ငန်းလိုင်စင်ရှိသောသူများကိုပင် ခြံစည်းရိုးကာရန်ခြင်း၊ ကျူးကျော်ခြင်းများ ပြုလုပ်လျက်ရှိကြောင်း၊ ပြည်သူများ ဌာနဆိုင်ရာသို့ တိုင်ကြားခြင်းများ လုပ်ဆောင်ခဲ့သော်လည်း မျက်ကွယ်ပြုနေကြောင်း ရပ်ကွက်နေ ပြည်သူများထံမှ သိရှိရသည်။
“အဲဒီ မြေဂရန်အတု မြေ ၁ ဒသမ ၈ ဧကမှာ ဘိုးဘွားပိုင်မြေပိုင်ရှင် ၃ နေရာ၊ စက်မှုမြေအမျိုးအစား ၃ နေရာနဲ့ တခြ​ေ​ြအထောက် အထားတွေနဲ့ မြေတွေလည်း ပါဝင်ပါတယ်”ဟု ရပ်ကွက်နေ ပြည်သူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ပြောကြားသည်။
အဆိုပါ မှော်စက်ရပ်ကွက် ၊ ရာဇသင်္ကြန်လမ်းနှင့် ဝိဓူရလမ်းကြားတွင် ယခင်က အိမ်ခြေ ၇၀ ကျော်ရှိပြီး လက်ရှိတွင် အိမ်ခြေ ၃၅ လုံး သာ ရှိတော့ကြောင်း၊ ပြည်သူအချို့မှာ ခြိမ်းခြောက်ခြင်းများကြောင့် ပိုက်ဆံ အနည်းငယ်သာ ယူ၍ ထွက်သွားရသည်များ၊ စာရွာပြောင်ပေါ်တွင် လက်မှတ်ရေးထိုးကာ ထွက်သွားရသူများရှိကြောင်း ရပ်ကွက်နေပြည်သူများ ထံမှ သိရှိရသည်။
“အခုကျန်တွေတဲ့လူတွေကတော့ ပါမစ်အတုကြီးမှန်းသိပြီး မကြောက်တဲ့လူတွေပါ။ စာရွက်တွေရှိတယ်လည်းပြောသေး/ ဘာလို့ကြောက်တာလဲလို့မေးရင် အမျိုးမျိုးခြိမ်းခြောက်မှုပေါင်းများစွာပဲ။ ဒီမိန်းမတယောက်တည်းဆိုလူတွေက မကြောက်ပေမဲ့ အနောက်ကနေ ကြိုးကိုင်နေတဲ့လူတွေကကြီးကြီးအကောင်တွေရှိလို့ ဘယ်လိုမှမတတ်နိုင်ခဲ့ဘူး။ အထက်တွေလည်း တင်ပြပါသေးတယ်။ အကုန်လုံးပေါင်းထားကြတယ် “ဟု ရပ်ကွက်နေပြည်သူတစ်ဦးက ပြောကြားသည်။
ဒလမြို့နယ်တွင် ဒေါ်ခင်ခင်စိုးက ပြည်သူ့နေရာများကို လိုက်ယူနေ၍ ပြည်သူများက အမှုဖွင့်ထားသော်လည်း ထိရောက်မှုမရှိကြောင်း၊ ဒလမြို့နယ်အတွင်းတွင်ပင် မြေကွက်ပေါင်း ၆ ကွက်ကို လု ယူထားကြောင်း၊ ပြည်သူများမှာ ဒေါ်ခင်ခင်စိုးကို မျက်မြင်တွေ့ဖူးခြင်းမရှိဘဲ လူမိုက်များနှင့်သာ လုပ်ဆောင်ခြင်း ဖြစ်ကြောင်း၊ လက်ရှိတွင် ဒေါ်ခင်ခင်စိုးသည် ဗိုလ်တထောင်မြို့နယ်တွင် နေထိုင်သည်ဟု သိရှိရကြောင်း ပြောဆိုကြသည်။